အာဆင်ဝင်းဂါး ၊ ဂွာဒီယိုလာ ၊ မော်ရင်ဟို တို့ သုံးဦးရဲ့ အားသာချက် နဲ့ ကွဲပြား ခြားနားချက်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့ ဖာဘရီဂက်စ်

စပိနိ ကွင်းလယ်လူ ဖာဘရီဂက်စ် ဟာ ဘောလုံးလောက ရဲ့ နာမည်ကျော် နည်းပြ သုံးဦး ဖြစ်တဲ့ အာဆင်ဝင်းဂါး ၊ ဂွာဒီယိုလာ ၊ မော်ရင်ဟို တို့ လက်အောက်မှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး နည်းပြ သုံးဦး နဲ့ လက်တွဲ ရတဲ့ အတွေ့အကြုံတွေကို ဝေမျှ ပေးသွားခဲ့ပါတယ် ။

လက်ရှိ မိုနာကို အသင်းမှာ ကစားနေတဲ့ ဖာဘရီဂက်စ် ဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို အာဆင်နယ် အသင်းမှာ စတင်ခဲ့ပြီး ၊ အဲ့နောက်မှာတော့ ဘာစီလိုနာ ၊ ချဲလ်ဆီး အသင်းတွေကို ပြောင်းရွှေ့ ကစား ခဲ့ပါတယ် ။

ဖာဘရီဂက်စ် ဟာ မန်ယူနိုက်တက်​ နောက်ခံလူဟောင်း ရီယို ဖာဒီနန် တို့ဟာ Five’s News Locker Room YouTube Series အစီအစဉ်မှာ နည်းပြ သုံးဦး ရဲ့ အားသာချက် နဲ့ ကွဲပြား ခြားနားချက်ကို အခုလို ရှင်းပြ သွားခဲ့ပါတယ် ။

” အာဆင်ဝင်းဂါး က လူငယ် ကစားသမားတွေ အတွက် အကောင်းဆုံး နည်းပြ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ် ၊ သူ့ထက် ပိုကောင်းတဲ့ နည်းပြမျိုး မတွေ့ဖူးသေးပါဘူး ၊ သူက ခင်ဗျားကို အခွင့်အရေး ပေးမှာ ဖြစ်သလို သင်လည်း သင်ပေးမှာပါ ၊ သူက လူငယ်တွေကို ဘယ်လို နေထိုင်ရမယ် ၊ ဘယ်လို ကစားရမလဲ ဆိုတာကို သင်ပေးပါတယ် ။ ”

” ကစားသမားတွေနဲ့ အချိန်ကို အကျိုးရှိအောင် ဘယ်လို ကုန်ဆုံး ရမလဲ ကောင်းကောင်းသိသူပါ ၊သူကစားစေချင်တဲ့ ပုံစံ အတိုင်း အသင်းသားတွေကို အတိအကျ သင်ကြား ပေးနိုင်သူပါ ။ အခု ခေတ်ဆို လူငယ်တွေကို စိတ်ရှည် သည်းခံမှု မရှိကြတော့ပါဘူး ၊ ဖိအားတွေက များသလို ၊ ပရိသတ်တွေကလည်း အနိုင်ရဖို့ကို စိတ်အားထက်သန်ကြတာပါ ။ ”

” ဒါပေမယ့် အာဆင်းကတော့ စိတ်ရှည်ပါတယ် ၊ ခင်ဗျား ကစားပုံ တစ်ပွဲ မကောင်းဘူး ဆိုရင်တောင် နောက်ထပ် အခွင့်အရေး ထပ်ပေးပါတယ် ၊ လူငယ် ကစားသမားတစ်ဦးအနေနဲ့ ရလာတဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သင့်တာတော့ မှန်ပါတယ် ၊ သူကတော့ လူငယ်တွေကို ဖိအား မများစေပါဘူး ၊ သူ့ရဲ့ ဘောလုံးအပေါ် ထားတဲ့ သဘောထားကို သဘောကျပါတယ် ။ ”

” သူ့လက်အောက်မှာ ကစားခဲ့ရတဲ့ အချိန်မှာ ကိုယ့်ရဲ့ စွမ်းရည်ကို လွတ်လပ်စွာ ထုတ်ဖော် ပြသခွင့် ရတယ်လို့ ခံစားရပါတယ် ။ ကျနော် ဘာလုပ်ရမလဲ ဆိုတာ ဘယ်သူမှ သင်ပေးစရာ မလိုအောင် အာဆင်းက သင်ပေးခဲ့တာပါ ၊ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု အပြည့် ရှိခဲ့ကြပါတယ် ။ ” လို့ ဆိုပါတယ် ။

ဆက်လက်ပြီး ဖာဘရီဂက်စ် က ဂွာဒီယိုလာ နဲ့ ပတ်သတ်ပြီး ” ပက်ကတော့ နည်းပြ သုံးဦးထဲမှာ နည်းစနစ်ပိုင်း အကြွယ်ဝဆုံး နည်းပြပါ ၊ သူက စနစ်ကျကျ ကစားရတာကို သဘောကျသူပါ ၊ ဒါပေမယ့် ဘာလုပ်ရမလဲ ဆိုတာ အချိန်တိုင်း လိုက်ပြော နေမယ့်သူတော့ မဟုတ်ပါဘူး ။ ”

” သူ့ရဲ့ ကစားပုံ ၊ ကစားသမားတွေ အပေါ် သင်ကြားပြသပေးပြီး မှန်ကန်တဲ့ နေရာလွတ်တွေ ရှာဖွေနိုင်အောင် ကူညီပေးမှာပါ ၊ နောက်ပြီး သူကိုင်တွယ်ရတဲ့ အသင်းက တကယ့် ထိပ်တန်း အသင်းပါ ၊ ကျွန်တော် ဒီလို ပြောလို့ အထင်မလွဲစေချင်ပါဘူး ၊ အင်နီယေစတာ ကို ရှင်းပြရတာက တခြားသူကို ရှင်းပြရတာထက် ပိုလွယ်ကူပါတယ် ။ ”

” သူက ဘောလုံးကို လျင်လျင်မြန်မြန် ကစားခိုင်းသလို တစ်ချိန်တည်းမှာပဲ လွတ်နေတဲ့ ကစားသမားကို ရှာဖွေခိုင်းပြီး ပွဲအဖြေ ပြောင်းလဲ သွားအောင် ကစားခိုင်းပါတယ် ၊ ပက်ရဲ့ အဓိက အချက်က ဘောလုံးကို မြန်မြန်ကစားမယ် ၊ ရွေ့လျားမှု မှန်မှန် နဲ့ နေရာလွတ် တွေ ရှာဖွေဖို့ပါ ။ ”

” ကျနော် သူနဲ့ ပတ်သတ်ပြီး သဘောကျတာက တစ်ပွဲတည်းမှာ နည်းစနစ် သုံးမျိုးလောက် ပြောင်းလဲ နိုင်စွမ်း ရှိတာကိုပါ ၊ တကယ့်ကို ထူးခြားပါတယ် ၊ လေ့ကျင့်ရေးကွင်းမှာ နာရီပေါင်းများစွာ အချိန်ကုန် ခံခဲ့တာလည်း ပါပါတယ် ။ ”

နောက်ဆုံး အနေနဲ့ ဖာဘရီဂက်စ် က ” ဟိုဆေး ကတော့ ကစားကွက် တစ်မျိုး တည်းနဲ့ ကစားတတ်သူ ဖြစ်ပေမယ့် အဲ့ဒီ ကစားကွက်ကို သူကောင်းကောင်း ကျွမ်းကျင်ပါတယ် ၊ သူ့ရဲ့ ကစားကွက်နဲ့ အံ့ကိုက် ဖြစ်မယ့် ကစားသမားတွေကိုလည်း ပိုင်ဆိုင် ခဲ့ပါတယ် ။ ”

” ကျွန်တော် သူနဲ့ ပထမဆုံး စတွေ့တော့ ‘ ငါ ကစားသမား နှစ်ဦး လိုအပ်တယ် ၊ မင်းသာ ငါတို့ဆီလာရင် ငါ ကော်စတာ ကို စာချုပ်ချုပ် ခေါ်ယူမယ် ။ ‘ လို့ ပြောပါတယ် ။ ဒီအသင်းဟာ အမှတ်ပေး ချန်ပီယံဆုကို ရယူမယ့် အသင်းလို့ ပထမဆုံး အကြိမ် တွေ့ကတည်းက ပြောတာပါ ။ ”

“သူက ကစားသမား နှစ်ဦးပဲ လိုအပ်တယ်လို့ ပြောခဲ့တာပါ ၊ သူနဲ့ အလုပ်တွဲလုပ်ကြည့်တော့လည်း ထိပ်တန်း ကစားသမားတွေ အတွက် သူဟာ ထိပ်တန်း နည်းပြ တစ်ဦးဆိုတာ သိလိုက်ရပါတယ် ၊ သူက စိတ်နဲ့ ကစားတာပါ ၊ ကစားသမားတွေကို လှုံဆော်နိုင်စွမ်း ရှိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR