အာဆင်နယ် နဲ့ စပါး နည်းပြရာထူးတွေကနေ ကိုယ်စီ ထုတ်ပယ် ခံရပြီးနောက် အမ်မရီ နဲ့ ဘာပြောဖြစ်ခဲ့သလဲ ဆိုတာ ပြောကြားလိုက်တဲ့ ပိုချက်တီနို

အာဆင်နယ် အသင်း နည်းပြဟောင်း အမ်မရီ နဲ့ တော့တင်ဟမ် နည်းပြဟောင်း ပိုချက်တီနို တို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ အသင်းတွေကနေ နည်းပြ အဖြစ် ထုတ်ပယ် ခံခဲ့ရပြီးနောက် တွေ့ဆုံ စကားပြောဖြစ်ခဲ့ကြပါတယ် ။ သူတို့ နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့နှစ်က နည်းပြရာထူးကနေ ထုတ်ပယ် ခံခဲ့ရတာလည်း ဖြစ်ပါတယ် ။

ပိုချက်တီနို နဲ့ အမ်မရီ တို့ဟာ သက်ဆိုင်ရာ အသင်းတွေကနေ ဆယ်ရက်တာ ကွာဟပြီး ထုတ်ပယ် ခံခဲ့ရသူတွေလည်း ဖြစ်ပါတယ် ။ ဂန်းနားတို့ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး နေရာကို ဆက်ခံခဲ့တဲ့ စပိန်လူမျိုး နည်းပြ အူနိုင်း အမ်မရီ ဟာ ဒီရာသီ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဖရန့်ဖတ် အသင်းကို ရှုံးနိမ့်ပြီး နာရီ အနည်းငယ် အကြာမှာပဲ ထုတ်ပယ် ခံခဲ့ရတာပါ ။

အမ်မရီ အနေနဲ့ အာဆင်နယ် အသင်းကို ကိုင်တွယ်ပြီး ၁၈ လ (၂၀၁၈ မေကနေ ၂၀၁၉ နိုဝင်ဘာလ အထိ )အကြာမှာပဲ ထုတ်ပယ်ခံခဲ့ရတာပါ ။ စပိန် လူမျိုး နည်းပြ အမ်မရီ ဟာ သူ့ရဲ့ ပထမဆုံး ရာသီမှာ အာဆင်နယ် အသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲ အထိ ပို့ဆောင် ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံး လေးသင်း အဆင့် နဲ့ ကပ်သီးလေး လွဲချော် ခဲ့တာပါ ။

တော့တင်ဟမ် အသင်းကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရလဒ်ပိုင်း ဆက်တိုက် ဆိုးရွား နေပြီး အမှတ်ပေး ဇယား အဆင့် ၁၄ အထိ ရောက်ရှိခဲ့တာကြောင့် နည်းပြ ပိုချက်တီနို နဲ့ လမ်းခွဲပြီး မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး နည်းပြဟောင်း မော်ရင်ဟိုကို အစားထိုး ခန့်အပ် ခဲ့ပါတယ် ။

အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနို ဟာ မနှစ်က တော့တင်ဟမ် အသင်းကို ချန်ပီယံလိဂ် ဖိုင်နယ် အထိ ပို့ဆောင် ပေးနိုင်ခဲ့သူ ဖြစ်ပြီး ထိပ်တန်း အသင်းကြီး တော်တော်များများရဲ့ ပစ်မှတ်ထားခြင်း ခံခဲ့ရသူလည်း ဖြစ်ပါတယ် ။

ပိုချက်တီနို က The Guardian နဲ့ အင်တာဗျူးမှာ နည်းပြ ရာထူးကနေ ထုတ်ပယ် ခံရပြီးနောက် အမ်မရီ နဲ့ တွေ့ဆုံ ဖြစ်ခဲ့ကြောင်း ဆိုပါတယ် ။ “pandemic ကာလ မတိုင်ခင်တုန်းက ကျနော် ရယ် ၊ ဂျီးဆပ်ရယ်(လက်ထောက်နည်းပြ) ရယ် အမ်မရီ နဲ့ တွေ့ပြီး ကော်ဖီသောက် ၊ အတွေ့အကြုံ​တွေ ဝေမျှ ပြောဖြစ်ခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ တစ်တွေက မတူညီတဲ့ အသင်းတွေကို နည်းပြ ခဲ့ကြပြီး ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပါတယ် ၊ လူတွေက ကျနော်တို့ ဘေးနားက ဖြတ်လျှောက်ပြီး ‘အူနိုင်း ရယ် ပိုချက်တီနို ရယ် ဂျီးဆပ် ရယ် ကော်ဖီ အတူ သောက်နေကြပါလား ။ ‘ လို့ ပြောသွား ကြပါတယ် ။ ”

” Cockfosters မှာ သောက်ဖြစ် ခဲ့ကြတာပါ ၊ အတော်လေးတော့ ရယ်စရာ ကောင်းခဲ့ပါတယ် ၊အဲ့အချိန်က အရာအားလုံးကို ပြန်လည် ဆန်းစစ် လေ့လာဖို့ အချိန်ကောင်းပါပဲ ၊ လေ့ကျင့်ရေး အစီအစဉ်တွေ ၊ ပွဲအကြောင်း ၊ နည်းစနစ်ပိုင်း ၊ တစ်ဦးချင်း နဲ့ အသင်းလိုက် လုပ်ဆောင်ရမယ့် အရာတွေကို ဆန်းစစ် ခဲ့ကြပါတယ် ။ တောင်းဆိုမှုတွေက အရင်ကနဲ့ မတူတော့တာကြောင့် ဘယ်လို အခြေအနေမျိုးမှာ မဆို အဆင်သင့် ဖြစ်နေအောင် ပြင်ဆင် ထားရမှာပါ ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR