အခြား ဝါရင့် အသင်းဖော် ၂ဦး ကဲ့သို့ စာချုပ် သက်တမ်းတိုးနိုင်ဖို့ အလားအလာ ရှိမရှိ ထုတ်ပြောလာတဲ့ #ဝီလီယံ

ဘရာဇီး ဝါရင့် တောင်ပံ တိုက်စစ် ကစားသမား ဝီလီယံ ဟာ ဒီနှစ် ဘောလုံး ရာသီ အကုန်မှာ လက်ရှိ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် သက်တမ်း ပြည့်မြောက်တော့မှာ ဖြစ်ပြီး ၊ လာမယ့် အပြောင်းအရွှေ့ မှာ Free Agent ကစားသမား ဖြစ်လာဖို့ များနေပါတယ် ။ လောလောဆယ် အခြေအနေ အထိ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် သက်တမ်း တိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် ထူးထူးခြားခြား တိုးတက်လာတာတော့ မရှိသေးပါဘူး ။

ဝီလီယံ ဟာ ၂၀၁၃ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ မှာ ရုရှား ကလပ် အန်ဇီ အသင်း မှာ ချယ်လ်ဆီး သို့ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့ကာ ၊ အက်ဇ်ပီလီကွီတာ ပြီးရင် လက်ရှိ ချယ်လ်ဆီး အသင်း ရဲ့ သက်တမ်း အရှည်ဆုံး ကစားသမား ဖြစ်ပါတယ် ။ ထို့အတွက်ကြောင့် ချယ်လ်ဆီး အသင်း ဖက်က ၎င်းရဲ့ သစ္စာ စောင့်သိမှု ကို အသိအမှတ် ပြုတဲ့ အနေနဲ့ ၂နှစ် စာချုပ် ကမ်းလှမ်းထားတာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ သာမန် အားဖြင့် အသက် ၃၀ နဲ့ အထက် ကစားသမား တွေကို တနှစ် ထက် ပိုပြီး သက်တမ်း တိုးလေ့မရှိတဲ့ ပေါ်လစီ ကို ကျင့်သုံးနေပေမယ့် ၊ မနှစ် က ဘောလုံး ရာသီ မှာ ပရိသတ် အချစ်တော် ဖြစ်ခဲ့ဖူးတဲ့ ဘရာဇီး ဝါရင့် ခံစစ်မှူး ဒေးဗစ် လူးဝဇ် ကို ၂နှစ် သက်တမ်း တိုးပေးခဲ့ပါတယ် ။ အခုအခါ မှာ လူးဝဇ် နည်းတူ ဝီလီယံ ကိုလည်း ချယ်လ်ဆီး တို့ ၂နှစ် သက်တမ်းတိုး စာချုပ် အတွက် ဆွေးနွေးနေတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ချယ်လ်ဆီး အသင်း ဟာ အသင်း နဲ့ လာမယ့် ဇွန်လကုန်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့် ဂိုးသမား ဝီလီ ကာဘယ်လာရို နဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး တို့ကို တနှစ်စီ စာချုပ် ထပ်ချုပ်နိုင်ခဲ့ပါတယ် ။ ဒီအတွက်ကြောင့် တောင်ပံ ကစားသမား ၂ဦး ဖြစ်တဲ့ ဝီလီယံ နဲ့ ပတ်ဒရို တို့ကိုသာ စာချုပ် ထပ်ချုပ်နိုင်ဖို့ ချယ်လ်ဆီး အသင်း ဆက်ကြိုးစားနေရပါတယ် ။

လောလောဆယ် မှာတော့ ဒီ စာချုပ်သစ် ဆွေးနွေးဖို့ထက်စာရင် ပြီးခဲ့တဲ့ မတ်လ အလယ်လောက်က ရပ်နားခဲ့တဲ့ ဒီနှစ် ပရီးမီးယားလိဂ် ရာသီ ကို လာမယ့် ဇွန်လ အတွင်း ပြန်လည် စတင်ဖြစ်ခဲ့ပါက ရေတို သဘော အနေနဲ့ လပိုင်း စာချုပ် ချုပ်ဖို့က ဝီလီယံ နဲ့ ချယ်လ်ဆီး အသင်း အတွက် ပိုပြီး အရေးကြီး နေပါတယ် ။

ဝီလီယံ ဟာ ပြီးခဲ့တဲ့ တလကျော် က မွေးရပ်မြေ ဘရာဇီး ကို ပြန်သွားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းကပဲ လေ့ကျင့်ရေး အစီအစဉ် တွေ အတွက် အင်္ဂလန် ကို ပြန်လည် ရောက်ရှိနေကာ ၊ လောလောဆယ် မှာတော့ qurantine ၂ပတ် ဝင်နေရပါတယ် ။ လမ်းပတ် ၊ ဘုတ်အဖွဲ့ဝင် တွေနဲ့ လူကိုယ်တိုင် မတွေ့ဆုံရသေးတာကြောင့် စာချုပ် ကိစ္စ ကလည်း အပြီးသတ်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ် ။

မနေ့က ဘရာဇီး သတင်း ဌာန Esporte Interativo နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ ဝီလီယံ က ” အခု အခြေအနေ က ကျွန်တော့ အတွက် အရမ်း ခက်ခဲပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ကျွန်တော့ ကို စာချုပ် သက်တမ်း ၂နှစ်ပဲ ထပ်တိုးဖို့ အစီအစဉ် ရှိပါတယ် ။ ဒီ ဆုံးဖြတ်ချက် ကိုလည်း သူတို့ ပြန်ပြင်မှာ မဟုတ်ပါဘူး ။ ကျွန်တော် သူတို့ကို ပြောထားတာ က ၃နှစ် သက်တမ်းတိုးဖို့ပါ ။ ”

” ချယ်လ်ဆီး အသင်း မှာ လာမယ့် ရာသီ တွေ အတွက် ဆက်ရှိမလား ဆိုတာတော့ ကျွန်တော် ကိုယ်တိုင်လည်း မသိပါဘူး ။ လက်ရှိ ကျွန်တော် မျှော်မှန်းထားတာ ကတော့ လက်ကျန်ရာသီ မှာ ချယ်လ်ဆီး အသင်း နဲ့ အတူ ကောင်းကောင်း ဆက်အလုပ်လုပ်ပြီး ၊ အာရုံစိုက်နိုင်ဖို့ပါပဲ ။ ဒါမှလည်း ချယ်လ်ဆီး အသင်း ရဲ့ နိုင်ပွဲ တွေအတွက် ကျွန်တော် ကောင်းကောင်း ကူညီ ပေးနိုင်မှာပါ ။ ”

” လောလောဆယ် ကျွန်တော့ အတွေးထဲမှာတော့ ဒါတွေပဲ ရှိပါတယ် ။ ချယ်လ်ဆီး မှာ ဆက်ပြီး နေထိုင်ဖို့ အတွက်က ခက်ခဲမယ် လို့တော့ ထင်ပါတယ် ။ ကျွန်တော်တို့ ဆက်ပြီး စောင့်ကြည့်တာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဝီလီယံ ချယ်လ်ဆီး ကနေ ထွက်ခွာဖြစ်တာနဲ့ တပြိုင်နက် အခြား လန်ဒန် မြို့ခံ ၂သင်းဖြစ်တဲ့ အာဆင်နယ် နဲ့ တော့တင်ဟမ် တို့ကလည်း ဝီလီယံ ကို ခေါ်ယူဖို့ အသင့် စောင့်ဆိုင်းနေကြပါတယ် ။

SPORTS MYANMAR