ရော်ဘတ်တိုဖာမီနို ရဲ့ နေရာကို ဆက်ခံသွားမယ့် ကစားသမားတစ်ဦးကို ပြောပြလိုက်တဲ့ ဂျွန်ဘန်း

ရော်ဘတ်တိုဖာမီနိုဟာ ယာဂန်ကလော့ရဲ့ လက်အောက် လီဗာပူး အသင်းမှာ ပရိတ်သတ် အချစ်တော် ကစားသမား ဖြစ်နေ ပေမယ့် ဘရာဇီး ကစားသမား တစ်ချိန်ချိန် အန်ဖီး ကနေ ထွက်ခွာ သွားခဲ့တဲ့ အခါ ၎င်းရဲ့ နေရာကို ဆက်ခံ သွားနိုင်မယ့် ကစားသမား တစ်ဦး ရှိနေတယ်လို့ လီဗာပူး ဂန္တဝင် တစ်ဦးက ယုံကြည် နေပါတယ်။

လီဗာပူး ကစားသမားဟောင်း ဂျွန်ဘန်းက ဘိုရပ်ရှားဒေ့ါမွန် တိုက်စစ်မှုး အာလင်းဟာလန်းဟာ ယာဂန်ကလော့ရဲ့ အထောင် တိုက်စစ် နေရာ အတွက် ဖာမီနို ရဲ့ နေရာကို ဆက်ဆံ နိုင်မယ့်သူလို့ ယုံကြည် နေပါတယ်။ နော်ဝေး လက်ရွေးစင်ဟာ ဒီရာသီ ရက်ဘူးဆဲဘတ် နဲ့ ဘိုရပ်ရှားဒေ့ါမွန် တို့မှာ ၃၄ ပွဲ ကစားကာ ၄၁ ဂိုးထိ သွင်းယူ ထားပြီး ဒီရာသီ အထူး ခြေစွမ်းပြ နေတဲ့ ကစားသမား ဖြစ်နေ ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ဘွန်ဒက်လီဂါကို ပြောင်းရွေ့ လာခဲ့တာ ဖြစ်ပေမယ့်လည်း အသင်းသစ် ပတ်ဝန်းကျင် အသစ်မှာ လျှင်လျှင်မြန်မြန် အထိုင်ကျကာ ခြေစွမ်းပြ နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေါ့မွန်ကို ရောက်ရှိ လာပြီး ၆ လ မပြည့်ခင်မှာပဲ ၎င်းရဲ့ အပြောင်းအရွေ့ သတင်းတွေ တစ်ကျော့ ပြန်လည် ထွက်ပေါ် လာခဲ့ပြီး ဟာလန်း ကို ရီးရဲယ်မက်ဒရစ် ၊ ဘာစီလိုနာ အပြင် အခြား ဥရောပ ထိပ်တန်း အသင်းကြီး အချို့က စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။

ဘန်းကတော့ ဟာလန်းဟာ လီဗာပူး နဲ့ အထူး အံဝင်မယ့် သူလို့ ဆိုလိုက်ပြီး ကလော့ အနေနဲ့ တစ်ချိန်ချိန်မှာ ဖာမီနို ရဲ့ နေရာကို အစားထိုး သွားရမယ့် ကစားသမား အဖြစ် ယူဆထား သင့်တယ်လို့ ပြောလိုက် ပါတယ်။

ဘန်းက “သူဟာ မယုံနိုင်စရာ အရည်အသွေး ရှိနေ သူပါ။ အသက် ငယ်ငယ်လေး ရှိနေသေးပေမယ့် သူဟာ ပြိုင်ဘက် ခံစစ် တွေကို သွင်းဂိုး တွေနဲ့ ချေမှုန်း နေပါတယ်။ ပြီးတော့ ဟာလန်းဟာ အရာအားလုံးကို ခြေလှမ်း ကျဲကျဲနဲ့ တက်လှမ်း နေပါတယ်။ သူဟာ တအား စိတ်ပူတာ မရှိသလို တအား အတွေးများတာလည်း မရှိတဲ့ ကစားသမားတွေ ထဲက တစ်ဦး ပါပဲ။ သူဟာ လုပ်ဖို့ လိုအပ်တဲ့ အရာတွေကိုပဲ ရိုးရိုးလေး လုပ်သွား ပါတယ်။

အကယ်၍ သူသာ တောင်ပံ တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ မိုဟာမက် ဆာလား ၊ ဆာဒီယို မာနေး တို့နဲ့သာ တွဲဖက် ကစားလိုက်မယ် ဆိုရင်…သူ တအားကို ကောင်းသွား ပါလိမ့်မယ်။ ဖာမီနို ကတော့ နောက်ထပ် option တစ်ခုပေါ့။ သူဟာ ပိုပြီး တိုးတက် လာမယ့် သူပါ။ ယုံကြည်မှုပိုင်း ဆိုင်ရာမှာ ဆိုရင်လည်း သူ့ရဲ့ ကစားဟန် အရ ပိုပြီး အားကောင်း လာမှာပါ။ ပြီးတော့ သူ့ရဲ့ အဆုံးသတ်ပိုင်း တွေဟာ ပိုပြီးတော့ သပ်သပ်ရပ်ရပ် ဖြစ်လာ အုံးမှာပါ။

ကောင်းကင်ကြီးဟာ အကန့်အသတ် ရှိပါတယ်။ ဒ့ါကြောင့် ဒီအရှိန်အဟုန်နဲ့ သွားနေ တာကို ထိန်းသိမ်း နိုင်ဖို့ဟာ သူ့အပေါ်မှာပဲ မူတည် နေပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီလိုနှုန်းနဲ့ ဆက်သွားဖို့ဟာ လွယ်ကူတဲ့ အရာ မဟုတ်လို့ပါပဲ။” လို့ ပြောလိုက် ပါတယ်။

လီဗာပူး အသင်းဟာ လာမည့် အပြောင်းအရွေ့ မှာ ဘွန်ဒက်လီဂါ ပြိုင်ပွဲရဲ့ နောက်ထပ် ထိပ်တန်း တိုက်စစ်မှုး ဖြစ်သူ လိုက်ပ်ဇစ်ရဲ့ တီမိုဗက်နာကို ခေါ်ယူဖို့ စိတ်ဝင်စား နေခဲ့ပြီး ဖြစ်ပါတယ်။ ရက်ဘူးလိုက်ပ်ဇစ် စတားဟာ ဒီနွေရာသီမှာ ကလပ်ရဲ့ အဓိက ဦးစားပေး ပစ်မှတ် ဖြစ်နေ ပေမယ့် ကိုရိုနားဗိုင်းရပ်စ်ကြောင့် ဘဏ္ဍရေးပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတဲ့ အတွက် ဒီအပြောင်းအရွေ့ဟာ အခုချိန်မှာ မရေမရာ ဖြစ်နေ ပါတယ်။

လီဗာပူး နောက်ခံလူဟောင်း စတီဗီနစ်ကိုး ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ တစ်ချိန်ချိန်မှာ ဟာလန်းကို ခေါ်ယူ နိုင်မယ်လို့ အကောင်းမြင် နေပါတယ်။

စတီဗီနစ်ကိုး က “လာမည့် ၅ နှစ်မှာ ဘယ်အသင်းက ကမ္ဘာ့ထိပ်ဆုံး နေရာမှာ ရှိနေ မလဲ ဆိုတာ ကျွန်တော်တို့ မသိနိုင် ပါဘူး။ ဘယ်သူပဲ ဖြစ်ဖြစ် အခုထိ ကျွန်တော်တို့ကို သူ ပြသ ထားခဲ့တဲ့ အနေအထား အရ ကတော့ သူ့ကို ခေါ်ယူဖို့ လှုပ်ရှားခြင်းဟာ တကယ့်ကို ကောင်းမွန်တဲ့ deal တစ်ခု လိုပါပဲ။

သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှုး တွေရဲ့ နေရာကို ဆက်ခံ သွားမယ့်သူမျိုးပါ။ ဆိုလိုတာကတော့ သူ့အနေနဲ့ အကောင်းဆုံး အသင်း အတွက် ကစား ရပါမယ်။ လာမည့် ၄ နှစ် ၅ နှစ်မှာ ထိပ်ဆုံး နေရာမှာ ရှိနေမယ့် အသင်းဟာ လီဗာပူး တို့ ဖြစ်ဖို့ ကျွန်တော် မျှော်လင့် ထားပါတယ်။ သူတို့ လက်ရှိ စွမ်းဆောင်ရည်ကို ထိန်းသိမ်း ထားနိုင်မလား ဆိုတာ ကျွန်တော် မသိပါဘူး။ သူဟာ ထိပ်ဆုံး အသင်းကို ပြောင်းရွေ့ ပါလိမ့်မယ်။” လို့ ဆိုလိုက် ပါတယ်။

SM