ပြီးခဲ့တဲ့ ရာသီက လီဗာပူးနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အဓိက အဆုံးအဖြတ် ဖြစ်သွားခဲ့တဲ့ အခိုက်အတန့်ကို ထုတ်ဖော်လိုက်တဲ့ ပိုချက်တီနို

တော့တင်ဟမ် နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနို က ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ချန်ပီယံလိဂ် ဖိုင်နယ်မှာ လီဗာပူးကို ရှုံးနိမ့် ခဲ့ပြီးနောက် သူ့ရဲ့ ငိုကြွေးမှုကို ထိန်းချုပ်လို့ မရနိုင် ခဲ့ဘူးလို့ ဝန်ခံလိုက် ပါတယ်။ စပါး အသင်းဟာ မက်ဒရစ်မှာ ကျင်းပ ခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ မိုဟာမက်ဆာလား ရဲ့ ပွဲအစ ၁ မိနစ် မှာ သွင်းယူ ခဲ့တဲ့ ပင်နယ်တီ ၊ လူစားဝင် ကစားသမား ဒီဗော့ အိုရီဂီ ရဲ့ ၈၄ မိနစ် သွင်းဂိုးတွေနဲ့ အတူ လီဗာပူး ကို ၂-၀ နဲ့ ရှုံးနိမ့် ခဲ့တာ ဖြစ်ပါတယ်။

 

စပါး အသင်း အတွက် ကတော့ သမိုင်းဝင် ဖလား ဆွတ်ခူး နိုင်မယ့် အခွင့်အရေး လက်လွှတ် ခဲ့ရပြီး ပိုချက်တီနို ရဲ့ အသင်းဟာ ကွာတားဖိုင်နယ် အဆင့်မှာ မန်ချက်စတာစီးတီးကို အကြိမ်အနယ် ကစားကာ နှစ်ကျော့ပေါင်း ၄ ဂိုးစီ သရေကျ ခဲ့ပြီး အဝေးဂိုး နဲ့ ဆီမီးဖိုင်နယ်ကို တက်လာ ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ ဆိုရင်လည်း တော့တင်ဟမ်ဟာ ပထမအကျော့ အိမ်ကွင်းမှာ အိုင်ယက်ကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ အပြင် အမ်စတာဒမ် မှာလည်း ပထမပိုင်းမှာ ၂-၀ နဲ့ ရှုံးနေ ခဲ့တာကြောင့် နောက်တဆင့် အတွက် မျှော်လင့်ချက် မရှိသလောက် ဖြစ်နေ ပါတယ်။

ဒါပေမယ့်လည်း ပိုချက်တီနို ရဲ့ အသင်းဟာ ပြိုင်ပွဲ သမိုင်း တစ်လျှောက် အကောင်းဆုံး comeback တွေထဲက တစ်ခု အဖြစ် ဒုတိယပိုင်းမှာ လူးကပ်မော်ရာ ရဲ့ ဟက်ထရစ်နဲ့ အတူ ၃-၂ နဲ့ အနိုင်ယူ ခဲ့ကာ ကလပ် အသင်း သမိုင်းတစ်လျှောက် ဖိုင်နယ်ကို ပထမဦးဆုံး အကြိမ် တက်လာ နိုင်ခဲ့ပါတယ်။ အာဂျင်တီနား နည်းပြဟာ သူရဲ့ အသင်း ပထမဦးဆုံး အကြိမ် ဥရော ဖလား သိမ်းပိုက် နိုင်မယ်လို့ ယုံကြည်မှု ရှိ ခဲ့ပေမယ့် မျှော်လင့်ထားခဲ့သလို ဖြစ်မလာတဲ့ အခါ အတော့်ကို ကြေကွဲ ခဲ့ရတယ်လို့ ဝန်ခံသွား ခဲ့ပါတယ်။

ပိုချက်တီနို က “ဒီပွဲမှာ ကျွန်တော်တို့ အသင်းရဲ့ ကစားပုံ ၊ ပွဲရဲ့ ဖြစ်ပျက် သွားပုံအရ ဒါဟာ အရမ်းကို လက်ခံရ ခက်ခဲ ခဲ့တယ်လို့ ထင်ပါတယ်။ ဖိုင်နယ် ပွဲစဉ် ပြီးခဲ့ပြီးနောက် ကျွန်တော် အရမ်းကို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ပါတယ်။ ဒီအရှုံးကြောင့် ငိုကြွေးချင်စိတ်ကို ထိန်းချုပ်ရတာ ခက်ခဲသလို ဆိုးဆိုးရွားရွား ခံစား နေရတာ တွေကိုလည်း ရပ်တန့်ရ ခက်ခဲ ခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ဒီပွဲ အတွက် ၃ ပတ်လောက် ကောင်းကောင်း ပြင်ဆင် ထားခဲ့သလို ကျွန်တော်တို့ ဝန်ထမ်းတွေ ကစားသမား တွေဟာ အလုပ်ကို ပြင်းပြင်းထန်ထန် လုပ်ခဲ့ ကြပါတယ်။ ကျွန်တော်တို့ အထူး အာရုံစိုက် ကစား ခဲ့ပါတယ်။ ဖိုင်နယ်မှာ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ပုံစံအတိုင်း သွားနိုင် လိမ့်မယ်လို့ ကျွန်တော်တို့ အသင်းကော ကျွန်တော် ကိုယ်တိုင်ကော ယုံကြည် ထားခဲ့ ပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ ဒါပဲ လုံး၀ လွှမ်းမိုး နေတာပါ။

ဒါပေမယ့် ချန်ပီယံလိဂ် ဖိုင်နယ် ရဲ့ စက္ကန့် ၃၀ မှာပဲ ဒီလိုမျိုး ဂိုးပေး ခဲ့ရမယ်လို့ ဘယ်သူမှ မျှော်လင့် မထား ခဲ့ပါဘူး။ ဒီဂိုးဟာ တစ်ပွဲလုံးရဲ့ အနေအထား စိတ်ပိုင်း ဆိုင်ရာ ခံစားမှု အားလုံးကို ပြောင်းလဲသွား စေခဲ့တာပါ။ ဒီလိုမျိုး ဖြစ်သွား ခဲ့တဲ့ အတွက် အသင်း အနေနဲ့ ပြန်လည် ပြင်ဆင်ဖို့ ခက်ခဲ သွားခဲ့ ပါတယ်။” လို့ ပြောလိုက် ပါတယ်။

 

 

တော့တင်ဟမ် နဲ့ အတူ ဖိုင်နယ် တက်ရောက် နိုင်ခဲ့တာကို ဝမ်းမြောက် ခဲ့ပေမယ့်လည်း ပိုချက်တီနို က ဒီပွဲဟာ သူ့ရဲ့ တော့တင်ဟမ် နည်းပြမှာ အချိုးအကွေ့ တစ်ခု ဖြစ်လာတော့မယ် ဆိုတာ သိနေ ခဲ့တယ်လို့ ဝန်ခံ ခဲ့ပါတယ်။

ပိုချက်တီနို က “ဒါဟာ ကြီးမားတဲ့ စွမ်းဆောင်မှုပါ။ ကျွန်တော်တို့ အနေနဲ့ တစ်နှစ်က ချန်ပီယံလိဂ် ဖိုင်နယ်မှာ ရီးရဲယ်မက်ဒရစ်ကို ရှုံးနိမ့် ခဲ့ပြီးနောက် နောက်တစ်ရာသီ ဖိုင်နယ်ကို ပြန်တက်လာကာ ဒီလို လုပ်နိုင်ခဲ့တဲ့ လီဗာပူးကို ဥပမာ ယူလို့ ရပါတယ်။ ဒါဟာ အနာဂတ် အတွက် ကြီးမားတဲ့ တွန်းအား နဲ့ အတုယူစရာပါ။ ဒါပေမယ့် ကျွန်တော်တို့ ၅ နှစ်ကြာ အတူ လက်တွဲ အလုပ်လုပ်ခဲ့ပုံ ၊ ဒီလို အရာတွေ ဖြစ်ပျက်ခဲ့တာကြောင့် ကျွန်တော်တို့ စိတ်ထဲမှာ အပြောင်းအလဲ လုပ်ဖို့ ၊ နောက်ထပ် အစီအစဉ် တစ်ခုနဲ့ သွားဖို့ ၊ ပြန်လည် တည်ဆောက်ဖို့ ၊ သင်ခန်းစာသစ် တစ်ခု ဖွင့်လှစ်ဖို့ အတွက် အနည်းငယ် ခက်ခဲမယ် ဆိုတာ သိနေ ခဲ့ပါတယ်။” လို့ ဆိုသွား ပါတယ်။

SPORTS MYANMAR