ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ၃ ဦးကို ပြောပြလိုက်တဲ့ ပိုချက်တီနို

တော့တင်ဟမ် နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနို ဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ၃ ဦးကို ပြောပြ သွားခဲ့ပြီး မထင်မှတ် ထားတဲ့ လီဗာပူး ကစားသမား တစ်ဦးလည်း ပါဝင် နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက တော့တင်ဟမ် နည်းပြ ရာထူး ကနေ ထုတ်ပယ် ခံထားရတဲ့ ပိုချက်တီနိုဟာ ဒီရွေးချယ်မှုမှာ သူ့အသင်းဟောင်းရဲ့ ကစားသမားတွေကို လျစ်လျူ ရှုသွား ခဲ့တာကြောင့် ဟယ်ရီကိန်း နဲ့ ဆွန်ဟောင်မင်း တို့တော့ ပါဝင် နိုင်ခဲ့ခြင်း မရှိ ခဲ့ပါဘူး။

အဲဒီအစား အာဂျင်တီးနား နည်းပြဟာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး အသင်း နဲ့ ပရီးမီးယားလိဂ် ချန်ပီယံလောင်း လီဗာပူး အသင်း တို့က ကစားသမား တွေကို သူ့ရဲ့ အကောင်းဆုံး ကစားသမား ၃ ဦးစာရင်းမှာ ထည့်သွင်း ခဲ့ပါတယ်။

မန်စီးတီး မှာတော့ ပိုချက်တီနို ဟာ ကွင်းလယ် ဖန်တီးရှင် ကယ်ဗင်ဒီဘရိုင်း နဲ့ တိုက်စစ်မှုး ဆာဒီယို အဂွေးရိုး တို့ကို ပထမ ဦးဆုံး ရွေးချယ် သွားခဲ့ ပါတယ်။ ဒီဘရိုင်းဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေ ထဲက တစ်ဦး အဖြစ် သတ်မှတ် ခံထား ရသူ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် မှာလည်း ဂိုးဖန်တီးမှု ၁၆ ကြိမ်ထိ ပြုလုပ် ထားခဲ့ကာ အနီးကပ်ဆုံး ပြိုင်ဘက်ထက် ၄ ကြိမ် အသာ ရနေ ပါတယ်။

အဂွေးရိုး ကလည်း သူဟာ ဥရောပ ရဲ့ အကောင်းဆုံး တိုက်စစ်မှုးတွေ ထဲက တစ်ဦး အဖြစ် ရှိနေဆဲ ဆိုတာကို သက်သေ ပြလျက် ရှိနေပြီး ဒီရာသီ ပွဲ ၃၀ မှာ ၂၃ ဂိုးထိ သွင်းယူ ပေးထား ခဲ့သူ ဖြစ်ပါတယ်။ ဒီကစားသမား ၂ ဦးဟာ မန်စီးတီး ကို ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်ဆက် ရရှိစေ ခဲ့ပြီး ဒီရာသီ မှာလည်း စီးတီးဟာ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူး နိုင်ရန် အခြေအနေကောင်းကို ပိုင်ဆိုင် နေပါတယ်။

အဂွေးရိုး နဲ့ ဒီဘရိုင်း တို့ဟာ ပရိတ်သတ် တော်တော် များများ အတွက် သိပ်ပြီး အံ့သြစရာ မဖြစ် ခဲ့ပေမယ့် လီဗာပူး အသင်းက ကစားသမား ကို ပိုချက်တီနို ရွေးချယ် ခဲ့မှု ကနေ အနည်းငယ် အံ့သြ စေခဲ့ ပါတယ်။

ပိုချက်တီနို က “ကျွန်တော် ကယ်ဗင်ဒီဘရိုင်း ကို ပထမဦးဆုံး ရွေးချင် ပါတယ်။ ပြီးရင် ဆာဂျီယို အဂွေးရိုးပါ။ နောက်တစ်ဦး ကတော့? ဒီဘရိုင်း ကတော့ မမျှမတ ဖြစ်သွားမှာပါ။ နောက်တစ်ယောက် ကိုတော့ ကျွန်တော် ဘယ်သူ့ ရွေးရမလဲ မသိပါဘူး။ ရော်ဘတ်တို ဖာမီနို ဖြစ်မှာပါ။ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော် ပြောပြ နိုင်တဲ့ ကစားသမားတွေ ရာပေါင်း များစွာ ရှိနေ ပါသေးတယ်။” လို့ ဆိုလိုက် ပါတယ်။

လူအများစု ကတော့ ဖာမီနို ထက် စာရင် ၎င်းရဲ့ တွဲဖက် တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ မာနေး or ဆာလား တို့ကို ရွေးချယ်မယ်လို့ ထင်မှတ် ထားခဲ့ ကြပေမယ့်လည်း ပိုချက်တီနိုဟာ လူအများ မထင်မှတ်တဲ့ ရွေးချယ်မှုကို လုပ်သွား ခဲ့ပါတယ်။ ဖာမီနို ရဲ့ တွဲဖက် တိုက်စစ်မှုးတွေ ဖြစ်တဲ့ မာနေး နဲ့ ဆာလား တို့ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ရဲ့ ရွှေဖိနပ်ဆုရှင်တွေ ဖြစ်ကြပြီး တောင်ပံ ကနေ ဒီလို ဂိုးတွေ အများကြီး သွင်းယူ နေတာ ဖြစ်ပါတယ်။

မာနေးဟာ ဒီရာသီ ပြိုင်ပွဲစုံ ၁၆ ဂိုး သွင်းယူ ပေးထား ခဲ့ပြီး ဆာလား ကလည်း ဂိုး ၂၀ သွင်းယူ ပေးထား ခဲ့ကာ ဖာမီနို ကတော့ ၁၁ ဂိုး သွင်းယူ ထားပါတယ်။ ဒါပေမယ့် အသက် ၂၈ နှစ် အရွယ် ဘရာဇီး စတားဟာ ဒီရာသီ အသင်းဖော်တွေ အတွက် ဂိုးဖန်တီးမှု ၁၀ ကြိမ်ထိ လုပ်ထား ခဲ့ပြီး ၎င်းရဲ့ ချိတ်ဆက် ကစားပုံ ၊ နေရာလွတ် ရှာဖွေပေးမှု ၊ အင်တိုက် အားတိုက် ကစားဟန် ၊ ဖန်တီးမှု တွေနဲ့ အတူ လီဗာပူး ကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရန် အနီးစပ်ဆုံး အနေအထားကို တွန်းပို့ ပေးထား ခဲ့ပါတယ်။