အမ်ဘက်ပေ ၊ ဆန်ချို ၊ ဟာလန်း တို့ ၃ ဦးထဲမှာ လီဗာပူးတို့ ဦးစားပေးခေါ်ယူစေချင်တဲ့ ကစားသမားတစ်ဦးကို ပြောပြလိုက်တဲ့ ဟက်စကီး

လီဗာပူး အသင်းဟာ ယခု လက်ရှိ ဘောလုံး ရာသီမှာ ပဲရစ်စိန့်ဂျာမန်း တိုက်စစ်မှုး ကီလီယန် အမ်ဘက်ပေ နဲ့ သတင်း ထွက်ခဲ့သလို ယာဂန်ကလော့ဟာ ဘိုရပ်ရှား ဒေါ့မွန် တောင်ပံ ကစားသမား ဂျေဒွန်ဆန်ချို ကိုလည်း မန်စီးတီး အရန် အသင်းမှာ ကစားစဉ် ကတည်းက စိတ်ဝင်စား ခဲ့သူ ဖြစ်ပြီး လာမည့် အပြောင်းအရွေ့မှာ ခေါ်ယူဖို့ ကြိုးစားသွားဖွယ် ရှိနေတယ် လို့လည်း မီဒီယာတွေက ဖော်ပြ နေကြ ပါတယ်။

ဒါ့အပြင် နော်ဝေး တိုက်စစ်မှုး အာလင်ဟာလန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ရက်ဘူးဆဲလ်ဘတ် အသင်းကနေ ဒေ့ါမွန်ကို ပြောင်းရွေ့ လာခဲ့ပြီးနောက် ဘွန်ဒက်လီဂါမှာ အထူး ခြေစွမ်းပြ ကစား နေခဲ့တာကြောင့် ၎င်းကို ဥရောပ ထိပ်တန်း အသင်းကြီး အချို့က လာမည့် အပြောင်းအရွေ့ တွေမှာ ခေါ်ယူဖို့ ကြိုးစား လာဖွယ် ရှိနေ ပါတယ်။

Sponsored

လီဗာပူး တိုက်စစ်မှုးဟောင်း အမ်မလီ ဟက်စကီးက သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ဒီကစားသမား ၃ ဦး ထဲမှာ အမ်ဘက်ပေ ၊ ဟာလန်း တို့ထက် စာရင် ဆန်ချိုကို ဦးစားပေး ခေါ်ယူ သင့်တယ်လို့ ဆိုလိုက် ပါတယ်။ ဟက်စကီး ရွေးချယ် လိုက်တဲ့ ဆန်ချိုဟာ စီးတီး ကနေ ဘွန်ဒက်လီဂါ ကို ပြောင်းရွေ့ ခဲ့ပြီး နောက်ပိုင်း တောက်လျှောက် ခြေစွမ်းပြ ကစား နေတာကြောင့် ၎င်းကို မန်ယူနိုက်တက် ၊ ချဲလ်ဆီး ၊ ရီးရဲယ်မက်ဒရစ် နဲ့ ဘာစီလိုနာ တို့က ချိတ်ဆက် နေကြတယ်လို့ သိရပါတယ်။

ဟက်စကီး က “ဒီကစားသမား ၃ ဦး ထဲက ဆိုရင် ကျွန်တော် လီဗာပူး အတွက် ဆန်ချိုကို ရွေးချယ် သွားမှာပါ။ အမ်ဘက်ပေဟာ ဆက်လက် တိုးတက် နေမယ့် အပြင် ပိုပြီး ပိုပြီး ကောင်းလာဖို့ပဲ ရှိတဲ့ ပါရမီရှင် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူဟာ ဒီအသက်အရွယ် နဲ့ ခြေစွမ်းကို ထိန်းသိမ်းဖို့ အတွက် အများကြီး အာရုံစိုက် ခဲ့ပြီး ဒါဟာ အရမ်းကို ကောင်းပါတယ်။ ဒါဟာ ရွေးချယ်ရ ခက်ခဲ ပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူး အတွက် ဆိုရင် ကိုယ့်အနေနဲ့ အထောင် တိုက်စစ်ထက် စာရင် တောင်ပံ တိုက်စစ်မှာ ကစားတဲ့ သူတစ်ဦးကို ရွေးချယ် သွားမှာပါ။

Sponsored

ဒါပေမယ့် ဟာလန်းရဲ့ သွင်းဂိုးတွေ ကလည်း အဓိက အချက် ဖြစ်လာ နိုင်ပါတယ်။ ကျွန်တော် ကတော့ လီဗာပူး အနေနဲ့ ဆန်ချိုကို ဦးစားပေးတာ ပိုကောင်းတယ်လို့ ထင်ပါတယ်။ သူဟာ အင်္ဂလန် ကစားသမား ဖြစ်နေတဲ့ အပြင် ဖျော်ဖြေမှု ပေးနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ဆန်ချိုလို တောင်ပံ တိုက်စစ်ကနေ ပြိုင်ဘက် ခံစစ်တွေကို ချေမှုန်း နိုင်မယ့် ကစားသမားကို ရရင် အရမ်း ကောင်းမယ်လို့ ပြောချင် ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ဆန်ချိုဟာ ဒီရာသီ ဘွန်ဒက်လီဂါမှာ ၂၄ ပွဲကစား ၁၄ ဂိုး သွင်းကာ ၁၆ ဂိုးထိ ဖန်တီးပေး ထားခဲ့ပြီး အထူး ခြေစွမ်းပြ နေပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့ တစ်ပတ်က ရှော်ကေးကို ဒေါ့မွန်တို့ ၄-၀ နဲ့ နိုင်ခဲ့တဲ့ ဒါဘီမှာ အရန်ခုံကနေ ၀င်ကစား ခဲ့ရပေမယ့် လာမည့် စနေနေ့ ၀ုဖ်ဘတ်နဲ့ အရေးကြီး ပွဲစဉ် မှာတော့ ပွဲထွက် ကစားသမား စာရင်းမှာ ပြန်လည် ပါ၀င်လာဖို့ များနေ ပါတယ်။

ဒေါ့မွန်ဟာ လက်ရှိ ဘွန်ဒက်လီဂါ အမှတ်ပေးဇယားမှာ ထိပ်ဆုံး က ဘိုင်ယန်နဲ့ ၄ မှတ် အကွာ ဒုတိယ နေရာမှာ ရှိနေပြီး အမှတ်ပေးဖလား ကို စိန်ခေါ် နေကာ ၂၆ ပွဲ အပြီးမှာ သွင်းဂိုး ရ၂ ဂိုး ရထားတဲ့ အထိ တိုက်စစ်ကလည်း ကောင်းနေပါတယ်။ တစ်ချိန်တည်း မှာပဲ လီဗာပူး အသင်း ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ရပ်နား ထားခဲ့ချိန်မှာ ဒုတိယ နေရာက မန်စီးတီးကို ၂၅ မှတ်ထိ ဖြတ်ထား နိုင်ခဲ့ပြီး နှစ် ၃၀ အတွင်း ပထမဦးဆုံး အမှတ်ပေးဖလားကို သိမ်းပိုက် နိုင်ရန် နောက်ထပ် ၆ မှတ်သာ လိုပါတော့တယ်။

 

ပရီးမီးယားလိဂ် ပွဲစဉ် တွေကလည်း လာမည့် ဇွန်လကုန် လောက်မှာ ပြန်လည် စတင် သွားဖို့ ရှိနေပြီး လာမည့် တစ်ပတ်က စကာ contact training တွေကို ပြန်လုပ်နိုင်တဲ့ အဆင့်ကို ရောက်ရှိ လာခဲ့ပါပြီ။