ဟာဇတ် ရဲ့ Ballon D’Or ဆု အလားအလာ အပေါ် ခန့်မှန်းချက် ပေးလိုက်တဲ့ #မာတီနက်ဇ်

ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တောင်ပံ ကစားသမား အီဒင် ဟာဇတ် ဟာ ပြီးခဲ့တဲ့ မတ်လ အစပိုင်းတုန်းက ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာ ကြောင့် ခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး ၊ အခုအခါ မှာတော့ ပြန်လည် သက်သာလာကာ ၊ မနေ့ က စတင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် မှာ ပြန်လည် ပါဝင်လာခဲ့ပါတယ် ။

ဟာဇတ် ဟာ ဒီနှစ် ဘောလုံး ရာသီ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မှာ ချယ်လ်ဆီး အသင်း ကနေ ရီးရဲလ်မက်ဒရစ် အသင်း ကို ပေါင်သန်း ၉၀ နဲ့ ပြောင်းရွှေ့လာခဲ့ကာ ၊ ရီးရဲလ်မက်ဒရစ် အသင်း ပရိသတ် တွေရဲ့ ကြီးမားတဲ့ မျှော်လင့်ချက် ထားခြင်း ကို ခံခဲ့ရပေမယ့် ၊ ဒဏ်ရာ ပြဿနာ တွေနဲ့ လုံးပန်းနေခဲ့ရကာ ၊ ခြေစွမ်းကောင်းကောင်း မပြသနိုင်ပဲ ဖြစ်ခဲ့ရပါတယ် ။

ဒီရာသီ ခြေစမ်း ခရီးစဉ် အတွင်း မှာ တကြိမ် ၊ ဒီဇင်ဘာ အစောပိုင်း ကာလ မှာ တကြိမ် ဒဏ်ရာ ရခဲ့တဲ့ ဟာဇတ် ဟာ ပြီးခဲ့တဲ့ မတ်လ အစောပိုင်း မှာ ကစားခဲ့တဲ့ လီဗန်တေး အသင်း နဲ့ ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ထပ်မံ ရရှိခဲ့တာ ဖြစ်ပါတယ် ။ ၎င်းရဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝ ပထမဆုံး ရာသီ ကတော့ ကံဆိုးတယ် လို့ပဲ ဆိုရမှာ ဖြစ်ပါတယ် ။

တဖက်မှာ ဟာဇတ် ရီးရဲလ်မက်ဒရစ် ကို ပြောင်းရွှေ့လာခြင်း ဟာ ချန်ပီယံလိဂ် ဖလား နဲ့ Ballon D’Or ဆု ကို ရရှိလိုတဲ့ အတွက်ကြောင့် လို့ အများက ယူဆနေကြပါတယ် ။ အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟာဇတ် အနေနဲ့ ဒီနှစ် ဘောလုံး ရာသီ ကို ဒဏ်ရာ ပြဿနာ တွေ အပြင် ၊ ခြေစွမ်းပြဖို့တောင် ရုန်းကန်ခဲ့ရတာကြောင့် လာမယ့် ရာသီ မှာ ခြေစွမ်းပြနိုင်ဖို့ လိုအပ်နေပါတယ် ။

ရီးရဲလ်မက်ဒရစ် ပရိသတ် တွေ မျှော်လင့်ထားတဲ့ အတိုင်း ဟာဇတ် တယောက် မဖြစ်လာသေးပေမယ့် ၊ ဘယ်လ်ဂျီယမ် လက်ရွေးစင် အသင်း နည်းပြ ရောဘတ်တို မာတီနက်ဇ် ကတော့ ဟာဇတ် ဟာ အနာဂတ် မှာ Ballon D’Or ဆု ရနိုင်တယ် လို့ အတိအလင်း ထောက်ခံ ပြောဆိုလိုက်ပါတယ် ။

စပိန် သတင်း ဌာန Cadena Ser နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ မာတီနက်ဇ် က ” အီဒင် ဟာ ရီးရဲလ်မက်ဒရစ် အသင်း နဲ့ Ballon D’Or ဆုကို သေချာပေါက် ဆွတ်ခူးနိုင်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ယုံမှား သံသယ ဖြစ်စရာ မလိုပါဘူး ။ လွန်ခဲ့တဲ့ ၈နှစ် အတွင်း ချယ်လ်ဆီး အသင်း မှာ အီဒင် ကစားခဲ့တဲ့ ပွဲတွေမှာ ၁၈ပွဲပဲ ရှုံးခဲ့တာပါ ။ “

” ပီအက်စ်ဂျီ အသင်း နဲ့ ပွဲမှာ သူ ဒဏ်ရာ မရခင် ကတည်းက သူ့မှာ နာကျင်မှု များစွာ ရှိနေတယ် ဆိုတာကို ကျွန်တော်တို့ သတိထားမိမှာပါ ။ ဒါပေမယ့် သူဟာ ရီးရဲလ်မက်ဒရစ် အသင်းဖော် တွေနဲ့ အချိတ်အဆက်ကောင်း တချို့ ရနေပြီ ဖြစ်သလို ၊ မက်ဒရစ် မှာလည်း သူ ပျော်ရွှင်နေပါပြီ ။ ကျွန်တော် ကတော့ အီဒင် ဟာ အောင်မြင်မှုတွေ ယူဆောင်ပေးမယ့် ကစားသမား ဆိုတာ ရီးရဲလ်မက်ဒရစ် ပရိသတ် တွေ ယုံကြည်နေမယ် လို့ ထင်ပါတယ် ။ “

” နောက်ဆုံး ခွဲစိတ်ထားတဲ့ ဒဏ်ရာ က ပြန်လာပြီး နောက်ပိုင်း သူ အရမ်း ပျော်ရွှင်နေတဲ့ ပုံပါ ။ အီဒင် ရဲ့ ကစားပုံ ကို ကြည့်ရင် သူ့ရဲ့ ဘောလုံး ထိန်းသိမ်းပုံ အပေါ် ပိုင်နိုင်မှု ၊ ကစားပုံ ညက်ညောမှု ၊ သက်တောင့်သက်သာ ရှိမှု တွေကို ခံစားရမှာပါ ။ သူ တက်လှမ်းနေတဲ့ ခြေလှမ်းတိုင်း တွေမှာ ကြီးကျယ်တဲ့ အချက်အလက် မှတ်တမ်း တွေ အများကြီး သယ်ဆောင်နေခဲ့တာပါ ။ “

” မကြာခင် ပြန်စနိုင်တဲ့ လာလီဂါ ပြိုင်ပွဲ မှာ သူ့ အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်း နဲ့ အတူ ရာသီကုန် အထိ ကစားပေးပြီးမှ ယူရို ပြိုင်ပွဲ အတွက် လက်ရွေးစင် အသင်း ကို လာရောက် ပူးပေါင်းမယ် ဆို ကျွန်တော့ အတွက် ပြဿနာ မရှိပါဘူး ။ အခု သူဟာ အရမ်း ပျော်ရွှင်နေသလို ၊ ဒီရာသီ ပြီးဆုံးတဲ့ အထိ သူ့ရဲ့ ပျော်ရွှင်မှု တွေ ဆက်လက် မြင်တွေ့ရဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ မာတီနက်ဇ် ဟာ မကြာသေးခင်ကပဲ ဘယ်လ်ဂျီယမ် လက်ရွေးစင် အသင်း နဲ့ လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးဆုံးသည် အထိ ထပ်မံ သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားပြီး ဖြစ်ပါတယ် ။

SPORTS MYANMAR