စတုတ်စီးတီးရဲ့ နာမည်ကျော် လက်ပစ်ဘောဒဏ်ကို အကြီးအကျယ် ခံခဲ့ရပြီးနောက် လက်ပစ်ဘောစည်းမျဉ်းကို ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ အာဆင်ဝင်းဂါး

အာဆင်နယ် အသင်း နည်းပြကြီး အာဆင်ဝင်းဂါး ဟာ စတုတ်စီးတီး အသင်း နဲ့ ဒီလက်ပ် ရဲ့ အမှတ်အသား တစ်ခု ဖြစ်တဲ့ ဂိုးဧရိယာထဲ ပစ်ထည့်တဲ့ လက်ပစ်ဘောဒဏ်ကို အကြီးအကျယ် ခံရပြီးနောက် လက်ပစ်ဘော စည်းမျဉ်းကို ပြောင်းလဲဖို့ အထိ ကြိုးစားခဲ့ကြောင်း တိုနီပူးလစ် က ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဝေးလ်စ် လူမျိုး နည်းပြ တိုနီပူးလစ် ကိုင်တွယ်တဲ့ စတုတ်စီးတီး အသင်းရဲ့ ခပ်ကြမ်းကြမ်း ကစားပုံ ၊ အဝေးရောက် လက်ပစ်ဘောတွေကြောင့် အမြဲလိုလို ရုန်းကန် ခဲ့ရပြီး ရှုံးပွဲတွေ ဆက်တိုက် ကြုံ တွေ့ ခဲ့ ရပါတယ် ။

Sponsored

စတုတ်စီးတီး အသင်းဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အတွင်း ဒီလက်ပ် ရဲ့ နာမည်ကျော် လက်ပစ်ဘောတွေကြောင့် အာဆင်နယ် အသင်းနဲ့ကစားခဲ့တဲ့ ရှစ်ပွဲမှာ ငါးပွဲ အထိ အနိုင်ရအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်း နည်းပြကြီး အာဆင်ဝင်းဂါး ဟာ စတုတ်စီးတီး အသင်း ကို ရပ်ဘီ အသင်းလို့ နာမည်တပ် ခဲ့ပြီး ၊ ၂၀၀၉ ခုနှစ်တုန်းကလည်း လက်ပစ်ဘော အစား ခြေထောက်နဲ့ ကန်တဲ့ နည်းလမ်းကို အသုံးပြုဖို့ တိုက်တွန်း အကြံဉာဏ် ပေးခဲ့ပါတယ် ။

Sponsored

တိုနီပူးလစ် က ဒီအကြောင်းတွေကို That Peter Crouch podcast မှာ ” ဝင်းဂါး က ကျနော်တို့ကို ရပ်ဘီ အသင်းလို့ အရင်ဦးဆုံး ပြောခဲ့တာပါ ၊ အဲ့တုန်းက အိမ်ကွင်းမှာ သူတို့ကို တတိယကြိမ်မြောက် အနိုင် ယူခဲ့တာပါ ။ ”

” အာဆင်နယ်ဟာ သူတို့ထက် အရည်အသွေးပိုင်းကော ၊ ငွေကြေး သုံးစွဲမှု အပိုင်းကော ၊ ထောက်ပံ့မှု အပိုင်းကော အားနည်းတဲ့ စတုတ်စီးတီး အသင်းကို ဘာကြောင့် အမြဲလိုလို ရှုံးနေရတာလဲ ဆိုတဲ့ မေးခွန်းကို အာဆင်း က ဖြေကြားဖို့ရှောင်နေတတ်ပါတယ် ။ ”

” ဗီအဲရာ က ပွဲတစ်ခုမှာ ကျနော့်ကို ပြောဖူးတာ ရှိပါတယ် ၊ အာဆင်နယ် ဟာ စတုတ်စီးတီး နဲ့ ကစားရတာကို မုန်းတီး နေကြောင်း နဲ့ ကျနော်တို့ အသင်းဟာ အာဆင်ဝင်းဂါး စကားထဲ ထည့်ပြောရပြီး သေချာ ပြင်ဆင် ရတဲ့ အသင်း ဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ် ။ ”

“တစ်နှစ်တော့ ဝင်းဂါး က ကျနော်တို့ မြက်ခင်းတွေဟာ အရမ်း ရှည်လျား နေကြောင်း အက်ဖ်အေကို စာရေးပြီး တိုင်တန်း ခဲ့ပါတယ် ၊ ဒိုင်လူကြီးကော စည်းကြပ်ဒိုင်တွေကော လာရောက်ပြီး မြက်ခင်း အရှည်ကို တိုင်းတာ ခဲ့ရပါတယ် ၊ အာဆင်း တစ်ယောက် လက်ပစ်ဘောကို ပယ်ဖျက်ဖို့ နဲ့ ခွင့်မပြုဖို့ အကြံပေးတာကိုလည်း သိပါတယ် ၊ သူပြောတဲ့ စကားတွေက ကျနော်တို့ နားထဲမှာ သီချင်းသံတွေ ကြားနေရသလိုပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

 

SPORTS MYANMAR