” ချယ်လ်ဆီး အသင်း ရဲ့ ချန်ပီယံလိဂ် ဖလား ကို ကျွန်တော် လက်ဖျားနဲ့တောင် မထိခဲ့ပါဘူး ” – လူကာကူ

လက်ရှိ အင်တာမီလန် အသင်း ရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ရဲ့ အစောပိုင်း ကာလ တွေမှာ ချယ်လ်ဆီး အသင်းသား တဦး ဖြစ်ခဲ့ပါတယ် ။ ၎င်းဟာ ၂၀၁၁ ခုနှစ် မှာ အန်ဒါလက်ချ် အသင်း ကနေ ချယ်လ်ဆီး အသင်း သို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ် ။

လူကာကူ ချယ်လ်ဆီး ကို စရောက်လာပြီး နောက်တရာသီ မှာ ချယ်လ်ဆီး အသင်း ရဲ့ သမိုင်းဝင် ချန်ပီယံလိဂ် ဖလား ဆွတ်ခူးတဲ့ အချိန် နဲ့ သွားရောက် တိုက်ဆိုင်နေခဲ့ပါတယ် ။ သို့ပေမယ့် လူကာကူ ဟာ အဲ့ဒီတုန်း က ချယ်လ်ဆီး အသင်း ရဲ့ အရန် အသင်း ကစားသမား တဦး အနေနဲ့သာ ရပ်တည်ခဲ့ရပါတယ် ။

ထိုစဉ် က ချယ်လ်ဆီး အသင်း အထောင် တိုက်စစ် နေရာ မှာ ဝါရင့် အတွေ့အကြုံရင့် စီနီယာ ကစားသမားကြီး တွေ ဖြစ်ကြတဲ့ ဒီဒီယာ ဒရော့ဘာ ၊ ဖာနန်ဒို တောရက်စ် အပြင် ယာယီ နည်းပြ ရောဘတ်တို ဒီမတ်တီယို မတိုင်ခင် နည်းပြဟောင်း အန်ဒရေ ဗီလာ ဘိုအာ့စ် ရဲ့ နေရာပေးခြင်းကို ရရှိနေခဲ့တဲ့ ဒန်နီယယ် စတားရစ် လည်း ရှိနေခဲ့ပါတယ် ။

ဒီ အတွက်ကြောင့် လူကာကူ ဟာ ပထမ အသင်း အတွက် ကစားခွင့်ရဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ် ။ သို့ပေမယ့် မြူးနစ် မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲကိုတော့ လူကာကူ ဟာ ချယ်လ်ဆီး တသင်းလုံး နဲ့ အတူ လိုက်ပါခွင့် ရခဲ့ပြီး ၊ အောင်ပွဲခံ အခမ်းအနား မှာလည်း ပါဝင်နိုင်ခဲ့ပါတယ် ။

 

သို့ပေမယ့် လူကာကူ ကတော့ သူဟာ အဲ့ဒီနှစ် မှာ ချယ်လ်ဆီး အသင်း ရဲ့ သမိုင်းဝင် ချန်ပီယံလိဂ် ဖလား အောင်မြင်မှု အတွက် အဓိက အခန်းကဏ္ဍ က ပါဝင်ခဲ့တာ မဟုတ်လို့ အဲ့ဒီ ဖလား ကို လက်ဖျားနဲ့တောင် မထိခဲ့ကြောင်း နဲ့ ဒီမတ်တီယို ရှေ့က ဘိုအာ့စ် ဟာ ၎င်းကို အခွင့်အရေး တွေ ပေးဖို့ ငြင်းဆိုခဲ့တဲ့ အတွက်လည်း ၎င်းအပေါ် အခုထိ ခွင့်လွှတ်လို့ မရသေးကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ် ။

ဘယ်လ်ဂျီယမ် အခြေစိုက် သတင်းဌာန HLN နဲ့ တွေ့ဆုံခဲ့ရာမှာ လူကာကူ က ” ဒီမတ်တီယို ဟာ ကျွန်တော့ ကို ချန်ပီယံလိဂ် ဖိုင်နယ် ပြီးဆုံးသွားတဲ့ အခါမှာတောင် အသင်း မှာ ဆက်နေဖို့ ပြောခဲ့ပါတယ် ။ အဲ့ဒီ ဖိုင်နယ်ပွဲကိုလည်း ချယ်လ်ဆီး တသင်းလုံး စုံစုံညီညီ လိုက်ပါသင့်တယ် လို့ ယူဆခဲ့ပါတယ် ။ ပွဲပယ်ခံခဲ့ရတဲ့သူတွေ ၊ ချန်ပီယံလိဂ် အတွက် တရားဝင် စာရင်း တင်သွင်းခြင်း မခံရတဲ့ လူငယ် ကစားသမားတွေ အပါအဝင်ပေါ့ဗျာ ။ ”

” အဲ့ဒီ အတွက်လည်း ကျွန်တော် သူ့ကို အရမ်း ကျေးဇူးတင်မိပါတယ် ။ အဲ့ဒီ ချန်ပီယံလိဂ် ဖိုင်နယ် နိုင်ပွဲ ဟာ ကျွန်တော် အမြဲ အိပ်မက်မက်နေခဲ့တဲ့ အရာတွေထဲက တခု ဖြစ်ပါတယ် ။ ခင်ဗျား ဟာ အဲ့လို အချိန်မှာ အသင်းနဲ့ အတူ လိုက်ပြီး ပြည့်ပြည့်ဝဝ အောင်ပွဲခံချင်နေမှာ သေချာပါတယ် ။ နောက်ပြီး အသက် ၁၉ နှစ်တည်းနဲ့ ဒီ အတွေ့အကြုံ ကို ရရှိခဲ့တာ ကျွန်တော့ ရဲ့ ကစားသမား ဘဝ ရှေ့ခြေလှမ်းတွေ အတွက် အတော်လေး အထောက်အကူ ပေးပါတယ် ။ ”

” ဒီ သမိုင်းဝင် ဖလား နဲ့ ပတ်သက်ပြီး တသင်းလုံး အတွက် ကျွန်တော် ပျော်ရွှင် ဝမ်းသာမိပါတယ် ။ ဒါပေမယ့် ကျွန်တော့ ရဲ့ တက်လမ်း ကို ဒီမတ်တီယို မတိုင်ခင် က နည်းပြ ဖြစ်တဲ့ အန်ဒရေ ဗီလာ ဘိုအာ့စ် က ပိတ်ဆို့ခဲ့ပါတယ် ။ ဒီအတွက် ကျွန်တော် သူ့ကို ဘယ်တော့မှ ခွင့်လွှတ်ပေးမှာ မဟုတ်ပါဘူး ။ ”

” ချန်ပီယံလိဂ် ဖလား ကို ကျွန်တော် လက်ဖျားနဲ့တောင် မထိခဲ့ပါဘူး ။ ဘာလို့လဲဆိုတော့ ကျွန်တော် ကိုယ်တိုင် ပါဝင် ကစားပြီး စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အောင်မြင်မှု မဟုတ်ခဲ့လို့ပါ ။ ဒီလို ခံယူချက်မျိုး ကို ကျွန်တော် အသက် ၁၁ နှစ် ကတည်းက စထားခဲ့ပါတယ် ။ အကယ်၍ ကျွန်တော် ဟာ ကလပ် အတွက် ဘာမှ မစွမ်းဆောင်ထားပေးဘူး ဆိုရင် အဲဒီ ကလပ် ဆွတ်ခူးတဲ့ ဖလား ကို ကျွန်တော် မကိုင်မြောက်ဝံ့ပါဘူး ။ ”

” ဒါပေမယ့် ကိုယ် ဒီဖလား ကို ရဖူးတဲ့ အကြောင်း ကိုတော့ ဝံ့ကြွားစွာ ထုတ်ပြောလို့ ရပါတယ် ။ ကျွန်တော် အားသန်တဲ့ နေရာ တွေ မဟုတ်တဲ့ တိုက်စစ် ဘယ်ခြမ်း ၊ တိုက်စစ် ညာခြမ်း တွေမှာ ထွက်ကစားခဲ့ရတာ က ကျွန်တော့ ကို ဘာမှ ထူးပြီး မတိုးတက်လာစေခဲ့ပါဘူး ။ တချိန်တည်းမှာပဲ ခင်ဗျား ဟာ အနာဂတ် အတွက် ကိုယ့်ကိုယ်ကို ပြန်ကြည့်ရပါတယ် ။ ”

” ဒါကြောင့်မို့ ကျွန်တော် ထင်တဲ့ အရာတွေကို ကလပ် ဆီ ပွင့်ပွင့်လင်းလင်း တင်ပြခဲ့ပါတယ် ။ အန်ဒရေ ဗီလာ ဘိုအာ့စ် ဟာ အဲ့ဒီတုန်း က ဖိအားတွေ များနေခဲ့တာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် သူ ကျွန်တော့ ကို အဲ့ဒီလို တက်လမ်း ပိတ်ဆို့တဲ့ ပုံစံမျိုးနဲ့တော့ မဆက်ဆံသင့်ဘူး ဆိုတဲ့ အကြောင်း ကျွန်တော် ပြောချင်တာပါ ။ ”

” ဒီမတ်တီယို ကတော့ ကျွန်တော့ ကို မတူညီတဲ့ ချဉ်းကပ်ပုံ နဲ့ ချဉ်းကပ်ခဲ့ပါတယ် ။ သူ နည်းပြ လည်း ဖြစ်လာရော ၊ ကျွန်တေ် အပါအဝင် အခြား အသင်းသားတိုင်း ကို အရာရာမှာ ပါဝင် လှုပ်ရှားစေခဲ့ပါတယ် ။ ဒါပေမယ့် အဲ့ဒီ မတိုင်ခင်မှာတော့ ကျွန်တော် ဟာ ပိုပြီး တိုးတက်မှု ရှိတဲ့ အဆင့် တဆင့် ကို ရောက်ခဲ့ရမှာပါ ။ တကယ်ပါ ။ ကျွန်တော် ဘိုအာ့စ် ကို လုံးဝ ခွင့်မလွှတ်ပေးနိုင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR