ရီးရဲယ်စူပါစတား ဂါရက်ဘေး ပြောင်းရွေ့သင့်တဲ့ အသင်းကို အကြံပေးလိုက်တဲ့ ဘရာဇီး ကြယ်ပွင့်ဟောင်း ရီဗယ်ဒို (not မန်ယူနိုက်တက် or တော့တင်ဟမ်)

ဘာစီလိုနာ နဲ့ ဘရာဇီး ကြယ်ပွင့်ဟောင်း ရီဗယ်ဒို က ရီးရဲယ်မက်ဒရစ် အသင်းမှာ အဆင်မပြေ ဖြစ်နေတဲ့ ဂါရက်ဘေး အနေနဲ့ လာမည့် အပြောင်းအရွေ့မှာ ပရီးမီးယားလိဂ် ကို ပြန်လည် ပြောင်းရွေ့ သင့်တယ်လို့ အကြံပေး သွားခဲ့ပါတယ်။ ဂါရက်ဘေးဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က တော့တင်ဟမ် ကနေ ရီးရဲယ်ကို ပြောင်းရွေ့ သွားခဲ့တာ ဖြစ်ပြီး ဘာနေဗျူးမှာ ချန်ပီယံလိဂ် ဖလား ၄ ကြိမ် ၊ လာလီဂါ ဖလား ၁ ကြိမ် နဲ့ အခြား ဆုဖလားတွေကို ဆွတ်ခူး နိုင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိ ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘေးဟာ ဇနက်ဒင်းဇိဒန်းရဲ့ နှစ်သက်မှုကို မခံရခြင်း ၊ အသင်းဖော်တွေနဲ့ ဖော်ဖော်ရွေရွေ မရှိခြင်း ၊ ဒဏ်ရာ ပြသနာတွေ မကြာခဏ ကြုံတွေ့ နေခြင်းကြောင့် မက်ဒရစ်မှာ ရုန်းကန် နေရပါတယ်။ ဒါ့ကြောင့်လည်း ဘေးဟာ ဘာနေဗျူး ကနေ ထွက်ခွာဖို့ ပြီးခဲ့တဲ့ နှစ်တွေ ကတည်းက သတင်းတွေ ထွက်နေ ခဲ့ပြီး မက်ဒရစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ ကလည်း ဝေးလ်လက်ရွေးစင်ကို ရောင်းချဖို့ လုပ်ခဲ့ ပေမယ့် ဘေးရဲ့ မြင့်မားတဲ့လစာကို တက်နိုင်တဲ့ အသင်း နည်းပါးလွန်း ခဲ့ပါတယ်။

လာမည့် အပြောင်းအရွေ့မှာ ဂါရက်ဘေးဟာ ဘာနေဗျူး ကနေ ထွက်ခွာဖို့ သေချာသလောက် ဖြစ်နေတယ်လို့ စပိန် သတင်းဋ္ဌာန တွေက ဖော်ပြ နေကြပြီး ၎င်းကို အသင်းဟောင်း တော့တင်ဟမ် ၊ ယူနိုက်တက် နဲ့ မေဂျာလိဂ် အသင်းတွေက စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။ ရီဗယ်ဒို ကတော့ ငွေကြေး ကြွယ်ဝလှတဲ့ ဆော်ဒီ စီးပွားရေး အုပ်စုရဲ့ လက်အောက်ကို ကျရောက်တော့မယ် နယူးကာဆယ်ဟာ ဂါရက်ဘေး အတွက် အကောင်းဆုံး နေရာ ဖြစ်လာ နိုင်တယ်လို့ ဆိုလိုက်ပါတယ်။

ရီဗယ်ဒိုက “ဂါရက်ဘေးကို မေဂျာလိဂ် ကလပ်တွေက ကမ်းလှမ်း နေကြတယ်လို့ ကောလဟာလ သတင်းတွေ ထွက်ပေါ် နေခဲ့ပါတယ်။ ပြီးတော့ သူဟာ အမေရိကကို မကြာမီ ပြောင်းရွေ့ တော့တယ်လို့လည်း ဖော်ပြ နေကြ ပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ သူဟာ အသက် ၃၀ ပဲ ရှိသေးတာကြောင့် မေဂျာလိဂ်ကို မပြောင်းမီ ဥရောပ ဘောလုံးလောကမှာ သူ့ရဲ့ အရည်အသွေးကို ချပြ နိုင်စွမ်း ရှိနေ သေးတယ်လို့ ထင်နေ ဆဲပါ။

ကျွန်တော် ကတော့ သူ့ရဲ့ ရီးရဲယ်မက်ဒရစ် ကစားသမား ဘဝဟာ ပြီးဆုံးတော့မယ်လို့ ကျွန်တော် ယုံကြည် ပါတယ်။ အဲဒီမှာ သူ့ရဲ့ ပွဲထွက် ကစားခွင့်ဟာ အကန့်အသတ်တွေ ရှိနေတယ် မဟုတ်လား။ အထူးသဖြင့် လာမည့် နွေရာသီ မှာ နောက်ထပ် ကစားသမားသစ်တွေ ထပ်ရောက်လာဖို့ ရှိနေ သေးတာကြောင့် သူ့ရဲ့ အခွင့်အရေးက ပိုပြီး နည်းသွား မှာပါ။

သူဟာ ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်း ကလပ်မှာ ပြသနာ အချို့ ရှိနေ ခဲ့ပြီး ရီးရဲယ်ဘက်က သူ့ကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမား တစ်ဦး အဖြစ် မယုံကြည်တော့ ပါဘူး။ ဒီအတွက်ကြောင့် ရီးရဲယ်မက်ဒရစ် ကနေ ထွက်ခွာဖို့ဟာ ရာခိုင်နှုန်း အများဆုံး ဖြစ်နေ ပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို ဥရောပမှာ နောက်ထပ် ၂ နှစ် ၃ နှစ်ကျော်လောက် ထပ်ကစား သင့်တယ်လို့ အကြံပြုချင် ပါတယ်။ ပရီးမီးယားလိဂ်ကို ပြောင်းရွေ့ခြင်းဟာ အခု ဆိုရင် သူ့အတွက် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်နိုင် ပါတယ်။

နယူးကာဆယ် အသင်းဟာ သူတို့ရဲ့ ပိုင်ရှင်သစ်ကြောင့် ဒီနွေရာသီမှာ ငွေကြေး များစွာ ရင်းနှီး မြှပ်နှံ သွားနိုင်ပါတယ်။ ဒါဟာ ဂါရက်ဘေး အတွက် အကောင်းဆုံး နေရာ ဖြစ်နိုင်ပြီး သူဟာ နယူးကာဆယ်မှာ စူပါစတား ဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်လည် ရရှိ နိုင်တဲ့ အပြင် ငွေကြေး များစွာလည်း ဆက်လက် ရရှိ နေအုံးမှာပါ။ သူဟာ ထိပ်တန်း ကစားသမား အဖြစ် ဆက်ရှိ နေသေးတယ် ဆိုတာကို ပြသနိုင်ဖို့ အတွက် ဒါဟာ အကောင်းဆုံး အခွင့်အရေး ပါပဲ။ သူ အဲဒီမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး အဖြစ် ပြန်လည် ယူဆ ခံရနိုင် ပါတယ်။

ဒါ့ကြောင့် အကယ်၍ နယူးကာဆယ် ဘက်က တကယ် ကမ်းလှမ်းမှု ရှိလာ ခဲ့မယ် ဆိုရင် ကျွန်တော် ကတော့ သူ ဒါကို လက်ခံ သင့်တယ်လို့ ထင်ပါတယ်။ နယူးကာဆယ် အသင်းမှာ သူဟာ အသင်းရဲ့ အကြီးမားဆုံး ကြယ်ပွင့် ဖြစ်နိုင် ပါတယ်။ ပြီးတော့ ပရီးမီးယားလိဂ် မှာ ရာသီကောင်း တစ်ခု ရဖို့ ပြန်လည် ဖွဲ့စည်း နေမယ့် ကလပ်ကို ဦးဆောင် သွားနိုင်ပါတယ်။” လို့ အကြံပေးလိုက် ပါတယ်။

SM