သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝ အနာဂတ် နဲ့ ပတ်သက်ပြီး ဝန်ခံ ပြောကြားလိုက်တဲ့ မီခီတာရန်း

အာမေးနီးယား အသင်း ခေါင်းဆောင် မီခီတာရန်း က သူဟာအာဆင်နယ်အသင်းကို ပြန်လာဖို့ လုံးဝ အစီအစဉ်မရှိကြောင်းနဲ့ရိုးမားအသင်းကိုပဲအပြီးသတ်ပြောင်းရွှေ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားချင်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ်အသင်းနဲ့မန်ယူနိုက်တက်အသင်းတို့ဟာပြီးခဲ့တဲ့နှစ်၊၂၀၁၈ခုနှစ်၊ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ဆန်းချက်ဇ် နဲ့ မီခီတာရန်းကိုကစားသမားချင်းတိုက်ရိုက် အလဲအထပ် ပြုလုပ်ခဲ့ပြီး နှစ်ဦးစလုံးဟာ သက်ဆိုင်ရာ ကလပ် အသင်းတွေမှာ ခြေစွမ်းပြဖို့ ရုန်းကန် ခဲ့ရပါတယ်။

မီခီတာရန်း ဟာ အာဆင်နယ် အသင်း နဲ့ ပွဲဦးထွက်မှာ ဂိုးဖန်တီးမှုသုံးကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့စွမ်းဆောင်ရည်ပိုင်းကျဆင်းလာကာ မနှစ်ကဆို ပုံမှန် ပွဲထွက်ခွင့်တောင် ရရှိခဲ့ခြင်း မရှိဘဲ ရုန်းကန် ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာတော့ မီခီတာရန်း ဟာစီရီးအေ ကလပ်ရိုးမားအသင်းကိုအငှားပြောင်းရွှေ့သွားခဲ့ပါတယ်။မီခီတာရန်းကနည်းပြဟောင်း အမ်မရီ လက်အောက်မှာ ကစားရတာထက် ရိုးမား အသင်းမှာ ကစားရတာ ပိုပျော်ရွှင်ကြောင်း ပြောကြား ထားဖူးပါတယ် ။

အီတလီမှာ ကိုရိုနာ ဗိုင်းရပ်စ်ဆိုးရွာစွာကူးစက်ပျံ့ပွားနေမှုကြောင့်စီရီးအေပွဲစဉ်တွေ မရပ်နားရမှီမှာ မီခီတာရန်း ဟာ ရိုးမား အသင်း အတွက် ခြေစွမ်းပြ ကစားနေခဲ့ပြီး နောက်ဆုံးလေးပွဲမှာ သွင်းဂိုး သုံးဂိုး ၊ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။

မီခီတာရန်း က ‘A Day with ‘ အစီအစဉ်မှာ “ကျွန်တော်ရိုးမားအသင်းကိုပထမဆုံး စရောက်တဲ့ နေ့ကတည်းက ခံစားချက်ကောင်း ရပါတယ် ၊အဲ့ဒီမြို့မှာ နေထိုင်ရတာ ကျနော့် အတွက် အဆင်ပြေပါတယ် ၊ ကျနော့်ရဲ့ အဓိက ပစ်မှတ်က ချန်ပီယံလိဂ် ကစားရဖို့ နဲ့ တခြားဆုဖလားတွေ ရယူနိုင်ဖို့ပါ ။ “

” လူတွေက စီရီးအေ ကို သိပ်အထင်မကြီးကြပါဘူး ၊ ဒါပေမယ့် ဒီမှာကစားရတာက စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာထက်ပိုပါတယ်၊လိဂ်ပြိုင်ပွဲကပိုပိုကောင်းလာနေတာပါ ၊ ပြီးခဲ့တဲ့နှစ် အပြောင်းအရွှေ့တွေကို ကြည့်ရင် သိနိုင်ပါတယ် ။ “

” ကျွန်တော်အီတလီမှာကစားရတာပျော်ပါတယ်၊ပရိသတ်တွေရဲ့အားပေးမှုကလည်း တကယ့်ကို အားရဖို့ ကောင်းပါတယ် ၊ ကျွန်တော် ရိုးမား အသင်း နဲ့ ပရိသတ်တွေ အတွက် ကစားရတာ ပျော်ပါတယ် ။ “

” ကျနော့် ကစားသမားဘဝ အချိန်က သိပ်မကျန်တော့ပါဘူး ၊ ဒါကြောင့် လက်ကျန် အချိန်မှာ အောင်မြင်မှုတွေရယူနိုင်ဖို့အကောင်းဆုံးကြိုးစားသွားမှာပါ၊ဘာကြောင့်လဲ ဆိုတော့ ကစားသမားဘဝ ကအနားယူတဲ့အခါမှာလာတွေကကိုယ်လုပ်ပြခဲ့တာတွေ ၊ ကိုယ်ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုတွေကိုပဲ အမှတ်ရကြတာပါ ။ “

“ကိုယိကစားတဲ့အသင်းကိုဖလားအောင်မြင်မှုတွေရယူပေးနိုင်ဖို့ကသိပ်အရေးကြီးပါတယ် ၊ ကျနော့်မှာ ဥရောပအကောင်းဆုံးအသင်း၊အကောင်းဆုံးလိဂ်မှာကစားချင်တဲ့ အိပ်မက်အမြဲရှိပါတယ်၊ဒါကိုလည်းဖြည့်ဆည်းနိုင်ခဲ့ပါပြီ။ကျွန်တော့်မှာအရည်အသွေးတွေနဲ့ရောစပ်ပြီးအခုအပြင်းအထန်ကြိုးစားလေ့ကျင့်နေပါတယ်၊တစ်ခါတစ်လေမှာ စွန့်လွတ် အနစ်နာခံဖို့ လိုအပ်ပါတယ် ။ ” လို့ ဆိုပါတယ် ။

ဒါ့အပြင်ရိုးမားအသင်းနည်းပြဖွန်ဆီကာဟာမီခီတာရန်းကိုအပြီးသတ်စာချုပ်ချုပ်လိုကြောင်း ရုရှား တီဗွီ အစီအစဉ် Great Football နဲ့ အင်တာဗျူးမှာ ပြောကြား ခဲ့ပါတယ် ။ ” ကျနော်ကတော့ သူ့ကိုအသင်းမှာဆက်ကစားစေချင်သလိုသူကလည်း ကစားချင်ပါတယ် ။ “

” အခု အချိန်မှာ အရာအားလုံးက ရပ်တန့် ထားရတာပါ ၊ ကျနော်တို့ အာဆင်နယ် နဲ့ ဆွေးနွေး စကား ပြောဆိုသွားမှာပါ၊ကျနော်သူနဲ့အလုပ်အတူတွဲလုပ်ချင်ပါသေးတယ် ၊ သူက ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်သလိုလူကောင်းတစ်ဦးပါ။”လို့ပြောကြား ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ မီခီတာရန်း အတွက် အရင်က ပေါင်၂၂သန်းအထိစျေးခေါ် ထားပေမယ့်အခုအချိန်မှာတော့ပေါင်၈.၇သန်းအထိစျေးလျော့ပေးသွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ် နေပါတယ် ။

SPORTS MYANMAR