ခွဲစိတ်ထားတဲ့ ခြေကျင်းဝတ် ဒဏ်ရာ နဲ့ ပြန်လည် စတင်တော့မယ့် လာလီဂါ ပြိုင်ပွဲ အကြောင်း ဝန်ခံမှု တခု ပြုလုပ်လာတဲ့ #ဟာဇတ်

ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တောင်ပံ ကစားသမား အီဒင် ဟာဇတ် ဟာ ပြီးခဲ့တဲ့ မတ်လ အစပိုင်းတုန်းက ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာ ကြောင့် ခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး ၊ အခုအခါ မှာတော့ ပြန်လည် သက်သာလာကာ ၊ မနေ့ က စတင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် မှာ ပြန်လည် ပါဝင်လာခဲ့ပါတယ် ။

ဟာဇတ် ဟာ ဒီနှစ် ဘောလုံး ရာသီ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မှာ ချယ်လ်ဆီး အသင်း ကနေ ရီးရဲလ်မက်ဒရစ် အသင်း ကို ပေါင်သန်း ၉၀ နဲ့ ပြောင်းရွှေ့လာခဲ့ကာ ၊ ရီးရဲလ်မက်ဒရစ် အသင်း ပရိသတ် တွေရဲ့ ကြီးမားတဲ့ မျှော်လင့်ချက် ထားခြင်း ကို ခံခဲ့ရပေမယ့် ၊ ဒဏ်ရာ ပြဿနာ တွေနဲ့ လုံးပန်းနေခဲ့ရကာ ၊ ခြေစွမ်းကောင်းကောင်း မပြသနိုင်ပဲ ဖြစ်ခဲ့ရပါတယ် ။

ဒီရာသီ ခြေစမ်း ခရီးစဉ် အတွင်း မှာ တကြိမ် ၊ ဒီဇင်ဘာ အစောပိုင်း ကာလ မှာ တကြိမ် ဒဏ်ရာ ရခဲ့တဲ့ ဟာဇတ် ဟာ ပြီးခဲ့တဲ့ မတ်လ အစောပိုင်း မှာ ကစားခဲ့တဲ့ လီဗန်တေး အသင်း နဲ့ ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ထပ်မံ ရရှိခဲ့တာ ဖြစ်ပါတယ် ။ ၎င်းရဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝ ပထမဆုံး ရာသီ ကတော့ ကံဆိုးတယ် လို့ပဲ ဆိုရမှာ ဖြစ်ပါတယ် ။

ဟာဇတ် ဟာ ဒီ ခြေကျင်းဝတ် ဒဏ်ရာ ကို ခွဲစိတ်ဖို့ အတွက် အမေရိကန် နိုင်ငံ သို့ သွားရောက် ကုသမှု ခံယူခဲ့ရပါတယ် ။ ဟာဇတ် ရဲ့ ဒဏ်ရာ အမျိုးအစား ဟာ အမေရိကန် NBA ဘတ်စ်ကတ်ဘော ကစားသမား တွေ မကြာခဏ ရရှိတတ်တဲ့ ဒဏ်ရာ ပုံစံနဲ့ အတော်လေး ဆင်တူတယ် လို့ ဥရောပ မီဒီယာ တွေရဲ့ ဖော်ပြချက် အရ သိရပါတယ် ။

တဖက်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ မတ်လ အလယ် ကတည်းက ရပ်နားထားတဲ့ လာလီဂါ ပြိုင်ပွဲ ကိုလည်း လာမယ့် ဇွန်လ ဒုတိယ အပတ်ထဲမှာ ပြန်လည် ကျင်းပနိုင်ဖို့ ကြိုးစားနေကြပြီး ဖြစ်ပါတယ် ။ ယခု တပတ် ကနေ စပြီး လာလီဂါ ကလပ် တွေရဲ့ လေ့ကျင့်ရေး အစီအစဉ် တွေကို တအုပ်စုလျှင် ကစားသမား ၁၀ ယောက် သာ ခွင့်ပြုပေးထားခြင်းဖြင့် ပြန်လည် စတင်နေကြပါပြီ ။

မနေ့က လေ့ကျင့်ရေး အစီအစဉ် အပြီး ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ တရားဝင် ဝက်ဆိုက် နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ဟာဇတ် က သူ့ရဲ့ ခွဲစိတ်ထားတဲ့ ဒဏ်ရာ အခြေအနေ ဟာ အတော်လေး တိုးတက်လာပြီ ဖြစ်ပေမယ့် အသင်း ရဲ့ ပွဲတွေကို ကစားဖို့ အတွက် အဆင်သင့် ဖြစ်အောင် ကြိုးစားရဦးမှာ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုလာခဲ့ပါတယ် ။

ဟာဇတ် က ” အခုလို အသင်းဖော် တွေနဲ့ လေ့ကျင့်ရေး အစီအစဉ် တွေ ပြန်လည် စတင်နိုင်တာနဲ့ ပတ်သက်ပြီး အရမ်း ဝမ်းသာရပါတယ် ။ အခုတော့ ကျွန်တော် တို့ဟာ လာလီဂါ ပွဲတွေ ပြန်ကစားဖို့ အတွက် စောင့်ဆိုင်းနေကြပါပြီ ။ လောလောဆယ်တော့ ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ”

” ဘောလုံး နဲ့ ဝေးကွာနေတာ ၂လ ကြာခဲ့ပြီ ဖြစ်လို့ ကျွန်တော့ အနေနဲ့ ဒီထက် ပိုပြီး ပြင်းထန်တဲ့ ကြံ့ခိုင်မှု အသားပေး လေ့ကျင့်မှု တွေနဲ့ ဘောလုံး လေ့ကျင့်မှု တွေကို လုပ်ရဖို့ ရှိပါတယ် ။ ကျွန်တော့ အနေနဲ့ ပြန်လည် စတင်မယ့် လာလီဂါ ပွဲမှာ ပြန်ကစားနိုင်ဖို့ အသင့် ဖြစ်နေချင်ပါတယ် ။ ”

” အခု လက်ရှိ ပြုလုပ်နေတဲ့ လေ့ကျင့်ရေး အစီအစဉ် တွေက မျှော်မှန်းထားတာထက် ပိုကောင်းနေပါတယ် ။ ကျွန်တော် တို့ဟာ လေ့ကျင့်မှု တွေကို ကိုယ် အလိုရှိတဲ့ ပုံစံ အတိုင်း လုပ်ဆောင်နိုင်ကြပါတယ် ။ ပထမ တပတ် ကတော့ ကျွန်တော် တို့ အတွက် နည်းနည်း စိမ်းနေခဲ့ပါတယ် ။ ”

” အခု တပတ် မှာတော့ ကျွန်တော် တို့ဟာ အုပ်စုလိုက် လေ့ကျင့်လာနိုင်သလို ၊ တိုက်စစ် ပုံဖော်ဖို့ အတွက်လည်း လေ့ကျင့်နိုင်ကြပါပြီ ။ ကျွန်တော် တို့ဟာ အားလုံး အတူတကွ တစုတစည်းတည်း လေ့ကျင့်လိုကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR