အာဆင်နယ် အသင်းကနေ ထွက်ခွာခဲ့တဲ့အကြောင်းအရင်း နဲ့ ကစားသမားဘဝက အနားယူပြီးပါက ဘာဆက်လုပ်ဖြစ်မလဲဆိုတာ ပြောကြားလိုက်တဲ့ ပိုဒေါစကီး

အာဆင်နယ် အသင်း တိုက်စစ်မှူးဟောင်း ပိုဒေါစကီး က အသင်းမှာ မျှော်လင့် ထားသလောက် ပွဲထွက် ကစားခွင့် မရတာကြောင့် ထွက်ခွာ ခဲ့ရတာ ဖြစ်ကြောင်း နဲ့ ကစားသမား ဘဝက အနားယူပြီးပါက ကိုယ်ပိုင် စီးပွားရေး ဒါမှမဟုတ် နည်းပြ လောကထဲ ဝင်ရောက်ချင်ကြောင်း ပြောကြား လိုက်ပါတယ် ။

ပိုဒေါစကီးဟာ ၂၀၁၂ ခုနှစ်တုန်းက ကိုလုံး အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်း နဲ့ ရောက်ရှိလာခဲ့သူပါ ။ ဂျီရူး ၊ ကာဇိုလာ တို့နဲ့ အတူ တစ်ချိန်တည်းမှာ အာဆင်နယ် အသင်းကို ရောက်ရှိလာတဲ့ ပိုဒီ ဟာ ကွင်းတွင်း စွမ်းဆောင်ရည်ထက် ကွင်းပြင်ပ ပြုမှု နေထိုင်ပုံတွေကြောင့် ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို အခိုင်အမာ ရရှိ ခဲ့သူပါ ။

အားပါ ပြင်းထန်တဲ့ ဘယ်ခြေကန်ချက်တွေဟာ ပိုဒီရဲ့ အမှတ်အသား တစ်ခု ဖြစ်ခဲဲ့ပြီး အာဆင်နယ် အသင်းအတွက် ၈၁ ပွဲ ကစားရာမှာ ၃၁ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြု လုပ် နိုင် ခဲ့ပါတယ် ။ပိုဒီ ဟာ အာဆင်နယ်မှာ အထောင်တိုက်စစ်မှူး နေရာမှာထက် တောင်ပံ မှာသာ ပွဲအများစု ကစားခဲ့ရပါတယ် ။

ဒါပေမယ့်လည်း အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါး ဟာ ပိုဒေါစကီး ကို ပွဲချိန်ပြည့် ထည့်ကစားတဲ့ ပွဲ အတော်လေး နည်းပါး ခဲ့ပါတယ် ။ ၂၀၁၅ ခုနှစ်မှာတော့ ပိုဒေါစကီး ဟာ အင်တာမီလန် အသင်းကိုအငှားထွက်ကစားခဲ့ပြီးလအနည်းငယ်အကြာမှာတော့ ဂါလာတာစာရေးကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ် ။

ပိုဒေါစကီး က Arsenal Player နဲ့ အင်တာဗျုးမှာ ” အခြေအနေတစ်ခုကြောင့်ပါ ၊ ခင်ဗျား အနေနဲ့ အသင်းမှာ ပွဲထွက် ကစားခွင့် မရရင် ပျော်မှာ မဟုတ်ပါဘူး ၊ နည်းပြကိုယ်တိုင်က ကိုယ့်ကို သဘောမကျတာလည်း ဖြစ်နိုင်သလို ကိုယ်ကလည်း သူစိတ်တိုင်းကျ မကစားနိုင်တဲ့ အခါမျိုး ၊ နည်းပြ ကိုယ်တိုင်က ကိုယ့်ထက် တခြား ကစားသမားကို သဘောကျနေရင် အသင်းမှာ ပျော်မှာ မဟုတ်ပါဘူး ။ ”

” ကျွန်တော်ကိုယ်တိုင်လည်း နားမလည် နိုင်ခဲ့ပါဘူး ၊ ကျွန်တော် ကောင်းကောင်း ကစားနိုင်ပြီး ဂိုးသွင်းနိုင်ခဲ့တဲ့ပွဲတွေ ရှိပေမယ့် နောက်ပွဲကျရင် အရန်ခုံ ပြန်ထိုင်နေရတာပါပဲ ၊ ဒါကြောင့်လည်း ဒီအခြေအနေတွေကို ပြောင်းလဲဖို့ ကြိုးစားရတော့မယ်လို့ စဉ်းစား တွေးတော မိခဲ့ပါတယ် ။ ”

” ကျွန်တော် အာဆင်နယ် အသင်း အတွက် ပွဲထွက် ကစားဖို့ အဆင်သင့် ဖြစ်နေခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဖြစ်မလာ ခဲ့ပါဘူး ၊ ဒါမျိုးက ဘောလုံး ဒါမှမဟုတ် အားကစားမှာ ဖြစ်လေ့ ဖြစ်ထ ရှိပါတယ် ၊ ဒါကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ ၊ ဒါဟာ ဘဝ ၊ ဒါဟာ အားကစား တစ်ခုပါပဲ ။ ”

” ကျွန်တော် မထွက်ခွာချင်ပေမယ့် ထွက်ခွာဖို့ ဆုံးဖြတ် ခဲ့ရပါတယ် ၊ကျနော် ဘောလုံး ကစားချင်တယ်လေဗျာ ၊ ကျွန်တော် အာဆင်နယ် အသင်းမှာ နှစ်​တွေ အများကြီး ကစားချင် ခဲ့ပါတယ် ၊ အဲ့ဒီမှာ ခံစားမှုကောင်းတွေ ရရှိခဲ့ပါတယ် ။ ”

” အသင်းဖော်တွေ ၊အသင်းက ဝန်ထမ်းတွေ အပြင် အားလုံးနဲ့ ရင်းရင်းနှီးနှီး ရှိပါတယ် ၊ မိသားစု တစ်စုလိုပါပဲ ၊ အရမ်းကောင်းတဲ့ ပရိသတ်တွေနဲ့ ကြီးကျယ် ခမ်းနားတဲ့ ဘောလုံးကွင်းကြီးလည်း ရှိပါတယ် ၊ အရာအားလုံးပါပဲ ၊ ကျနော် အဲ့ဒီမှာ ကစားရတာ နှစ်သက်ပေမယ့် အဆုံးသတ်မှာတော့ ထွက်ခွာဖို့ အကြောင်းဖန် လာခဲ့ပါတယ် ။ ”

” ကျွန်တော် အာဆင်း နဲ့လည်း စကားပြောဖြစ်ခဲ့ပါတယ် ၊ ကျွန်တော် ပွဲထွက် ကစားခွင့် ရချင်တယ် ဒါမှမဟုတ် စောစောစီးစီး လူစားဝင် ကစားချင်တယ် ဆိုတာကိုပါ ၊သူက နည်းပြ ဖြစ်တာကြောင့် ဆုံးဖြတ်ခွင့် ရှိပါတယ် ၊ သူက ကစားသမားတွေကို အခွင့်ထူး နဲ့ အမြဲတမ်း ပွဲထွက်ခွင့် မပေးနိုင်ကြောင်း ပြောခဲ့ပါတယ် ။ ”

” ဘယ်နည်းပြမှလည်း ပေးမှာ မဟုတ်ပါဘူး ၊ ဒါကြောင့် ကျွန်တော့် ကစားသမား ဘဝ ရှေ့ရေးအတွက် ဆုံးဖြတ် ခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ဆက်လက်ပြီး ပိုဒေါစကီး က ကစားသမား ဘဝက အနားယူပြီးပါက ဘာဆက်လုပ်ဖြစ်မလဲ ဆိုတာ ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ ၊ ကျွန်တော် နောက်ထပ် သုံး လေးနှစ်လောက် ကစားနိုင်ပါသေးတယ် ၊ ပြီးရင်တော့ အတန်ကြာ အနားယူပါမယ် ၊ အခု အချိန်မှာတော့ အစီအစဉ် မဆွဲရသေးပါဘူး ၊ အသင်းဖော်တွေနဲ့ အတူ ဘောလုံးကစားချင်နေသေးပြီး ရမှတ် သုံးမှတ်အတွက် အပတ်စဉ် တိုက်ပွဲ ဝင်ချင်နေသေးပါတယ် ။ ”

” အနားယူပြီးရင်တော့ ကျွန်တော့်မှာ ကိုယ်ပိုင် စီးပွားရေး ရှိပါတယ် ၊ လူငယ် အသင်းမှာ နည်းပြ လုပ်နိုင်ချေ ရှိသလို မွေးရပ်မြေ ကိုလုံး ၊ ဒါမှမဟုတ် အာဆင်နယ် ၊ ဂျပန် မှာလည်း အလုပ်လုပ် နိုင်ချေ ရှိပါတယ် ၊အချိန်ကစကားပြောသွားပါလိမ့်မယ် ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR