လာလီဂါ ပြိုင်ပွဲ ပြန်လည်စတင်မယ့် ရက်ကို ဖွင့်ချလိုက်တဲ့ လီဂါနက်အသင်း မန်နေဂျာ

လီဂါနက် အသင်းရဲ့ မန်နေဂျာ ဖြစ်သူ ဂျာဗီယာအဂွီရီ က လာလီဂါဟာ ရပ်နား ထားတဲ့ ဘောလုံး ရာသီကို လာမည့် ဇွန်လ ၂၀ ရက်နေ့မှာ စတင်ကာ ဇူလိုင်လ ၂၆ ရက်နေ့မှာ အပြီး ကစားသွားဖို့ စီစဉ် ထားတယ်လို့ ထုတ်ဖော် သွားခဲ့ပါတယ်။ လိဂ်ပြိုင်ပွဲ ဘက်က တရားဝင် ကြေငြာချက် ထုတ်ပြန် ထားခြင်း မရှိသေး ပေမယ့်လည်း မက္ကဆီကို လူမျိုး နည်းပြဟာ လာလီဂါ တာဝန်ရှိသူတွေ သူ့ကို အသိပေး ထားတဲ့ အချက်အလက်ကို ဖွင့်ချ ခဲ့တာ ဖြစ်ပါတယ်။

 

စပိန် ဘောလုံး တာဝန်ရှိသူတွေဟာ ဒီရာသီကို အပြီးသတ် ကစား နိုင်ဖို့ အတွက် ပြိုင်ပွဲတွေ ပြန်လည် ကစား နိုင်မယ့် နည်းလမ်းကို အစိုးရနဲ့ ပူးပေါင်း ကြိုးပမ်း နေကြပါတယ်။

အဂွီရီ က “ကျွန်တေ်ာတို့ လိဂ်ပြိုင်ပွဲကို စတင်မယ့် ရက်ကို ရထားပြီး ဖြစ်ပါတယ်။ လာမည့် ဇွန်လ ၂၀ ရက်နေ့မှာ ကျွန်တော်တို့ လာလီဂါကို စတင်မှာ ဖြစ်ပြီး နောက်ထပ် ငါးပတ် အကြာ ဇူလိုင် ၂၆ ရက်နေ့မှာ ပြိုင်ပွဲကို တရားဝင် အပြီးသတ် ကစား သွားမှာပါ။ ဒီပွဲစဉ်တွေကို စနေ-တနင်္ဂနွေ နဲ့ ဗုဒ္ဓဟူး-ကြာသာပတေး နေ့တွေမှာ ကစား သွားမှာပါ။

လာလီဂါဟာ ကျွန်တော့်ကို တရားဝင် အသိပေး ထားပြီး ဖြစ်ပါတယ်။ ကျွန်တော် ဒါနဲ့ ပက်သက်ပြီး ပျော်ရွှင် နေပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ training အစီအစဉ်ကို ရေးဆွဲ ထားပြီး ဖြစ်လို့ပါ။ ကျွန်တော်တို့ မနက်ဖြန် လေ့ကျင့်မှု စတင် ပါမယ်။ ကံကောင်းစွာနဲ့ ကျွန်တော်တို့ စမ်းသပ် စစ်ဆေးမှုတွေလည်း အောင်မြင် ခဲ့ပါတယ်။” လို့ ဆိုသွား ပါတယ်။

စပိန် ကလပ်တွေ အနေနဲ့ ဆေးစစ်မှုတွေ ပြုလုပ်သွားရန် ၊ ကစားသမားတွေကို လေ့ကျင့်ခန်း ပြန်ဆင်းခိုင်းရန် အတွက် ဒီတစ်ပတ်မှာ training base တွေကို ပြန်လာ ခဲ့ကြပါတယ်။ ကစားသမားတွေ အနေနဲ့ ကနဦး မှာတော့ ကြံ့ခိုင်မှု ပြန်လည် ရရှိဖို့ အတွက် တစ်ဦးချင်း စတင် လေ့ကျင့် သွားရမှာ ဖြစ်ပြီး အဖွဲ့လိုက် လေ့ကျင်မှုတွေ ကိုတော့ နောက်ပိုင်းမှာ လုပ်သွား ရမှာပါ။

စပိန်ဘောလုံး အဖွဲ့ချုပ် (REEF) က ကောင်းကောင်း လေ့ကျင့်ခန်း မဆင်းရတာ ကြာနေပြီ ဖြစ်တဲ့ ကစားသမားတွေ အတွက် ကြံ့ခိုင်မှု ပြသနာတွေ မဖြစ်ပေါ် စေရန် အတွက် လက်ကျန် လာလီဂါ ပွဲစဉ်တွေမှာ တစ်ပွဲကို လူ ၅ ဦး လဲခွင့် ပြုမယ်လို့ အတည်ပြု ထားပြီး ဖြစ်ပါတယ်။

အဂွီရီ က ဒီဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး ဒီစည်းမျဉ်းကို အတည်ပြုဖို့ အတွက် Independent Football Association Board (IFAB) နဲ့ the international body တို့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေရပါတယ်။

အဂွီရီက “အဖွဲ့ချုပ်ဟာ တစ်ပွဲကို လူ ၅ ဦး လဲခွင့် ပြုဖို့ အတွက် ခွင့်ပြု ခဲ့ပါတယ်။ ကျွန်တော့် အတွက် ကတော့ ဒါဟာ တကယ့်ကို အဓိပ္ပာယ် ရှိတဲ့ အရာလို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အိမ်မှာ ရက် ၈၀ လောက် stay home နေနေ ရတဲ့ ကစားသမားတွေဟာ မိနစ် ၉၀ စာ တောင်းဆိုမှုကို ဘယ်လိုလုပ်ပြီး ခံနိုင်မှာလဲ။ ဒဏ်ရာ ပြသနာတွေ ရှောင်ရှား နိုင်ဖို့ အတွက် သူတို့ကို ပုံစံကောင်း ပြန်ရစေဖို့ ဒါကို လိုအပ် ပါတယ်။” လို့ မှတ်ချက် ပေးသွားပါတယ်။

အကယ်လို့များ အဂွီရီ ပြောသလိုသာ ဖြစ်လာ ခဲ့မယ် ဆိုရင် လာလီဂါဟာ ဥရောပ ထိပ်တန်းလိဂ် ငါးခုမှာ ဒုတိယမြောက် ပြိုင်ပွဲ ပြန်လည် ကျင်းပ သွားမယ့် ပြိုင်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ လီဂူးဝမ်း ပြိုင်ပွဲ ကတော့ သူတို့ရဲ့ ဘောလုံး ရာသီကို အဆုံးသတ် ထားခဲ့ပြီး ဘွန်ဒက်လီဂါ ကတော့ လာမည့် မေလ ၁၆ ရက်နေ့မှာပဲ ပြိုင်ပွဲတွေ ပြန်လည် ကစားတော့မှာ ဖြစ်ပါတယ်။ ထိပ်တန်းလိဂ် ငါးခု ပြင်ပမှာတော့ စကော့တလန် ၊ ဘယ်ဂျီယံ နဲ့ နယ်သာလန် လိဂ်တွေ အဆုံးသတ် ထားခဲ့ပေမယ့် ပေါ်တူဂီ စူပါလိဂ် ၊ ပိုလန်လိဂ် ၊ တူရကီ စူပါလိဂ် တို့ဟာ မကြာမီ ပြန်လည် စတင်သွားရန် စီစဉ် နေကြပြီ ဖြစ်ပါတယ်။

SPORTS MYANMAR