ပရီးမီးယားလိဂ် မှာ ပြန်လည် အခြေချဖို့ ရှိမရှိ တုန့်ပြန် ဖြေကြားခဲ့တဲ့ #ဘိုအာ့စ်

လက်ရှိ ပြင်သစ် လီဂူးဝမ်း ကလပ် မာဆေးလ် အသင်း ရဲ့ မန်နေဂျာ အန်ဒရေ ဗီလာ ဘိုအာ့စ် ဟာ ပေါ်တူဂီ လူမျိုး တဦး လည်း ဖြစ်ကာ ၊ ပေါ်တို အသင်း နဲ့ အတူ နာမည်စရခဲ့ပြီးနောက် အင်္ဂလန် ပရီးမီးယားလိဂ် ကို ၂၀၁၁ ခုနှစ် မှာ ပြောင်းရွှေ့ အခြေချခဲ့ပါတယ် ။

ဘိုအာ့စ် ဟာ နာမည်ကြီး ချယ်လ်ဆီး အသင်း ကို ကောင်းကောင်း ကိုင်တွယ် နိုင်ခဲ့ခြင်း မရှိခဲ့တဲ့ အပြင် ၊ ရာသီ တဝက်လောက်မှာပဲ ရာထူး ကနေ ဖယ်ရှားခြင်း ခံခဲ့ရပါတယ် ။ အထူးသဖြင့် ဘိုအာ့စ် ဟာ ချယ်လ်ဆီး အသင်း မှာ စီနီယာ ကစားသမား တွေကို နေရာ မပေးခဲ့တာကြောင့် ၊ ဆက်ဆံရေး ပြိုလဲကျခဲ့ရကာ ၊ ရလဒ်ကောင်း တွေ မစွမ်းဆောင်နိုင်ခဲ့ရတာ ဖြစ်ပါတယ် ။

သို့ပေမယ့် ဘိုအာ့စ် အတွက် ပရီးမီးယားလိဂ် မှာ နောက်ထပ် အခွင့်အရေး ရဖို့ အကြောင်း ဖန်လာခဲ့ကာ ၊ အခြား လန်ဒန် မြို့ခံ ကလပ် တသင်း ဖြစ်တဲ့ တော့တင်ဟမ် အသင်း ဟာ နောက်တရာသီ အစမှာပဲ ဘိုအာ့စ် ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ် ။ ပထမ တရာသီ မှာတော့ ဘိုအာ့စ် ဟာ တော့တင်ဟမ် ရဲ့ ပစ်မှတ် ဖြစ်တဲ့ ထိပ်ဆုံး ၄သင်း စာရင်း ကို ဝင်ရောက်အောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး

တော့တင်ဟမ် အသင်း တာဝန်ရှိသူ တွေကတော့ ၎င်းကို အခွင့်အရေး ထပ်ပေးခဲ့ပါတယ် ။ နောက်တနှစ် မှာ တော့တင်ဟမ် အသင်း ဟာ အဓိက ကစားသမား ဂါရတ်ဘေးလ် ကို ရီးရဲလ်မက်ဒရစ် အသင်း ထံသို့ ရောင်းချခဲ့ပြီး ၊ အဲ့ဒီ က ရရှိလာတဲ့ ငွေကြေး တွေနဲ့ ဘိုအာ့စ် ဟာ ကစားသမား အများအပြား ထပ်ဝယ်ခဲ့ပေမယ့် တယောက် မှ အသုံးမတည့်ပဲ ဖြစ်ခဲ့ရပါတယ် ။

ကစားသမားသစ် တွေသာ အဝယ်များပြီး ရလဒ်ပိုင်း ကောင်းအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ၂၀၁၃ ဒီဇင်ဘာမှာတော့ ဘိုအာ့စ် တယောက် တော့တင်ဟမ် ကနေ အထုတ်ခံခဲ့ရပါတယ် ။ အခုအခါ မှာတော့ ဘိုအာ့စ် ဟာ ကိုယ့်ရဲ့ ဂုဏ်သတင်း တွေကို မာဆေးလ် အသင်း နဲ့ အတူ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေပြီး ၊ ဒီရာသီ မှာ မာဆေးလ် အသင်း ကို အဆင့် ၂ နေရာ မှာ ရပ်တည်အောင် စွမ်းဆောင် ပေးထားပါတယ် ။

ပရီးမီးယားလိဂ် မှာ မျက်နှာပန်း မလှခဲ့တာကြောင့် ဘိုအာ့စ် ဟာ အင်္ဂလန် ကို နောက်တကြိမ် ပြန်လည် အခြေချဖို့ စိတ်နာနေကာ ၊ ပရီးမီးယားလိဂ် ကို ပြောင်းလာဖို့ထက် ဂျေလိဂ် က ကလပ် တသင်း ကိုပဲ ကိုင်တွယ်ဖို့ စိတ်ဝင်စားတဲ့ အကြောင်း ပြတ်ပြတ်ပဲ ထုတ်ပြောလာပါတယ် ။

RMC Sport နဲ့ အင်တာဗျူး မှာ ဘိုအာ့စ် က ” လူတွေက ကျွန်တော့ ကို ပရီးမီးယားလိဂ် ကို ပြန်ဖို့ထက် Dakar Rally ဒေသ မှာပဲ အလုပ်လုပ်တာ မြင်ချင်ကြပါတယ် ။ ပထဝီနည်း အရတော့ ကျွန်တော် ဟာ ဂျပန် မှာ မန်နေဂျာ လုပ်ဖို့ စိတ်ဝင်စားပါတယ် ။ ကျွန်တော် ဟာ ဂျပန် ရဲ့ ဘောလုံးပွဲ တွေနဲ့ သူတို့ရဲ့ ဓလေ့တွေကို လေ့လာချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဘိုအာ့စ် က မာဆေးလ် အသင်း နဲ့ ၎င်းတို့ အကြား အနာဂတ် ကိစ္စ အကြောင်း နဲ့ ပတ်သက်ပြီး ” လက်ရှိ အချိန် ကျွန်တော့ အတွက် အရေးကြီးဆုံး အရာ က အနာဂတ် မှာ အသင်း ကို ဘယ်လို ပုံစံ နဲ့ ဆက်သွားမလဲ ဆိုတာပါပဲ ။ ဒါကို ကျွန်တော့ အနေနဲ့ သေသေချာချာ နားလည် သဘောပေါက်ဖို့တော့ လိုပါမယ် ။ ”

” ကျွန်တော့ နဲ့ တသားတည်း ရှိမယ့် သူတွေကို သေသေချာချာ ပြန်ပြီး ဆန်းစစ်ရပါမယ် ။ ဆုံးဖြတ်ချက် တွေကို ချမှတ်နိုင်ဖို့ လုပ်ပိုင်ခွင့် တချို့ ကိုလည်း ကျွန်တော် တို့ လိုချင်ပါတယ် ။ အခု အချိန်မှာတော့ ကျွန်တော် ဟာ မာဆေးလ် အသင်း မှာ အတော်လေး အဆင်ပြေနေပါတယ် ။ မာဆေးလ် အသင်း နဲ့ အတူ ချန်ပီယံလိဂ် ပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင်ချင်ပါတယ် ။ ”

” ဒါပေမယ့် စီးပွားရေး အခြေအနေ အရ ကျွန်တော် တို့ ဘယ်လောက်ထိ ရှေ့ဆက်နိုင်မလဲ ဆိုတာ အရင် ကြည့်ရပါမယ် ။ ဒီနေရာ မှာ ကျွန်တော် တို့ဖက်က အင်အား တောင့်တင်းမှု မရှိဘူး ဆိုရင် ချန်ပီယံလိဂ် လို ပြိုင်ပွဲ မှာ ကျွန်တော် တို့ ဝင်ပြိုင်ရတာ အလဟဿ ဖြစ်သွားနိုင်ပါတယ် ။ အားကစား ဒါရိုက်တာ နဲ့ အတူ ကျွန်တော် တို့မှာလည်း အပြောင်းအရွှေ့ ဈေးကွက် မှာ အရည်အသွေးမြင့် ကစားသမား တချို့ကို ခေါ်ယူဖို့ ရွေးချယ်ခွင့် ရှိသင့်တယ် လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR