ချယ်လ်ဆီး ကနေ ထွက်ခွာခဲ့ပါက ပတ်ဒရို အနေနဲ့ ဘယ်လိဂ် ကို ပြောင်းရွှေ့သင့်လဲ ဆိုတာ အကြံပြု မက်ဆေ့ချ် ပေးလိုက်တဲ့ #ခရိတ်ဘာလီ

စပိန် ဝါရင့် တောင်ပံ ကစားသမား ပတ်ဒရို ဟာ ဒီနှစ် ဘောလုံး ရာသီ အကုန်မှာ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် သက်တမ်း ပြည့်မြောက်တော့မှာ ဖြစ်ကာ ၊ လာမယ့် ဇူလိုင်လ ၁ရက်နေ့မှာ ချယ်လ်ဆီး အသင်း ကနေ အလွတ် နဲ့ ထွက်ခွာရဖို့ များနေပါတယ် ။

စာချုပ် သက်တမ်း တိုးဖို့ ချယ်လ်ဆီး အသင်း ဖက်က ဆွေးနွေးနေဆဲ ဖြစ်ပေမယ့် ၊ လက်တွေ့ကျကျ ကမ်းလှမ်းမှု တွေတော့ အခုထိ ပြုလုပ်ထားနိုင်ခြင်း မရှိသေးတာကြောင့် ချယ်လ်ဆီး အသင်း နဲ့ ပတ်ဒရို တို့ လမ်းခွဲရဖို့ ပိုပိုပြီး နီးစပ်လာပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် ချယ်လ်ဆီး အသင်း ဖက်က လူငယ် တောင်ပံ ကစားသမား ၂ဦး ဖြစ်တဲ့ ခရစ်တီယန် ပူလီဆစ် နဲ့ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း တို့ကို လာမယ့် ရာသီ မှာ အတွေ့အကြုံ ပိုရစေဖို့ လမ်းဖောက်ပေးတဲ့ သဘော အနေနဲ့ ပတ်ဒရို ၊ ဝီလီယံ တို့လို ဝါရင့် ကစားသမား တွေကို အသင်း ကနေ ထွက်ခွာခွင့် ပြုဖို့ အလားအလာ ရှိနေပါတယ် ။

တဖက်မှာ မော်ရိုကို လက်ရွေးစင် တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ဟာ လာမယ့် ဇူလိုင် ၁ရက်နေ့မှာ အေဂျက်ဇ် အသင်း ကနေ ချယ်လ်ဆီး အသင်း ထံသို့ ယူရို သန်း ၄၀ နဲ့ တရားဝင် ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ် ။ အလားအလာ အနည်းဆုံး မှ အဖြစ်နိုင်ဆုံး ဆုံးဖြတ်ချက် တခု က ပတ်ဒရို နဲ့ ဝီလီယံ အနက် တဦးကိုသာ ချယ်လ်ဆီး တို့ စာချုပ်ချုပ်ဖြစ်ဖို့ ရှိပါတယ် ။

လာမယ့် အပြောင်းအရွှေ့ အတွင်း နောက်ထပ် တောင်ပံ ကစားသမား တဦး ခေါ်ယူဖို့ ချိန်ရွယ်နေဆဲ ဖြစ်ကာ ၊ တန်ကြေး နဲ့ လိုက်ဖက်မယ့် ကစားသမားမျိုး ကို မရခဲ့ဘူး ဆိုရင်တော့ ချယ်လ်ဆီး အသင်း ဟာ ယင်း ဝါရင့် ကစားသမား ၂ဦး အနက် တဦး ကို အသင်း မှာ ဆက်လက် ထိန်းသိမ်းထားဖို့ ကြိုးစားနိုင်ပါတယ် ။

လတ်တလော ကမ္ဘာ တလွှား ကို ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ကြောင့်လည်း အပြောင်းအရွှေ့ နဲ့ စာချုပ် ကိစ္စ တွေမှာ နှောင့်နှေး ကြန့်ကြာမှု တွေနဲ့ ရင်ဆိုင်နေရပါတယ် ။ လက်ရှိ လစာ တပတ် ကို ပေါင် ၁သိန်း ရနေတဲ့ ပတ်ဒရို ဟာ လက်ရှိ ချယ်လ်ဆီး အသင်း အတွင်း လစာများတဲ့ ကစားသမား တွေထဲမှာ ပါဝင်နေတာကြောင့် ၊ ၎င်းကို လက်လွှတ်ဖို့တော့ အခွင့်အလမ်း များနေပါတယ် ။

အကယ်၍ ပတ်ဒရို သာ ချယ်လ်ဆီး ကနေ ထွက်ခွာဖြစ်ခဲ့ပါက ၎င်းအတွက် ရွေးချယ်စရာ နည်းလမ်း ၂မျိုး ရှိပါတယ် ။ တခု က မွေးရပ်မြေ စပိန် ကို ပြန်အခြေချဖို့ နဲ့ နောက်တနည်း က အမေရိကန် မေဂျာလိဂ် ကို ပြောင်းရွှေ့ ကစားဖို့ ဖြစ်ပါတယ် ။ ချယ်လ်ဆီး ကွင်းလယ်လူဟောင်း ခရိတ် ဘာလီ ကတော့ ပတ်ဒရို အနေနဲ့ မေဂျာလိဂ် ပြောင်းရွှေ့သင့်တယ် လို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ် ။

ESPN ရဲ့ အစီအစဉ် တခု မှာ ဘာလီ က ” ကျွန်တော် ကတော့ ပတ်ဒရို ဟာ သင့်တင့် လျောက်ပတ်တဲ့ အဆင့်အတန်း တခု မှာ ဆက်လက် ကစားနိုင်တုန်းပဲ လို့ ထင်ပါတယ် ။ ဒါပေမယ့် ချယ်လ်ဆီး အသင်း ဟာ ငယ်ရွယ်တဲ့ ကစားသမား တွေကို ရှာဖွေနေတဲ့ အသင်းပါ ။ ပတ်ဒရို ကစားနေတဲ့ နေရာ အတွက် သူတို့မှာ ရွေးချယ်စရာ ကစားသမား တချို့ ရှိနေပါတယ် ။ ”

” ဒါကြောင့်မို့ ပတ်ဒရို ဟာ လာမယ့် အပြောင်းအရွှေ့ မှာ အသင်းပြောင်းခဲ့မယ် ဆိုရင် ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူူး ။ တဖက်မှာ သူဟာ ဒဏ်ရာ ပြဿနာ တွေနဲ့ ပတ်သက်လာရင် အတော်လေး ကံကောင်းပါတယ် ။ အထူးသဖြင့် ကျွန်တော့ လို ကြီးကြီးမားမား ဒဏ်ရာ ရခဲ့တာမျိုး သူ မကြုံခဲ့ဖူးပါဘူး ။ ”

” သူ့ကို ကြည့်ရတာ သန်တုန်း ၊ မြန်တုန်း ၊ ဖျတ်ဖျတ်လတ်လတ် ကစားနိုင်တုန်းပါပဲ ။ ဒါဟာ သူ့ဖက်က စွမ်းဆောင် ပေးနိုင်ဆဲ အရာတွေ ဖြစ်ပါတယ် ။ ပတ်ဒရို ကို ကြည့်လိုက်ရင် ခင်ဗျား ဟာ ခံယူချက် မကောင်းတဲ့ ကစားသမား တယောက် လို့ ဘယ်လိုမှ မြင်မိမှာ မဟုတ်ပါဘူး ။ သူဟာ အမြဲတမ်း ပြင်းပြင်းထန်ထန် ကြိုးစားတယ် ၊ အသင်းလိုက် ကစားဟန် ကို ဦးစားပေးပါတယ် ။ ”

” ဒီလို အရာတွေ အားလုံး ကို စုစည်းလိုက်တဲ့ အခါ သူဟာ မေဂျာလိဂ် အတွက် ကြီးကျယ်တဲ့ အပြောင်းအရွှေ့ ဖြစ်နိုင်ပါတယ် ။ အသက် ၃၃ နှစ် ရှိနေပြီ ဖြစ်ပေမယ့် သူဟာ အများကြီး စွမ်းဆောင်ပေးနိုင်ဆဲ ဖြစ်သလို ၊ အလုပ် အရမ်း ကြိုးစားတဲ့ ကစားသမား လည်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR