အကောင်းဆုံးတွေ စုဝေးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်က အင်တာမီလန် တို့ ဘာတွေ ဖြစ်ခဲ့ကြသလဲ ?

အင်တာ မီလန် အသင်းရဲ့ ၁၉၉၉ – ၂၀၀၀ ဘောလုံးရာသီ ကို သိမီ လိုက်သူတွေ ကတော့ အဲ့ဒီ အချိန် တုန်းက အသင်း ဟာ ၂၀၁၀ တုန်းက ဖလား ၃ လုံး အောင်ပွဲကို ရယူ နိုင်ခဲ့တဲ့ အင်တာ မီလန် ထက် ပိုပြီး စိတ်ဝင်စား ဖို့ ကောင်းတယ် ဆိုတာ ကို ဝန်ခံ ကြမှာ ပါ ။ ၁၉၉၈-၉၉ ရာသီ တုန်းက အဆင့် ၈ အထိ ကျဆင်း သွားခဲ့ပြီး ဥရောပ ပြိုင်ပွဲတွေနဲ့ လွဲခဲ့ရတာ ကြောင့် အသင်းပိုင်ရှင် မိုရက်တီ ဟာ အင်တာ မီလန် ကို အကောင်းတကာ့ အကောင်းဆုံး တွေနဲ့ အားဖြည့် ခဲ့ ပါတယ် ။ ဒါပေမယ့် ရာသီအကုန်မှာ တော့ အောင်မြင်မှု နဲ့ လွဲခဲ့ရ ပြန်ပါတယ် ။

အင်တာ ဟာ ၁၉၉၉ နွေရာသီ မှာ နည်းပြ ရွိုင်းဟော့ဆန် နဲ့ လမ်းခွဲ ခဲ့ပြီး အီတလီ နည်းပြကြီး မာဆယ်လို လစ်ပီ ကို ခန့်အပ် ခဲ့ ပါတယ် ။ အဲ့ဒီ နောက် မှာတော့ လာဇီယို တိုက်စစ်မှုး ခရစ်ရှန် ဗီယာရီ ကို အဆိုပါ အချိန် တုန်းက ကမ္ဘာ့ စံချိန်သစ် ဖြစ်ခဲ့တဲ့ ယူရို ၄၉ သန်း နဲ့ ခေါ်ယူ ခဲ့သလို ဒီဘီယာဂျီယို ၊ ပီရူးဇီ ၊ လောရင့် ဘလန့် ၊ ပီနူချီ တို့ကိုလည်း ခေါ်ယူ ခဲ့ ပါတယ် ။

အင်တာ မီလန် မှာ ရော်ဘတ်တို ဘက်ဂီယို ၊ ရိုနယ်ဒို ၊ ဇာမိုရာနို တို့လို တိုက်စစ်မှုးကောင်းတွေ ရှိနေ ခဲ့တာ ကြောင့် ဗီယာရီ ရောက်ရှိလာမှု ဟာ ကမ္ဘာ့ အင်အား အကောင်းဆုံး တိုက်စစ် အစုအဖွဲ့ ကို ဖြစ်စေခဲ့ ပါတယ် ။ ဆောင်းရာသီ မှာလည်း အင်တာ ဟာ အိုင်ဗန် ကော်ဒိုဘား ၊ ဆီးဒေါ့ဖ် ၊ အက်ဒရီယန် မူတူး တို့လို လူငယ် ကြယ်ပွင့်တွေ ကို ငွေသုံးပြီး ခေါ်ယူ ခဲ့ပါသေးတယ် ။

ဒီလို အားဖြည့်မှု တွေ ကြောင့် အင်တာ မီလန် ဟာ စီးရီးအေ မှာ အဖွင့်လှ ခဲ့ပြီး ရိုနယ်ဒို ၊ ဗီယာရီ တို့ရဲ့ သွင်းဂိုးတွေ နဲ့ အတူ အမှတ်ပေး ဇယား ကို ဦးဆောင် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဆောင်းဦး ပေါက် ချိန် မှာတော့ အဓိက တိုက်စစ်မှုး ၂ ဦး စလုံး ဒဏ်ရာတွေ ရရှိ ခဲ့မှု နဲ့ အတူ အင်တာ တို့ စတင် ယိမ်းယိုင် လာခဲ့ရ ပါတယ် ။

အဲ့ဒီ နောက်မှာတော့ နိုင်ပွဲ ဆက်မှုတွေ ပျောက်ဆုံး လာခဲ့ပြီး လာဇီယို ၊ ယူဗင်တပ် တို့ရဲ့ ကျော်တက်မှု ကို ခံခဲ့ရ ပါတယ် ။ ရာသီ အကုန်မှာ ယူဗင်တပ် တို့ ဗိုလ်စွဲ သွားခဲ့ပြီး အင်တာ မီလန် ကတော့ စတုတ္ထ နေရာ အထိ ကျဆင်းသွားခဲ့ ပါတယ် ။

အင်တာ မီလန် ဟာ ဗီရိုနာ ၊ ပါးမား ၊ လက်ချီ ၊ အူဒီနီးစ် ၊ ပီရူးဂျီးယား ၊ ဗီနီဇီးယား ၊ ဘာရီ တို့ နဲ့ ပွဲတွေကို ဂိုးပြတ် အနိုင်ရခဲ့ ပေမယ့် အမှတ်ပေး ဖလား အတွက် အဓိက ပြိုင်ဘက်ဖြစ်တဲ့ အေစီမီလန် ၊ ယူဗင်တပ် ၊ လာဇီယို တို့ နဲ့ ဆုံတွေ့မှုတွေ မှာတော့ ရလဒ်တွေ မကောင်းခဲ့ပါဘူး ။

အင်တာ ဟာ မြို့ခံပြိုင်ဘက် အေစီမီလန် ကို တစ်ကျော့နိုင် တစ်ကျော့ရှုံးခဲ့ ပေမယ့် လာဇီယို ကို ၂ ကျော့စလုံး သရေကျခဲ့ကာ ယူဗင်တပ် ကိုတော့ ၂ ကျော့စလုံး ရှုံးခဲ့ ပါတယ် ။ ဖီအိုရင်တီးနား ကို နှစ်ကျော့စလုံး ရှုံးခဲ့တာ ၊ ဘိုလော့နာ ၊ အူဒီနီးစ် တို့ကို ရှုံးနိမ့်တာတွေ ဟာ အင်တာ မီလန် ရဲ့ တိုက်စစ် အကောင်းဆုံး ရာသီကို နှမြေ တသ ဖြစ်စရာတွေ နဲ့ ကျန်ရစ် စေခဲ့ ပါတယ် ။

ရာသီ အကုန်မှာတော့ အင်တာမီလန် ဟာ အဆင့် ၄ နေရာ နဲ့ ပြီးဆုံး ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် Play-off မှာ ပါးမား ကို အနိုင်ရပြီး ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိခဲ့ ပါတယ် ။ ကိုပါ ဒယ်ရေး ဖလား မှာ ဗိုလ်လုပွဲ တက်နိုင် ခဲ့ ပေမယ့် လာဇီယို ကို အရေးနိမ့်ပြီး ဒုတိယ ဆု နဲ့သာ ကျေနပ် ခဲ့ရ ပါတယ် ။

အင်တာမီလန် ရဲ့ ၁၉၉၉ – ၂၀၀၀ ဘောလုံး ရာသီ ဟာ ရှေ့နှစ် က နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ များစွာ အဆင့် တက်ခဲ့ ပါတယ် ။ ဒါပေမယ့် ကြီးမားတဲ့ ဖြည့်ဆည်းမှုတွေ ၊ ဥရောပ ပွဲ မကစားရမှု တွေ နဲ့ ချိန်ထိုး ကြည့်မယ် ဆိုရင်တော့ အင်တာတို့ ဖလားလက်မဲ့ ဖြစ်ခဲ့တာဟာ စိတ်နာ စရာ ကောင်းခဲ့တယ် လို့ပဲ ဆိုရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR