Good News : အီတလီ စီးရီးအေ ပြိုင်ပွဲ ပြန်လည် စတင်နိုင်တော့မည်

အီတလီ ဝန်ကြီးချုပ် ဖြစ်သူ ဂူဆက်ပီကွန်တီက ပရော်ဖက်ရှင်နယ် အားကစား အသင်းတွေ အနေနဲ့ လာမည့် မေလ ၁၈ ရက်နေ့ ကနေ စပြီး လေ့ကျင့်ခန်းတွေ ပြန်ဆင်းနိုင်ပြီလို့ အတည်ပြု သွားခဲ့ ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီ အစိုးရဟာ နိုင်ငံ တစ်ဝန်းလုံးကို Lockdown ပြုလုပ် ခဲ့တာကြောင့် စီးရီးအေ ပြိုင်ပွဲတွေ ကလည်း မတ်လ ၉ ရက်နေ့ က စပြီး ရပ်နား ထားခဲ့ ရပါတယ်။

စီးရီးအေဟာ ပွဲစဉ် ၂၅ အရောက်မှာ ရပ်နား ခဲ့တာကြောင့် ပွဲစဉ် ၁၂ ပွဲ ကစားဖို့ ကျန်နေသေးတဲ့ အပြင် လက်ကျန် ၄ ပွဲ လည်း ပါဝင် နေပါတယ်။ ကိုပါအီတာလီယာ ဖလား ပြိုင်ပွဲ ကိုလည်း ဆီမီးဖိုင်နယ် ပထမ အကျော့ အပြီးမှာ ရပ်နား ထားခဲ့ ပါတယ်။

ဒီအတွက်ကြောင့် စီးရီးအေ ကလပ်တွေ အနေနဲ့ လာမည့် ဇွန်လ ပထမ အပတ်မှာ ပြိုင်ပွဲတွေ ပြန်လည် စတင် သွားဖို့ ရှိနေပြီး ကွန်တီက ပွဲစဉ်တွေ ပြန်လည် ကျင်းပ နိုင်မယ့် ရက်ကိုတော့ အကဲဖြတ် ရအုံးမယ်လို့ ပြောပါတယ်။ ကွန်တီက အစိုးရ အနေနဲ့ အခြေအနေကို စောင့်ကြည့်ရန် ကျွမ်းကျင်သူတွေ နဲ့ အလုပ်လုပ် သွားပြီး ရပ်နား ထားတဲ့ championships တွေကို ပြီးဆုံးအောင် ကစား နိုင်တဲ့ အခြေအနေတွေ ရှိသလား ဆိုတာ အကဲဖြတ် သွားမယ်လို့ ဆိုလိုက် ပါတယ်။

ကွန်တီက အားကစား သမားတွေ အနေနဲ့ လာမည့် မေလ ၄ ရက်နေ့ ကနေ စပြီး တစ်ဦးချင်း လေ့ကျင့်မှုတွေ ပြုလုပ် နိုင်မှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အဆိုပါ ရက်မှာ အစိုးရဟာ ပန်းခြံတွေ ကို ပြန်လည် ဖွင့်လှစ် သွားမှာ ဖြစ်တဲ့ အပြင် လူတွေ အနေနဲ့ လက်ရှိ နေထိုင်ရာ ဒေသက ဆွေမျိုးတွေဆီ သွားရောက် လည်ပတ် နိုင်မှာလည်း ဖြစ်ပါတယ်။

 

ကွန်တီက “အားကစား ဝန်ကြီး ဗီဆန်ဇို စပါဒါဖိုရာ ဟာ football league တွေကို ပြီးဆုံးအောင် ကစား သွားနိုင်မယ့် နည်းလမ်းကို ကျွမ်းကျင်သူတွေနဲ့ အလုပ်လုပ် သွားမှာ ဖြစ်ပြီး ကျွန်တော်တို့ ဘက်ကတော့ မေလ ၄ရက်နေ့ ကနေ စပြီး တစ်ဦးချင်း လေ့ကျင့်မှု ၊ မေလ ၁၈ ရက်နေ့ ကနေ စပြီး အုပ်စုလိုက် လေ့ကျင့်မှု တွေကို ခွင့်ပြု ထားပြီး ဖြစ်ပါတယ်။

အဲဒီနောက် ရပ်နား ထားတဲ့ လိဂ်ပြိုင်ပွဲ တွေကို ပြီးဆုံးအောင် ကစား နိုင်စွမ်း ရှိတဲ့ အခြေအနေတွေ ရှိသလား ဆိုတာကို ကျွန်တော်တို့ အကဲဖြတ် သွားမှာပါ။ အကယ်၍ ပြီးဆုံးအောင် ကစား နိုင်မယ် ဆိုရင် ကျွန်တော်တို့ဟာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်း တွေနဲ့ သေချာပေါက် ခွင့်ပြု ပေးသွားမှာပါ။ ကျွန်တော်တို့ဟာ ဘောလုံး အိုင်ဒေါ တွေကို ချစ်ခင် နှစ်သက် ကြပါတယ်။ ကျွန်တော်တို့ သူတို့ကို မဖျားနာ စေချင်ပါဘူး။” လို့ ဆိုသွား ပါတယ်။

ကွန်တီက လာမည့် မေလ ၄ ရက်နေ့ ဖြေလျော့မှုတွေ စတင် ပြုလုပ် ပေးတဲ့ အခါ social distancing ကို ဆက်လုပ် သွားဖို့ အရေးကြီးကြောင်းလည်း အသိပေး လိုက်ပါတယ်။ ပန်းခြံတွေကို ပြန်လည် ဖွင့်လှစ်တဲ့ နေရာမှာ လူစုလူဝေး ကို ရှောင်ရှားဖို့ အတွက် မြို့တော်ဝန် အနေနဲ့ လူတွေကို အကန့်အသတ် နဲ့သာ ဝင်ခွင့် ပြုရန် ညွှန်ကြား ထားပါတယ်။ ဆွေမျိုးတွေ ဆီကို သွားရောက် လည်ပတ်တဲ့ အခါမှာလည်း mask တွေ ဝတ်ဖို့နဲ့ ပါတီတွေ မကျင်းပဖို့လည်း အသိပေးထား ပါတယ်။

ကွန်တီက “အကယ်၍ လူတွေ စည်းမျဉ်း စည်းကမ်း အသစ်တွေကို လိုက်နာမှု မရှိဘူး ဆိုရင် ဒီဗိုင်းရပ်စ်ကြောင့် ကူးစက်မှုတွေ ပြန်လည် မြင့်မား သွားနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ကို ထိန်းချုပ် မရ ဖြစ်ပြီး သေဆုံးမှုတွေ ပြန်လည် ထောင်တက် သွားနိုင် ပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံ့ စီးပွားရေးလည်း ပြိုလဲ သွားနိုင်ပါတယ်။” လို့ ဆိုသွားပါတယ်။

SM