Lockdown စည်းမျဉ်းကို ချိုးဖောက်ခဲ့ကြတဲ့ အာဆင်နယ် စတားတွေကို ပြစ်တင် ဝေဖန်လိုက်တဲ့ နေးလ်ဝါနောခ့်

နေးလ်ဝါနောခ့် က ဘောလုံးသမားတွေ အနေနဲ့ ပရိသတ်တွေရဲ့ စံပြ ဖြစ်အောင် နေထိုင်သင့်ပြီး ယူကေ အစိုးရက ချမှတ် ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ lockdown စည်းမျဉ်းကို ချိုးဖောက်တာမျိုး မပြုလုပ် သင့်ကြောင်း သတိပေး စကား ဆိုလိုက်ပါတယ် ။

မနေ့က ဆိုရှယ် မီဒီယာထက်မှာ အာဆင်နယ် အသင်း ကြယ်ပွင့် နီကိုလပ်စ် ပေပေ တစ်ယောက် သူငယ်ချင်းတွေနဲ့ ပန်းခြံမှာ တွေ့ဆုံနေပုံ ၊ လာကာဇက် တစ်ယောက် ကားတံခါးဖွင့်ပြီး အပြင်သွားဖို့ လုပ်နေပုံတွေ တက်လာခဲ့ပါတယ် ။ ဒါ့အပြင် ရှာကာ နဲ့ လူးဝဇ် တို့ဟာလည်း ဆောက်ဂိတ်မှာ ဆုံတွေ့ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ် ။

အဆိုပါ ဓါတ်ပုံ သတင်းတွေ ထွက်လာ အပြီးမှာတော့ အာဆင်နယ် အသင်း တာဝန် ရှိသူ တစ်ဦးက အစိုးရ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အလေးထား လိုက်နာ ပေးဖို့ ကစားသမားတွေကို ညွှန်ကြားမှု ပြုလုပ် ထားတယ်လို့ တုန့်ပြန် ဖြေကြား ခဲ့ပါတယ် ။

ယခုလအစောပိုင်းတုန်းကလည်း တော့တင်ဟမ် အသင်း နည်းပြ မော်ရင်ဟို ဟာ ပန်းခြံထဲမှာ ကစားသမားတွေကို လေ့ကျင့်ခန်း ဆင်းခိုင်း ခဲ့တာကြောင့် ဝေဖန် ပြစ်တင်မှုတွေနဲ့ ရင်ဆိုင် ခဲ့ရပြီး ပြန်လည် တောင်းပန် ခဲ့ရပါတယ် ။

နေးလ် ဝါနောခ့် က TalkSport မှာ ဘောလုံးသမားတွေ အနေနဲ့ lockdown စည်းမျဉ်းတွေကို လေးစား လိုက်နာ သင့်ကြောင်း နဲ့ မြိုခံပြိုင်ဘက်တော့တင်ဟမ် အသင်း ကစားသမားတွေရဲ့ အမှားကို သင်ခန်းစာ မယူတဲ့ အာဆင်နယ် အသင်းသားတွေကို ဝေဖန် သွားခဲ့ပါတယ် ။

ခရစ္စတယ်ပဲလေစ့် နဲ့ ကျူပီအာ နည်းပြဟောင်းနေးလ်ဝါနော့်ခ် က ” သူတို့တွေမှာ တာဝန် ရှိတယ် မဟုတ်ဘူးလား ၊ ပြီးခဲ့တဲ့ အပတ်တုန်းကမှ တော့တင်ဟမ် ကစားသမားတွေ ပန်းခြံထဲ သွားခဲ့တာကြောင့် ပြောခံခဲ့ရပါတယ် ၊ ဒါကို ကြည့်ပြီး သူတို့ သင်ခန်းစာ မယူကြဘူးလား ။ ”

” ကျွန်တော်တို့ လူတွေရဲ့ဘ​ဝ နဲ့ သေဆုံးမှုနှုန်း အကြောင်း ပြောနေကြတာပါ ၊ ဒီရောဂါက နေရာတိုင်းမှာ ဖြစ်နေတာပါ ၊ ကျနော်တို့ အထူး ဂရုစိုက်ဖို့ လိုပါတယ် ၊ ဒီလို ရောဂါဆိုးကြီးကြုံတွေ့ ပြီး ကိုယ့်ရဲ့ နောက်ဆုံးနေ့ရက်တွေကို ကျော်ဖြတ်ရတာက သိပ်ကြောက်ဖို့ ကောင်းပါတယ် ။ ”

” ကျနော် သတင်းတွေ ​ကြားရတာတော့ သုံးနှစ်ကလေး တစ်ယောက် သေလုမြောပါး ဖြစ်နေခဲ့တာတောင် သူ့ရဲ့ မိဘ​တွေက ဝင်ကြည့်ခွင့် မရပါဘူး၊ဘာတွေဖြစ်ပျက်နေမှန်း ကျနော်လည်း မသိတော့ပါဘူး ၊ တကယ့်ကို ကြောက်စရာကောင်းတာပါ ၊ ဒါကြောင့် ချမှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာဖို့လိုပါတယ်၊အာဆင်နယ်အသင်းသားတွေအနေနဲ့လည်း လူကြားထဲ သွားနတာမျိုး မလုပ်သင့်ပါဘူး ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR