အဖြူ နဲ့ အမည်း ၊ အရှေ့ နဲ့ အနောက် လို ကွဲပြားခြားနားနေတဲ့ နေမာ ရဲ့ အရည်အသွေး ၂ ခု ကို ပြောပြသွားတဲ့ ရာဖေးလ်

မန်ချက် စတာ ယူနိုက်တက် နောက်ခံ ကစား သမား ဟောင်း ရာဖေးလ် ဒါဆေးဗား က PSG မှာ ကစား နေတဲ့ ဘရာဇီး လက်ရွေးစင် အသင်းဖော် နေမာ ဒါဆေးလ်ဗား ဂျူနီယာ ရဲ့ ခေါင်းဆောင်မှု အရည် အသွေး အပေါ် မေးခွန်းထုတ် ပြောဆို သွားခဲ့ ပါတယ် ။ ဒါပေမယ့် နေမာ ဟာ သေချာ အာရုံစိုက် ကစားတဲ့ အခါ မျိုးမှာ ကမ္ဘာ့ အကောင်းဆုံး ကစား သမား တစ်ယောက် လို ကစား နိုင်ကြောင်း လည်း ရာဖေးလ် က ပြောဆို သွားခဲ့ သလို ဘရာဇီး ကို ကမ္ဘာ့ ဖလား ယူပေးလိုပါက နေမာ ရဲ့ ခံယူချက်တွေကို ပြောင်းလဲ ဖို့ လိုအပ်ကြောင်း ဆိုသွားခဲ့ ပါတယ် ။

နေမာ ဟာ ၂၀၁၈ ကမ္ဘာ့ ဖလား ပြိုင်ပွဲ ရဲ့ ဘရာဇီး အသင်းမှာ ကပ္ပတိန် အဖြစ် တင်မြှောက် ခံခဲ့ ရ ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ ဦးဆောင် နိုင်စွမ်း အပေါ် သံသယ ဝင်ခဲ့တာ ကြောင့် ပြီးခဲ့တဲ့ ကိုပါ အမေရိက ဖလား ပြိုင်ပွဲ မှာ အသင်း ခေါင်းဆောင် လက်ပတ် ကို ပြန်လည် ရုပ်သိမ်း ခံခဲ့ ရပါတယ် ။

နေမာ နဲ့ အတူ ၂၀၁၂ အိုလံပစ် ငွေတံဆိပ် ဆု ကို ဘရာဇီး အသင်းနဲ့ ဆွတ်ခူး ခဲ့တဲ့ ရာဖေးလ် ကတော့ နေမာ ဟာ ကမ္ဘာ့ အကောင်းဆုံး ကစား သမား တစ်ဦး ရဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင် ထားပေမယ့် မှန်ကန် သင့်လျော်တဲ့ စိတ်ဓါတ် စွမ်းအင် တွေ မရှိမှု ဟာ သူ့ရဲ့ တက်လမ်း ကို ပိတ်ဆို့ ထားတယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ကွင်းအပြင် က လုပ်ဆောင်ချက် တွေ ဟာ ကွင်းထဲ ဝင်ပြီး ဘောလုံး မကစားခင် မှာ သိပ်ကို အရေးကြီး ပါတယ် ။ နေမာ အနေနဲ့ ဘရာဇီး ကို ကမ္ဘာ့ ဖလား ယူပေး ချင်တယ် ဆိုရင်တော့ ကွင်းအပြင် က လုပ်ဆောင် ချက်တွေ မှာ တိုးတက် ကောင်းမွန် ဖို့ လိုအပ် သေးတယ်လို့ ကျွန်တော် ထင်ပါတယ်”

“သူ ဟာ ခေါင်းဆောင် တစ်ယောက် မဟုတ် ပါဘူး ။ သူ က တကယ် တော် ပါတယ် ။ စိတ် လို လက်ရသာ ကစားမယ် ဆိုရင် ကမ္ဘာ့ အကောင်းဆုံး တစ်ယောက် လို့ တောင် ပြောနိုင် ပါတယ် ။ ဒါပေမယ့် ခေါင်းဆောင်မှု အပိုင်း ကတော့ သူ့ရဲ့ ကျွမ်းကျင်ရာ မဟုတ်ခဲ့ ပါဘူး ။ သူက သူ့အရည်အချင်း နဲ့ ပဲ အသင်းကို ဆွဲခေါ်ဖို့ ကြိုးစား ခဲ့တာပါ”

“သူနဲ့ အတူ တွဲ ကစားဖူးလို့ သူ့အကြောင်း ကို ကျွန်တော် သိပါတယ် ။ သူ့ကို နားလည် လက်ခံ အောင် ပြောရတာ ခက် ပါတယ် ။ ဒါက သူ့အတွက် ရော အသင်း အတွက်ပါ မကောင်း ပါဘူး ။ သူ သာ စိတ်ဓါတ် ပြင်လိုက်ပြီး အသင်းသား တွေ နဲ့ လိုက်လျော ညီထွေ ဖြစ်အောင် နေမယ် ၊ အခြားသူတွေကို လှုံ့ဆော် နိုင်မယ် ဆိုရင် ဘရာဇီး ဟာ အခုထက် ပိုပြီး ကောင်းလာ မှာပါ” လို့ ရာဖေးလ် က ပြောဆို သွားခဲ့ ပါတယ် ။

နေမာ ဟာ ၂၀၁၃ ခုနှစ် ကွန်ဖက်ဒရေးရှင်း ဖလား ပြိုင်ပွဲ မှာ ဗိုလ်စွဲ ခဲ့ဖူး သလို ဘရာဇီးမှာ ကျင်းပ ခဲ့တဲ့ ၂၀၁၆ အိုလံပစ် မှာလည်း ရွှေတံဆိပ် ဆု ရရှိခဲ့ ပါတယ် ။ ဒါပေမယ့် အဓိက ပြိုင်ပွဲကြီးတွေ ဖြစ်တဲ့ ကိုပါ အမေရိက နဲ့ ကမ္ဘာ့ ဖလား တို့မှာ တော့ ဘရာဇီး နဲ့ အောင်မြင်ခြင်း မရှိခဲ့ ပါဘူး ။

နေမာ ဟာ ၂၀၁၈ ကမ္ဘာ့ ဖလား ကွာတား ဖိုင်နယ် မှာ ဘယ်လ်ဂျီယံ အသင်း ကို အရေးနိမ့်ပြီး ပြိုင်ပွဲ က ထွက်ခွာ ခဲ့ရသလို ၂၀၁၉ ကိုပါ အမေရိက မှာ ဗိုလ်စွဲခဲ့တဲ့ အသင်း ကနေလည်း ဒဏ်ရာ ကြောင့် နှုတ်ထွက် ခဲ့ရ ပါတယ် ။

SPORTS MYANMAR