ရွိုင်ကိန်း နဲ့ ယှဉ်ပြိုင် ကစားဖို့ ဗီအဲရာ တစ်ယောက် ဘယ်လို ပြင်ဆင်လေ့ ရှိသလဲဆိုတာ ပြန်ပြောင်း ပြောကြားလိုက်တဲ့ အီယန်ရိုက်

ဂန်းနား ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက် က သူ့ရဲ့ အသင်းဖော်ဟောင်း ပက်ထရစ် ဗီအဲရာ ဟာ မန်ယူနိုက်တက် ကွင်းလယ်လူ ရွိုင်ကိန်း နဲ့ ယှဉ်ပြိုင် ကစားဖို့ ကြိုတင် ပြင်ဆင်လေ့ ရှိကြောင်း နဲ့ ကစားသမား နှစ်ဦးကြားက ပြိုင်ဆိုင်မှု ပြင်းထန်ပုံကို ပြန်ပြောင်း ပြောကြား သွားခဲ့ပါတယ် ။

၂၀၀၀ ခုနှစ် အစောပိုင်း ကာလမှာ အာဆင်နယ် အသင်း နဲ့ မန်ယူနိုက်တက် အသင်းဟာ ခါးသီးလှတဲ့ ပြိုင် ဘက် တွေ ဖြစ်ခဲ့ကြပြီး ထိပ်တိုက် တွေ့ဆုံတိုင်း ပရိသတ် တွေကြားမှာကော ၊ ကစားသမားတွေကြားမှာပါ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတဲ့ အ သင်းတွေပါ ။

ဒါ့အပြင် နှစ်ဖက် အသင်း ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗီအဲရာ နှင် ရွိုင်ကိန်း တို့ ကြားက ပြိုင်ဆိုင်မှုကလည်း အကြိတ်အနယ် ရှိခဲ့ပြီး တစ်ယောက် နှင့် တစ်ယောက် ကွင်းထဲမှာ မကြာခဏ အငြင်းပွား ရန်ဖြစ်လေ့ ရှိကြသူတွေပါ ။

၂၀၀၅ ခုနှစ် ၊ ဖေဖော်ဝါရီ တုန်းကလည်း ပွဲမစခင်ကတည်းက ဟိုက်ဘူရီ ဥမင်အတွင်းမှာ ကပ္ပတိန် နှစ်ဦး စကားများ ရန်ဖြစ်နေတာကြောင့် ကွင်းလယ် ဒိုင်လူကြီး ကိုယ်တိုင် ကြားဝင် ဖြန်ဖြေ ပေးခဲ့ရပါတယ် ။

အီယန်ရိုက် က BBC Motd Prodcast အစီအစဉ်မှာ ဗီအဲရာ နှင့် ရွိုင်ကိန်းတို့ကြားက ပြိုင်ဆိုင်မှုကို ပြန်ပြောင်း ပြောကြားသွားခဲ့ပါတယ် ။ ” ကိန်း နဲ့ ဗီအဲရာ တို့က တကယ့်ကို ရှားမှရှားတဲ့ ပြိုင်ဘက် တွေပါ ။ ”

” မန်ယူနိုက်တက် နဲ့ ကစားရမယ့် အပတ်ဆို လေ့ကျင့်ရေး ကွင်းမှာ ဗီအဲရာ ရဲ့ အ​ပြုအမူ ၊ နိုင်လိုစိတ် ပြင်းပြမှုက လုံးဝ ပြောင်းလဲ သွားတာကို ကျနော် သတိရမိပါသေးတယ် ၊ သူ ပိုပြီး ကြိုးစား အားထုတ်သလို အရင်ကထက်လည်း အများကြီး ပိုကောင်းလာပါတယ် ။ သူ ကစားတာကို ကြည့်ရတာ အရမ်း မိုက်ပါတယ် ။ ”

” သူတို့ နှစ်ယောက်စလုံးက ထိပ်တန်းကစားသမား​တွေ ဖြစ်ပြီး ဥမင် အတွင်းမှာ စကားများ ရန်ဖြစ် ခဲ့တဲ့ အချိန်တုန်းကလည်း ကြည့်ရတာ အကြိတ်အနယ်ကို ရှိပါတယ် ၊ သူတို့ နှစ်ဦးစလုံးက အောင်ပွဲတွေ ရခဲ့သူတွေပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဗီအဲရာ ဟာ အာဆင်နယ် အသင်း နဲ့ အတူ ပရီးမီးယားလိဂ် ဖလား သုံးကြိမ် ၊ အက်ဖ်အေ ဖလား သုံးကြိမ် ရယူ နိုင်ခဲ့ပြီး ရွိုင်ကိန်း ကတော့ မန်ယူနိုက်တက် နဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၇ ကြိမ် ၊ အက်ဖ်အေဖလား ၄ ကြိမ် နဲ့ ချန်ပီယံလိဂ် ဖလား တစ်ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။

SPORTS MYANMAR