ကော်တင်ညိုကို ခေါ်ယူသင့်တဲ့ ပရီးမီးယားလိဂ် ကလပ်ကို ပြောပြလိုက်တဲ့ ရီဗယ်ဒို

ဘရာဇီး တိုက်စစ် ကစားသမားဟောင်း ဖြစ်သူ ရီဗယ်ဒိုက လာမည့် နွေရာသီ အပြောင်းအရွေ့မှာ ဖိလစ်ပီ ကော်တင်ညို ပြောင်းရွေ့သင့်တဲ့ ပရီးမီးယားလိဂ် ကလပ်ကို ပြောပြလိုက်ပြီး သူ့ရဲ့ တစ်နိုင်ငံတည်းသားဟာ ဘာစီလိုနာ မှာ မျှော်လင့် ထားမှု တွေကို ဖြည့်ဆည်း နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ဝန်ခံ လိုက်ပါတယ်။

ကော်တင်ညိုဟာ လီဗာပူး ကစား နေတဲ့ ကာလ အတွင်း ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် တိုက်စစ် ကစားသမားတွေ ထဲက တစ်ဦး အဖြစ် သတ်မှတ် ထားခြင်း ခံခဲ့ရပြီး ၂၀၁၈ ဇန်နဝါရီ အပြောင်းအရွေ့ မှာတော့ သူ့ရဲ့ အိမ်မက် အသင်း ဖြစ်တဲ့ ဘာစီလိုနာ ကို ပြောင်းရွေ့ သွားခဲ့ ပါတယ်။ ဘာစီလိုနာ ဟာ အသက် ၂၇ နှစ် အရွယ် ကစားသမား အတွက် ပေါင် ၁၄၂ သန်းထိ သုံးစွဲ ခဲ့ရကာ ငါးနှစ် စာချုပ် ချုပ်ဆို ခဲ့ပေမယ့် ကော်တင်ညိုဟာ ဘာစီလိုနာ ကစားသမား ဘ၀ ပထမဦးဆုံး ရာသီပြည့်မှာ မျှော်လင့် ထားသလို ခြေစွမ်း မပြနိုင် ခဲ့ဘဲ အရန်ခုံပေါ် ရောက်ခဲ့ ရပါတယ်။

ဘာစီလိုနာဟာ အဆိုပါ ရာသီမှာ လာလီဂါ ဖလား ဆွတ်ခူး နိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ လီဗာပူးကို ရှုံးကာ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရသလို ကိုပါဒယ်ရေးဖိုင်နယ် မှာလည်း ဗလင်စီယာကို ရှုံးနိမ့် ခဲ့ပါတယ်။ ကော်တင်ညို ဟာ ပြိုင်ပွဲစုံမှာ ဘာကာ အတွက် ၁၁ ဂိုး သွင်းယူ နိုင်ခဲ့ပေမယ့် ပေါင် ၁၄၂ သန်းနဲ့ ထိုက်တန်တဲ့ ပြောင်းရွေ့ကြေး နဲ့ ခြေစွမ်းကောင်းကို မပြသနိုင် ခဲ့ဘဲ ဝေဖန်မှုတွေ ခံခဲ့ ရပါတယ်။

ဒါ့ကြောင့် ဗယ်ဗာဒီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့မှာ ကော်တင်ညိုကို ဘိုင်ယန်မြူးနစ် အသင်းထံ တစ်ရာသီ အငှား ချခဲ့ပြီး အပြီးသတ် ဝယ်ယူခွင့်လည်း ထည့်သွင်း ထားခဲ့ပေမယ့် ဂျာမန် ကလပ်ဟာ ရာသီကုန်ရင် ၎င်းကို နူးကမ့်ကို ပြန်လွှတ်ဖို့ များနေ ပါတယ်။ ကော်တင်ညိုကို ပရီးမီးယားလိဂ် ကလပ်တွေက စိတ်ဝင်စား နေကြပြီး ချဲလ်ဆီးဟာ တော့တင်ဟမ်ထက် စာရင် ဘရာဇီး စတားကို ခေါ်ယူနိုင်ရန် ပိုမို အခြေအနေ ကောင်းနေတယ်လို့ သိရပါတယ်။

ရီဗယ်ဒို ကတော့ စတန်းဖို့ဒ်ဘရစ်ချ်ဟာ ကော်တင်ညို အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုလို့ ယူဆ နေပြီး လာမည့် ကိုပါအမေရိက နဲ့ ကမ္ဘာ့ဖလား မတိုင်မီ ၎င်းရဲ့ ယုံကြည်မှုတွေ ပြန်လည် ရရှိ နိုင်ဖို့ မျှော်လင့် မိကြောင်း ဆိုလိုက်ပါတယ်။

ဘာကာဂန္တဝင်က “ဘာစီလိုနာ မှာ တစ်ရာသီခွဲ ၊ ဘိုင်ယန်မြူးနစ် မှာ တစ်ရာသီ နီးပါး ကစား ခဲ့ပြီးနောက် သူဟာ လီဗာပူး မှာ တုန်းကလိုမျိုး ခြေစွမ်း မပြသ နိုင်ခဲ့ပါဘူး။ ကျွန်တော် ကတော့ ဖိလစ်ပီကော်တင်ညို အနေနဲ့ သူ့ရဲ့ ကစားသမား ဘဝကို ချဲလ်ဆီး အသင်းမှာ ရှေ့ဆက် နိုင်မယ့် အခွင့်အရေးဟာ ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခု ဖြစ်လာ နိုင်တယ်လို့ ထင်ပါတယ်။

သူဟာ ကလပ်အသင်းကြီး တစ်ခုနဲ့ သူ့ရဲ့ အကောင်းဆုံး နှစ်တွေကို ပိုင်ဆိုင် နိုင်ခဲ့တဲ့ သူကောင်းကောင်း သိတဲ့ ပြိုင်ပွဲဆီကို ပြောင်းမှာပါ။ အကယ်လို့များ ဒီအပြောင်းအရွေ့ အမှန်တကယ် ဖြစ်လာ ခဲ့မယ် ဆိုရင် အနာဂတ်မှာ သူ့ရဲ့ တိုးတက်တဲ့ စွမ်းဆောင်ရည် တွေကို ပြန်လည် မြင်တွေ့ ရမယ့် အခွင့်အရေးကောင်း ရနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ အရင်က ပရီးမီးယားလိဂ် မှာ တောက်ပ ခဲ့ပြီးသားပါ။

ကော်တင်ညို နောက်ဆုံး ကစား ခဲ့တဲ့ နှစ် အနည်းငယ်ကို ပြန်ကြည့်လိုက်ပါ။ သူဟာ ကျွန်တော်တို့ မျှော်လင့် ထားသလောက် စွမ်းဆောင် ပြထားခြင်း မရှိ ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ သူ့ရဲ့ အကောင်းဆုံး ကစားပုံကို ပြသဖို့ အချိန် ရှိပါသေးတယ်။ သူ့ရဲ့ ယုံကြည်မှုသာ ပြန်ရရင် သူဟာ လီဗာပူး မှာတုန်းကလို ကစားသမားမျိုး လွယ်လွယ်ကူကူပဲ ပြန်ဖြစ် လာမှာပါ။

အခု ကတော့ သူ့အတွက် ကောင်းမွန်တဲ့ အချိန် ကာလ မဟုတ်ပါဘူး။ ဒါပေမယ့် သူ ဆိုးဆိုးရွားရွား ကစား နေတယ်လို့ ကျွန်တော်တို့ မပြောနိုင် ပါဘူး။ ဒါဟာ လိမ်ညာတာပဲ ဖြစ်မှာပါ။ လီဗာပူး ကနေ ဘာစီလိုနာ ကို ထွက်ခွာ သွားချိန်မှာ လူတော်တော် များများ မျှော်လင့် ထားသလို စွမ်းဆောင် နိုင်ခဲ့ခြင်း မရှိတာပါ။ သူဟာ ဘရာဇီး လက်ရွေးစင် အသင်းမှာ ပုံမှန် ကစားခွင့် ရနေတဲ့ ကစားသမား ဖြစ်နေဆဲပါ။ ဘာကာ နဲ့ ဘိုင်ယန် တို့မှာတော့ သူကံမကောင်း ခဲ့ပါဘူး။

ဒါပေမယ့် ကလပ် အသင်းသစ် ပြောင်းရွေ့တာဟာ အဖြေ ဖြစ်လာ နိုင်သလို ကျွန်တော် ကတော့ ချဲလ်ဆီးဟာ သူ့ရဲ့ အကောင်းဆုံး ကစားဟန်ကို ပြန်လည် ရရှိစေမယ့် အခွင့်အရေးကောင်း ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါ့အပြင် နောက်နှစ်မှာ ကိုပါအမေရိက ရှိလာမှာပါ။ အဲဒီပြီး နောက်တစ်နှစ်မှာ ကမ္ဘာ့ဖလား ရှိပါတယ်။ ဒါ့ကြောင့် ဒီလို ပြိုင်ပွဲကြီးတွေ လာတော့မယ် အချိန်မှာ လက်ရွေးစင် အသင်းမှာ နေရာ မပျောက်ဖို့ အတွက် ကော်တင်ညို အနေနဲ့ ကောင်းမွန်တဲ့ ဥရောပ အသင်းတစ်သင်းမှာ ခြေစွမ်းပြ နေဖို့ လိုအပ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SPORTS MYANMAR