လီဗာပူး နဲ့ မရင်ဆိုင်မီ ဟိုဆေး မော်ရင်ဟို ရဲ့ မှာကြားချက် တချို့ ကို ထုတ်ဖော် ပြောဆိုလာတဲ့ #တယ်ရီ

ပရီးမီးယားလိဂ် ရဲ့ အအောင်မြင်ဆုံး နည်းပြ တဦး ဖြစ်တဲ့ ပေါ်တူဂီ လူမျိုး နည်းပြ ဟိုဆေး မော်ရင်ဟို ဟာ ၂၀၀၄ – ၂၀၀၅ ဘောလုံး ရာသီ မှာ လန်ဒန် မြို့ခံ ကလပ် ချယ်လ်ဆီး အသင်း ကို စတင် ကိုင်တွယ်ခဲ့ပြီး ၊ ပထမဆုံး နှစ်မှာတင် ပရီးမီးယားလိဂ် ချန်ပီယံဆု နဲ့ လိဂ်ဖလား ချန်ပီယံဆု ကို ရရှိခဲ့ကာ ၊ အင်္ဂလန် မှာ အောင်မြင်မှု တခု ကို စတင် စိုက်ထူနိုင်ခဲ့ပါတယ် ။

ထိုနှစ် မှာ ချယ်လ်ဆီး အသင်း ဟာ လိဂ်ဖလား ဖိုင်နယ် မှာ လီဗာပူး နဲ့ ရင်ဆိုင်ခဲ့ရသလို ၊ ပရီးမီးယားလိဂ် မှာလည်း လီဗာပူး နဲ့ ၂ကျော့ ၊ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့် မှာ ၂ကျော့ ရင်ဆိုင်ခဲ့ရပါတယ် ။ ပရီးမီးယားလိဂ် ဒုတိယ အကျော့ ကစားရတဲ့ အချိန် မှာ ချယ်လ်ဆီး အသင်း ဟာ လီဗာပူး အသင်း ကို ရမှတ် ၂၀ ကျော် အထိ ဖြတ်ထားခဲ့ပေမယ့် ၊ အနိုင်ကစားဖို့ အတွက် မော်ရင်ဟို တိုက်တွန်းခဲ့ပါတယ် ။

အဲ့ဒီပွဲ မှာ ချယ်လ်ဆီး အသင်း ဟာ ဂျိုကိုးလ် ရဲ့ တလုံးတည်းသော သွင်းဂိုး နဲ့ လီဗာပူး ကို အနိုင် ကစားခဲ့ပါတယ် ။ လီဗာပူး ဂန္တဝင် ခံစစ်မှူးဟောင်း ဂျေမီ ကာရေဂါ ကတော့ သူဟာ ကစားသမား ဘဝ တလျှောက် မှာ ချယ်လ်ဆီး အသင်း နဲ့ အကြိမ် အများဆုံး ရင်ဆိုင်ခဲ့ဖူးကြောင်း နဲ့ အမြဲတမ်း ၄င်းတို့ကို ဒုက္ခ ပေးခဲ့ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

Sky Sports ရဲ့ Off Script အမေးအဖြေ အစီအစဉ် မှာ ကာရေဂါ က ” ကျွန်တော် ဟာ ကစားသမား ဘဝ မှာ ချယ်လ်ဆီး အသင်း နဲ့ ၄၇ကြိမ် ကစားခဲ့ရဖူးပြီး ၊ ဒါဟာ ပြိုင်ဖက် အသင်း တွေထဲမှာ အကြိမ်ရေ အများဆုံး ရင်ဆိုင်ခဲ့ရခြင်းပါ ။ ကျွန်တော် အမြဲတမ်း မေးခွန်း ထုတ်နေမိတာ က ချယ်လ်ဆီး ဟာ ကျွန်တော် တို့ထက် ပိုကောင်းတဲ့ အသင်း ဖြစ်နေခဲ့လို့ သူတို့နဲ့ ရင်ဆိုင်ရတိုင်း မှာ ကျွန်တော် တို့ဆီက မထင်မှတ်ထားတဲ့ ကြိုးစားမှု တွေနဲ့ သူတို့ကို စိတ်ပျက်အောင် လုပ်နိုင်ခဲ့တာလား ဆိုတာပါ ။ ”

” အဲ့ဒီ အချိန်တုန်း ကဆို လီဗာပူး ဟာ ချယ်လ်ဆီး ကို ကျော်မယ့် အဆင့် တဆင့် မှာ မရှိနေခဲ့ဘူး လို့တောင် ခံစားခဲ့ရပါတယ် ။ ကျွန်တော် တို့ ဒါကို သိခဲ့သလို ၊ ခင်ဗျား တို့လည်း သိကြမှာပါ ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ဟိုဆေး မော်ရင်ဟို ချယ်လ်ဆီး ကို ကိုင်တွယ်နေတဲ့ ကာလ မှာတောင် ချယ်လ်ဆီး ကို အနိုင်ယူခဲ့တဲ့ အခိုက်အတန့်လေးတွေလည်း ရှိခဲ့တာပဲ မဟုတ်လားဗျ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ထို အစီအစဉ် မှာ ဧည့်သည် အနေနဲ့ ပါဝင်ခဲ့တဲ့ ချယ်လ်ဆီး ဂန္တဝင် ခံစစ်မှူးဟောင်း တယ်ရီ က ကာရေဂါ ရဲ့ အဆိုကို ထောက်ခံခဲ့သလို ၊ မော်ရင်ဟို ဟာ လီဗာပူး ကို အမြဲတမ်း ထိပ်တန်း အဆင့် ပြိုင်ဖက် အနေနဲ့ လေးစားခဲ့ကြောင်း ၊ ဒီ အတွက်ကြောင့် ဖလား ရပြီးတဲ့အချိန် ၊ အနိုင် ကစားဖို့ မလိုတော့တဲ့ အချိန် မှာပင် အနိုင်ကန်ဖို့ ညွှန်ကြားခဲ့ဖူးကြောင်း ဆိုခဲ့ပါတယ် ။

တယ်ရီ က ” ဟုတ်ပါတယ် ။ ကာရာ ။ ခင်ဗျား ပြောတဲ့ အချက် ကို ကျွန်တော် ထောက်ခံပါတယ် ။ ဟိုဆေး နဲ့ ရာဖာ ( ဘင်နီတက်ဇ် ) ၂ဦးလုံး ဟာ ဒီလို ပြိုင်ဆိုင်မှု တွေ အတွက် ပုံကြီးချဲ့ စဉ်းစား ပြင်ဆင်တတ်ကြပါတယ် ။ ကျွန်တော် တို့ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ပထမဆုံး အကြိမ် ရရှိခဲ့တဲ့ နှစ်ရဲ့ ရာသီသိမ်းခါနီး မှာ ဟိုဆေး ရဲ့ အသင်းသား တွေ အပေါ် ညွှန်ကြားချက် ကို ပြန်ပြီး အမှတ်ရမိပါတယ် ။ ”

” အဲ့ဒီ အချိန်တုန်း က ကျွန်တော် တို့ဟာ လီဗာပူး ထက် ရမှတ် ၂၀ ၊ ၃၀ လောက် ဖြတ်ထားတဲ့ အနေအထား မှာတောင် ဟိုဆေး ကျွန်တော် တို့ကို ညွှန်ကြားခဲ့တာ က ‘ ဒီလို ပွဲမျိုးကို ငါတို့ ရှုံးလို့ ဘယ်ဖြစ်မလဲ ‘ ဆိုတာပါ ။ လီဗာပူး ဆိုတဲ့ အမည် ကို ပြောဖို့ သူ မသိသေးပါဘူး ။ အဲ့ဒီတုန်း က လီဗာပူး အသင်း နာမည် ကို သူ စာလုံးပေါင်းလို့တောင် မတတ်ခဲ့ပါဘူး ။ ”

” ဒါပေမယ့် သူ ဆိုလိုချင်တာ က ‘ ငါတို့ဟာ ဒီလို ပွဲမျိုး ကို ရှုံးလို့ လုံးဝ မဖြစ်ဘူး ။ ဒီလို အသင်း တွေထက် ငါတို့ရဲ့ အရည်အသွေး က ပိုမြင့်မားတယ် ‘ ဆိုတာပါပဲ ။ ဒီ စကား ကို ကျွန်တော် အခု အချိန်ထိ မှတ်မိနေဆဲပါ ။ မခံချင်စိတ် လို့ ပြောရင် မှန်ပါလိမ့်မယ် ။ ဒီ စိတ်နဲ့ ခင်ဗျား တို့ဟာ အဝေးကွင်း ပွဲတွေမှာ နိုင်ပွဲ တွေ ရှာဖွေဖို့ အသားကျလာပါမယ် ။ ”

” ကျွန်တော် တို့ အတွက် အန်ဖီးလ် ကို သွားရောက် ကစားရတဲ့ ပွဲတိုင်းဟာ အကောင်းဆုံးသော ဖျော်ဖြေမှု နဲ့ ပရိသတ် အားပေးမှု ကို ရတဲ့ ဘောလုံးကွင်း ဖြစ်တယ်ဆိုတာပါ ။ အဲ့ဒီ အချိန်တုန်း က ကျွန်တော် တို့ဟာ ပြည်တွင်းလိဂ် ချန်ပီယံ လည်း ဖြစ်ခဲ့တယ် ၊ ပိုကောင်းတဲ့ အသင်း လည်း ဖြစ်ခဲ့တယ် ဆိုတဲ့ အတွက်ကြောင့် ခင်ဗျားတို့ အသင်း ကို အနိုင်ယူရ ခက်ခဲခဲ့တယ် ဆိုတာ ခင်ဗျား တို့ရဲ့ မခံချင်စိတ် ကြောင့် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR