ဂန်းနား ဂန္တဝင် ကစားသမားဟာ သူရင်ဆိုင်ဖူးသမျှ ထဲမှာ ထိန်းချုပ်ဖို့ အခက်ခဲဆုံးဖြစ်ကြောင်း ဝန်ခံလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်းရဲ့ နည်းပြကြီး အာတီတာ က သူ ကစားသမားဘဝ အဲဗာတန် အသင်းမှာ ကစားစဉ်တုန်းက ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အွန်နရီ ရဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ အတွေ့အကြုံကို ပြန်ပြောင်း ပြောကြား လိုက်ပါတယ် ။

အာတီတာ ဟာ အဲဗာတန် အသင်းမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အထိ ကစားခဲ့ဖူးတာကြောင့် အွန်နရီ နဲ့ ပြိုင်ဘက် အဖြစ် ရင်ဆိုင် ခဲ့ဖူးတာလည်း ဖြစ်ပါတယ် ။ အာတီတာ က အွန်နရီ ဟာ ရပ်တန့်လို့ လုံးဝ မရတဲ့ ၊ အဲဗာတန် ကစားသမားတွေကို လူငယ် ကစားသမားသာသာ ဖြစ်သွားအောင် ကစားနိုင်သူ ဖြစ်ကြောင်း ချီးကျူး စကားဆိုလိုက်ပါတယ် ။

အာတီတာ က အာဆင်နယ် အသင်း ဝက်ဆိုဒ်နဲ့ အင်တာဗျူးမှာ သူ ရင်ဆိုင်ဖူး သမျှထဲမှာ ထိန်းချုပ်ဖို့ အခက်ခဲဆုံး ကစားသမားဟာ အွန်နရီ ဖြစ်တယ်လို့ ဖြေကြား သွားခဲ့ပါတယ် ။ ” ကျနော် သူ(အွန်နရီ) နဲ့ ရင်ဆိုင် ကစားရစဉ်တုန်းက သူ့ကို လုံးဝ ရပ်တန့်လို့ မရပါဘူး ။ ”

” သူ ကစားနေတဲ့ပုံက လူငယ် ကစားသမားတွေနဲ့ ကစားနေသလိုမျိုးကို ဖြစ်သွားတာပါ ၊ အဲ့ဒီ အချိန်မှာပဲ သူဟာ ကစားသမား အားလုံးကို လေးစားမှု အပြည့်ထားပြီး ကစားတတ်တယ် ဆိုတာကိုပါ ခံစား သိရှိ လိုက်ရပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အွန်နရီ ဟာ အသက် ၂၂ နှစ် အရွယ် ၊ ၁၉၉၉ ခုနှစ် ၊ နွေရာသီမှာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ ရောက်ရှိ လာသူ ဖြစ်ပြီး ၊ အဲ့မတိုင်ခင်တုန်းက ဂျူဗင်တပ်စ် အသင်း အတွက် ၁၉ ပွဲ ကစားပေးပြီး ၃ ဂိုးသာ သွင်းယူ ပေးနိုင် ခဲ့ပါတယ် ။

အွန်နရီ ဟာ ဂျူဗင်တပ်စ် ကို မပြောင်းရွှေ့ခင် မိုနာကို အသင်းမှာလည်း ကစားခဲ့ဖူးပြီး ၁၄၁ ပွဲ ကစားထားရာမှာ ၂၈ ဂိုးသာ သွင်းယူ နိုင်ခဲ့သလို ပြင်သစ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ရာသီမှာလည်း သွင်းဂိုး တစ်ဂိုးသာ ရယူ နိုင်ခဲ့ပါတယ် ။

ဒါပေမယ့်လည်း အွန်နရီ ဟာ အာဆင်နယ် အသင်းမှာတော့ ပထမဆုံး ရာသီမှာတင် သွင်းဂိုး ၂၆ ဂိုး အထိ သွင်းယူ နိုင်ခဲဲ့သလို ခြောက်ရာသီ ဆက်တိုက် တစ်ရာသီကို အနည်းဆုံး သွင်းဂိုး ၂၀ အထိ သွင်းယူ နိုင်ခဲ့ကာ အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။

အွန်နရီ ဟာ အာဆင်နယ် အသင်း အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၂၅၈ ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး ၁၇၅ ဂိုး အထိ သွင်း ယူ ပေး ခဲ့ ပါတယ်။ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အွန်နရီ ထက် ဂိုးပိုသွင်းထားနိုင်သူ ကစားသမား ငါးဦးသာ ရှိပြီး အာဆင်နယ် အသင်းမှာတော့ သူ့ထက် ဂိုးပိုသွင်းထားနိုင်သူ အခုထက်ထိ မရှိသေးပါဘူး ။

အွန်နရီ ဟာ အာဆင်နယ် အသင်း နဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ် ၊ အက်ဖ်အေဖလား ၂ ကြိမ်လည်း ရယူ နိုင်ခဲ့ပြီး အမ်းမရိတ် ကွင်းပြင်မှာလည်း ပြင်သစ်သားကြီး ရဲ့ ရုပ်တု ကို ထားရှိ ထားပါတယ် ။

SPORTS MYANMAR