အူဘာမီယန်း ကို စျေးသက်သက်သာသာ နဲ့ ခေါ်ယူခွင့်ရခဲ့ပေမယ့် အာဆင်နယ် အသင်း ဘာကြောင့် လက်လွှတ်ခဲ့တာလဲ

အာဆင်နယ် အသင်း ကင်းထောက် အဖွဲ့ဟာ ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း အသက် ၂၁ နှစ် အရွယ်မှာတုန်းက အသင်းထံ ခေါ်ယူဖို့ တိုက်တွန်း အကြံဉာဏ် ပေးခဲ့ပေမယ့် အသင်း တာဝန်ရှိသူတွေက ငြင်းဆန် ပယ်ချ ခဲ့တယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်းဟာ အူဘာမီယန်း ကို စျေးသက်သက်သာသာ နဲ့ ခေါ်ယူခွင့်ရမယ့် အချိန်တုန်းကတော့ မခေါ်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်း နဲ့ ဒေါ့မွန် အသင်းကနေ အရ ခေါ်ယူ ခဲ့ပါတယါ ။

အူဘာမီယန်း ဟာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၉၅ ကစားပေးထားပြီး ဂိုး ၆၁ အထိ သွင်းယူ ပေးထားကာ ပြီးခဲ့တဲ့ ရာသီမှာလည်း လီဗာပူး တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ မာနေး ၊ ဆာလက်တို့နဲ့ အတူ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပူးတွဲ ရယူနိုင်ခဲ့ပါတယ် ။

ဒီရာသီမှာလည်း ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း ဟာ အာဆင်နယ် အသင်း အတွက် ပွဲ ၃၁ ကစားထားရာမှာ ၂၀ ဂိုး အထိ သွင်းယူ ထားသလို ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး ၁၇ ဂိုး သွင်းယူထားပြီး ဗာဒီ ပြီးနောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည် နေသူပါ ။

The Athelectic ရဲ့ ဖော်ပြချက် အရ အာဆင်နယ် အသင်း ကင်းထောက် ဌာန ဟာ အူဘာမီယန်း ရဲ့ အမြန်နှုန်း နဲ့ ပါးနပ်တဲ့ ရွေ့လျားပုံတွေကို သတိပြု မိခဲ့ပြီး အသင်းထံ ခေါ်ယူဖို့ တိုက်တွန်း အကြံဉာဏ် ပေးခဲ့ပါတယ် ။ အဆိုပါ အချိန်တုန်းက အူဘာမီယန်း ဟာ အေစီမီလန် အသင်းကနေ မိုနာကို ကို အငှားထွက် ကစားနေခဲ့တာပါ ။

အာဆင်နယ် အသင်းဟာ ၂၀၁၀-၂၀၁၁ ရာသီဝက်မှာ ချာမက် ခြေစွမ်းပိုင်း ကျဆင်းလာမှု ၊ ဗန်ပါစီ ဒဏ်ရာ ပြဿနာ ကြုံတွေ့နေရမှုတွေကြောင့် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ကင်းထောက် အဖွဲ့က အကြံဉာဏ် ပေးခဲ့ပါတယ် ။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာ ဘန်တနာ နဲ့ အာရှာဗင် တို့ကိုသာ တိုက်စစ်မှာ ထားကစားပြီး ပိုက်ဆံချွေတာ ခဲ့ပါတယ် ။

အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ အူဘာမီယန်း ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ဒေါ့မွန် အသင်းကနေ အာဆင်နယ် အသင်းကို ကလပ် စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင် ၅၆ သန်း နဲ့ ရောက်ရှိလာသူ ဖြစ်ပြီး လက်ရှိ နည်းပြ အာတီတာ ရဲ့ မရှိမဖြစ် အသင်းခေါင်းဆောင် တိုက်စစ်မှူးတစ်ဦးပါ ။

အူဘာမီယန်းဟာ အာဆင်နယ် အသင်းနဲ့ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေတာ ကြာပြီ ဖြစ်ပေမယ့် အခု အချိန်အထိ အောင်မြင်ခြင်း မရှိသေးပါဘူး ။ အာဆင်နယ် အသင်းဟာ အူဘာမီယန်းကို စာချုပ်သစ် ချုပ်မရပါက စာချုပ် မကုန်ခင် ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ် နေပါတယ် ။

SPORTS MYANMAR