ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ပီအက်စ်ဂျီ မှ ထွက်ခွာဖို့ နီးစပ်ခဲ့တဲ့ ကာဗာနီ နဲ့ ပတ်သက်ပြီး ဝန်ခံမှု တခု ပြုလုပ်လာတဲ့ မိခင်ဖြစ်သူ #ဂိုမက်ဇ်

ပီအက်စ်ဂျီ အသင်း ရဲ့ ဝါရင့် တိုက်စစ်မှူး အက်ဒီဆင် ကာဗာနီ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာ အခြား ဥရောပ ထိပ်တန်း ကလပ် အသင်းတွေ ဖြစ်ကြတဲ့ အက်သလက်တီကို ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ချယ်လ်ဆီး အသင်း တွေရဲ့ ချိတ်ဆက်ခြင်း ကို ခံခဲ့ရပါတယ် ။

ထို ၃သင်း အနက် ကာဗာနီ ဟာ လာလီဂါ ကလပ် အက်သလက်တီကို သို့ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့ပြီး ၊ အပြီးသတ် ပြောင်းရွှေ့ကြေး တရပ် ကို သဘောတူညီမှု ရရှိခဲ့ပြီးမှ ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ် ။ ပရီးမီးယားလိဂ် ကလပ် ၂သင်း ဖြစ်တဲ့ မန်ယူနိုက်တက် နဲ့ ချယ်လ်ဆီး အသင်း တွေကတော့ ယင်း ဥရုဂွေး တိုက်စစ်မှူး ကို ရာသီဝက် အငှားဖြင့်သာ ခေါ်ယူလိုခဲ့ကြပါတယ် ။

သို့ပေမယ့် ပီအက်စ်ဂျီ အသင်း နဲ့ ကာဗာနီ တို့ ကိုယ်တိုင် က အပြီးသတ် ပြောင်းရွှေ့မှု ကိုသာ လိုလားခဲ့တာကြောင့် အပြောင်းအရွှေ့ ဟာ ဘယ်လိုမှ ညှိနှိုင်းမရခဲ့တာကို တွေ့ရပါတယ် ။ မန်ယူနိုက်တက် ဟာ ကာဗာနီ အစား တရုတ် စူပါလိဂ် ကလပ် ရှန်ဟိုင်းရှင်ဟွာ အသင်း မှ တိုက်စစ်မှူး အိုဒီယွန် အီဂါလို ကို ရာသီဝက် အငှားနဲ့ ခေါ်ယူခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ကတော့ ကာဗာနီ ကို အငှား ခေါ်ဖို့ ညှိနှိုင်းမရခဲ့တဲ့ အပြင် ၊ ပြီးခဲ့တဲ့ ဇန်နဝါရီ တလလုံး ကစားသမားသစ် တယောက် မှ မခေါ်နိုင်ခဲ့ပါဘူး ။ ကာဗာနီ ရဲ့ မိခင် ဖြစ်သူ ဘာတာ ဂိုမက်ဇ် ကတော့ အခု အချိန်ထိ ၎င်းရဲ့သားအတွက် ဥရောပထိပ်တန်း ကလပ် အသင်း တချို့ ရဲ့ စိတ်ဝင်စားမှု တွေ ရှိနေသေးကြောင်း နဲ့ တကယ်တမ်း မှာ သူ့သား ဟာ စပိန် သို့ ပြောင်းဖို့ အတော်လေး ဆန္ဒ ရှိနေကြောင်း ဖွင့်ဟ လာခဲ့ပါတယ် ။

Ovacion Digital နဲ့ အင်တာဗျူး မှာ ဂိုမက်ဇ် က ” အခု အချိန်ထိလည်း အက်ဒီဆင် အတွက် ထိပ်တန်း ကလပ် အသင်း တွေရဲ့ စိတ်ဝင်စားမှု များစွာ ရှိနေပါသေးတယ် ။ ဒါဟာ ကံကောင်းတယ် လို့ ဆိုရမှာ ဖြစ်ပြီး ၊ သူ ကိုယ်တိုင် ကတော့ လာမယ့် ဘောလုံး ရာသီ မှာ ဘယ် အသင်း ကို ပြောင်းရွှေ့ ကစားမလဲ ဆိုတာ မဆုံးဖြတ်ရသေးပါဘူး ။ ”

” လောလောဆယ် တော့ သူဟာ ပဲရစ်မှာ ၃လ ဆက်လက် နေထိုင်ရပါဦးမယ် ။ ကျွန်မ တို့ အခု တခေါက် အသင်း ပြောင်းဖို့ အတွက်ကို အတော်လေး ဂရုတစိုက် နဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ် ။ အခု အနေအထား အထိတော့ သူ့ဖက်က ဥရုဂွေးကို ပြန်လာပြီး ကစားဖို့ ဆန္ဒ မရှိသေးပါဘူး ။ ဥရောပ ဘောလုံး လောကမှာ ဆက်လက် ကျင်လည်လိုပြီး ၊ သူ ကိုယ်တိုင် ကတော့ စပိန် ကို ပြောင်းရွှေ့ချင်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ကာဗာနီ ကို ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်း က ခေါ်ယူချင်ခဲ့တဲ့ အက်သလက်တီကို အသင်း ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ အင်းနရစ် ဆီရီဇို ကတော့ ကစားသမား နဲ့ သဘောတူညီမှု တရပ် ရပြီးမှ ၊ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ခြင်း အပေါ် အတော်လေး စိတ်ပျက်မိတဲ့ အကြောင်း အခုလို ပြောဆိုခဲ့ဖူးပါတယ် ။

ဆီရီဇို က ” ဒီ အခြေအနေ အတွက် ကျွန်တော် ဘယ်သူ့ကို အပြစ်တင်ရမယ် ဆိုပြီး လက်ညှိုးထိုး မပြောချင်ပါဘူး ။ ဒါပေမယ့် ဒီ အပြောင်းအရွှေ့ ပျက်ပြယ်သွားခြင်း မှာ ပါဝင်ခဲ့တဲ့ ကစားသမား နဲ့ သက်ဆိုင်တဲ့ သူတချို့ နဲ့ ကလပ် ကိုယ်စားပြု တချို့တွေကြောင့် ကျွန်တော် အတော်လေး စိတ်ပျက်ရပါတယ် ။ ကျွန်တော် တို့ဟာ ဒီ အပြောင်းအရွှေ့ ကို ဓားပြတိုက် လုယက်နေတာလည်း မဟုတ်ပါဘူး ။ ” လို့ ညည်းတွားခဲ့ပါတယ် ။

ကာဗာနီ ရဲ့ မိခင် ဖြစ်သူ ဂိုမက်ဇ် ကတော့ ဆီရီဇို ရဲ့ အဆိုနဲ့ ပတ်သက်ပြီး AS သတင်း ဌာန နဲ့ အင်တာဗျူး မှာ ” အက်ဒီဆင် အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ အတွင်း မှာ အက်သလက်တီကို ကို ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ခဲ့တာ မဟုတ်ပါဘူး ။ ဒါ ကျွန်မ ဖက်က အက်သလက်တီကို အသင်း ဥက္ကဋ္ဌ ရဲ့ ပြောကြားချက် ကို ပြန်ပြီး ရှင်းလင်းချင်တဲ့ သဘောနဲ့ ပြောနေတာပါ ။ သူ့ အနေနဲ့ ဒီ စကား အတွက် လူသိရှင်ကြား တောင်းပန်သင့်ပါတယ် ။ ”

” ကျွန်မ တို့ဟာ ဒီ အပြောင်းအရွှေ့ ဖြစ်လာမယ် လို့ ယတိပြတ် ဆုံးဖြတ်ထားတာမျိုး မဟုတ်ပဲ ၊ အက်ဒီဆင် က မလိုလားရင် လုပ်နေတဲ့ ကိစ္စ တွေကို နောက်ပြန်ဆုတ်ဖို့ အသင့် ဖြစ်နေခဲ့တာပါ ။ ကျွန်မ ရဲ့ သား အတွက် နောက်ထပ် ကမ်းလှမ်းမှု တွေက ဆက်ရှိနေမှာပါ ။ ဥရောပ ဘောလုံး လောက မှာ သူဟာ နှစ်တော်တော်များများ သူ့ရဲ့ ခြေစွမ်းကောင်း ကို ပြသပြီး ထိပ်တန်း တိုက်စစ်မှူး တယောက် ဖြစ်တယ် ဆိုတာကို သက်သေ ပြနိုင်ခဲ့တာပါ ။ ”

” ဒါပေမယ့် သူဟာ ဆောင်းရာသီ အပြောင်းအရွှေ့ အတွင်း အက်သလက်တီကို ကို ပြောင်းဖို့ အတော်လေး ဆန္ဒ ပြင်းပြခဲ့ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ချိုလို ( ဒီယေဂို ဆီမြွန်နီ ) ရဲ့ လက်အောက် မှာ ကစားချင်တဲ့ အတွက်ပါ ။ ” လို့ တုန့်ပြန် ပြောဆိုခဲ့ဖူးပါတယ် ။

SPORTS MYANMAR