ဆွန်ဟောင်မင် တက်ရမယ့် တောင်ကိုရီးယား စစ်သင်တန်းမှာ ဘာတွေသင်ပေးမှာလဲ ?

ကြောက်စရာ ကောင်းလှတဲ့ အဆုပ်ရောင်ရောဂါ ကပ်ဘေးကြီး ဟာ တစ်ကမ္ဘာလုံး ကို ခြောက်လှန့် ခဲ့ပြီး လူတွေ ကို အိမ်ထဲမှာ အချိန် ကုန်ဆုံးစေခဲ့ ပါတယ် ။ လုပ်ငန်း အများစုဟာ ရပ်နားထား ရပြီး ဘောလုံး အပါ အဝင် အားကစား ပြိုင်ပွဲတွေ ဟာလည်း အကန့် အသတ် မရှိ ရွှေ့ဆိုင်း ဖျက်သိမ်း ခဲ့ကြရ ပါတယ် ။ ဒီလို အခွင့် အခါ ကို လက်မလွှတ် တမ်း အသုံးချမယ့် သူကတော့ ဆွန်ဟောင်မင် ဖြစ်ပြီး ကပ်ဘေး ကာလ အတွင်း မှာ ၃ ပတ် ကြာမြင်မယ့် စစ်သင်တန်း ကို တက်ရောက်မယ် လို့ သိရ ပါတယ် ။

တောင်ကိုရီးယား နိုင်ငံဟာ အိမ်နီးချင်း မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှု ကြောင့် အရန် စစ်အင်အား ကို တိုးပွားအောင် လုပ်ဆောင်နေပြီး နိုင်ငံသား အမျိုးသားတိုင်းဟာ အသက် ၂၈ နှစ် မပြည့်ခင်မှာ ၂ နှစ် ( ၂၁ လ ) စစ်မှု ထမ်း ကြရပါတယ် ။

ဒါပေမယ့် နိုင်ငံ အတွက် ဂုဏ်ဆောင် ခဲ့တဲ့ အားကစား သမားတွေကို တော့ အထူး အခွင့် အရေး အနေနဲ့ ၃ ပတ် တာ စစ်သင်တန်း ကို ပြောင်းလဲ သင်ကြားစေခဲ့ ပါတယ် ။ ၂၀၀၆ ခုနှစ် တုန်းက ကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာ ရှုံးထွက် အဆင့် ကို တက်ရောက် နိုင်ခဲ့တဲ့ တောင်ကိုရီးယား လက်ရွေးစင် အသင်းက ကစားသမားတွေ ဟာ စစ်သင်တန်း ကင်းလွတ်ခွင့် ရရှိခဲ့ကြဖူးပါတယ် ။

ဆွန် ဟာလည်း ၂၀၁၉ ခုနှစ် အာရှကစားပွဲမှာ ဗိုလ်စွဲခဲ့တာ ကြောင့် ၂၁ လ စစ်မှုထမ်းရမယ့် အရေးကနေ လွတ်ကင်းခဲ့ပြီး ၃ ပတ်တာ စစ်သင်တန်းကိုသာ တက်ရောက် ရတော့မှာ ဖြစ်ပါတယ် ။ ဆွန်ဟာ ဗီလာ နဲ့ ကစားခဲ့တဲ့ ပွဲက လက်မောင်း ဒဏ်ရာကို ကုသဖို့ တောင်ကိုရီးယား ကို ပြန်လာချိန် မှာ ကျန်းမာရေး ကပ်ဘေး နဲ့ ကြုံတွေ့ ခဲ့ပြီး နိုင်ငံ အတွင်းကနေ ထွက်ခွာလို့ မရဘဲ ပိတ်မိ နေခဲ့ ပါတယ် ။

ဒီလို အချိန် မှာ ဆွန် ဟာ ၃ ပတ်ကြာမြင့်မယ့် စစ်သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ပြီး မေလ အလယ် မှာ အင်္ဂလန် ကို ပြန်ဖို့ စီစဉ် လာခဲ့ ပါတယ် ။ ဒီ စစ်သင်တန်းမှာ ဘာတွေ သင်ကြားမှာလဲ ဆိုတာ ကြည့်လိုက် ကြရအောင် . . .

ဆွန်ဟောင်မင် ဟာ တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူး ကျွန်းမှာရှိတဲ့ မရင်းတပ်ဖွဲ့ရဲ့ ၉ သုတ်မြောက် စစ်သင်တန်း ကို လာမယ့် ဧပြီ ၂၀ ရက်နေ့ ကစပြီး တက်ရောက် သင်ကြားရမှာ ဖြစ်ပါတယ် ။ ကနဦးက သင်တန်းကာလ ကို ၄ ပတ် သတ်မှတ် ထားပေမယ့် ၂၀၁၉ အသုတ်ကစပြီး ၃ ပတ် သင်တန်းအဖြစ် ပြောင်းလဲ သင်ကြားခဲ့တာလို့ သိရ ပါတယ် ။

ဆွန် ဟာ အဆိုပါ သင်တန်းမှာ သေနတ် ၊ လက်ပစ်ဗုံး နဲ့ ဓါတ်ငွေ့ သင်ခန်းစာတွေကို သင်ကြားရမှာ ဖြစ်သလို တောတွင်း စစ်ချီတက်လေ့ကျင့်မှုတွေကိုလည်း ပြုလုပ် ရမှာ ဖြစ်ပါတယ် ။ အင်္ဂလန် ပရီးမီးယားလိဂ် မှာ ကစားခဲ့တဲ့ ကိုရီးယား ကစားသမား ကီဆောင်ယွမ် ဟာ ၂၀၁၆ ခုနှစ် တုန်းက ၄ ပတ်တာ စစ်သင်တန်း ကို တက်ရောက် ပြီးမြောက် ခဲ့ဖူးပြီး သူ့ရဲ့ အတွေ့ အကြုံတွေ ဟာ ဆွန် အတွက် အထောက် အကူ ဖြစ်လာနိုင် ပါတယ် ။

“ကျွန်တော်တို့ မနက်တိုင်း ၆ ခွဲ ဆို ထရတယ် ၊ တန်းလျားရှေ့မှာ ပဲ တန်းစီရတယ် ၊ အားလုံး ၂၅၀ လောက် ရှိပါတယ် ၊ ပြီးရင် နိုင်ငံတော် သီချင်း ဆို ကြတယ် ၊ တကယ် ကြက်သီး ထစရာ ပါပဲ” လို့ ကီဆောင်ယွမ် က သူ့ရဲ့ စစ်သင်တန်း ကာလ အတွေ့ အကြုံ တွေ ကို ပြန်လည် ဖောက်သည် ချသွားခဲ့ ပါတယ် ။

“မနက်ပိုင်းမှာ သေနတ် ပစ်တာ ၊ လက်ပစ်ဗုံး ပစ်တာတွေ သင်ရတယ် ၊ နေ့လည် ရောက်တော့ အဲ့ဒါတွေ ကို ပြန်ပြီး စစ်ဆေး ပါတယ် ။ ကျွန်တော် က သေနတ် ပစ်တာ တော်တော် ညံ့ ပါတယ် ။ မီတာ ၁၀၀ ၊ ၁၅၀ ၊ ၂၀၀ ဆိုပြီး ပစ်မှတ် ၃ ခု ကို ကျည် အတောင့် ၂၀ စီနဲ့ ပစ်ခိုင်းတာ အားလုံးပေါင်းမှာ 7 ချက် ပဲ ထိခဲ့ ပါတယ်”

“လက်ပစ်ဗုံး ကတော့ အဆင်ပြေတယ်ဗျ ၊ မီတာ ၃၀ က ကျင်းထဲ ကို ဝင်အောင် ပစ်နိုင် ခဲ့တယ်လေ ။ အချို့ ရက်တွေ မှာတော့ ပစ္စည်း အစုံ အလင် ထည့်ပြီး သေနတ် နဲ့ ကီလို ၃၀ လောက် ချီတက် ရပါတယ်” လို့ ကီက ပြောဆို ဝေမျှ သွားခဲ့ ပါတယ် ။

၃ ပတ် တာ စစ်သင်တန်း ရဲ့ နောက်ဆုံး လေ့ကျင့်မှု လည်းဖြစ် ၊ အပြင်းထန်ဆုံး လို့လည်း ဆိုကြတဲ့ လေ့ကျင့်မှု ကတော့ ဓါတ်ငွေ့ခန်း ပဲ ဖြစ်ပါတယ် ။ ဒီ လေ့ကျင့်မှု ဟာ ဓာတု လက်နက် တွေ နဲ့ တိုက်ခိုက် ခံရမှု ကို အတွေ့ အကြုံ ရှိဖို့ နဲ့ ခံနိုင်ရည် ရှိဖို့ လေ့ကျင့် ပေးတာ ဖြစ်ပြီး သင်တန်းသားတွေ အတွက် မမေ့နိုင်စရာ အတွေ့ အကြုံ ကို ဖြစ်စေခဲ့ ပါတယ် ။

“အခက်ဆုံး ကတော့ ဓါတ်ငွေ့ ခန်း ပါပဲ ။ ဓါတ်ငွေ့တွေ ဖြည့်ထားတဲ့ အခန်းထဲ မှာ ၁ မိနစ် နေရ ပါတယ် ၊ မျက်နှာဖုံး တပ်ထားပေမယ့် တကယ်ခံရခက် ပါတယ် ၊ ကျွန်တော် အသက်တောင် မရှူ နိုင်လောက် အောင် ပါပဲ ။ အချို့ဆို မျက်ရည်တွေ ကျတယ် ၊ ငိုတောင် ငို ကြပါတယ် ၊ တကယ် ကြောက်ဖို့ ကောင်းတဲ့ အတွေ့ အကြုံ ပါပဲ” လို့ တောင်ကိုရီးယား မရင်းတပ်ဖွဲ့ရဲ့ Gas Chamber သင်ခန်းစာ ကို နှဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရသူ ကီဆောင်ယွမ် က ပြန်လည် ဖောက်သည် ချသွားခဲ့ ပါတယ် ။

ဒီလို ပင်ပန်း ကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေ ရှိပေမယ့်လည်း ကီဆောင်ယွမ် ကတော့ သူ ဟာ သင်တန်းမှာ ပျော်ရွှင် ခဲ့ပြီး သင်တန်း ကာလ အတွင်းမှာ ဘောလုံး သမား တစ်ယောက် ဆိုတာကို လုံး၀ မေ့သွားခဲ့ တယ်လို့ ဆိုသွားခဲ့ ပါတယ် ။ ဒါ့အပြင် နိုင်ငံ အတွက် တတ်နိုင်တဲ့ ဘက်က နေ ပါဝင် ကူညီပေး နိုင်ခဲ့တဲ့ အတွက်လည်း ဝမ်းမြောက် မိပါတယ် လို့ ဆိုသွားခဲ့ ပါတယ် ။

SPORTS MYANMAR