စာချုပ်သစ် ချုပ်ဆိုဖို့ ကြန့်ကြာနေမှုမှာ ဝီလီယံ ရဲ့ ဉာဏ်ပြေးပုံ ကို သုံးသပ် ပြောဆိုလိုက်တဲ့ #ပေါလ်မာဆင်

ချယ်လ်ဆီး အသင်း ဟာ ၎င်းတို့ရဲ့ ဝါရင့် တောင်ပံ တိုက်စစ် ကစားသမား ဝီလီယံ ကို ယခုနှစ် ဘောလုံးရာသီ အစောပိုင်း ကာလ ကတည်းက စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ၊ အခုအချိန် အထိ အလုပ်မဖြစ်သေးတာကို တွေ့ရပါတယ် ။ ဝီလီယံ ဖက်က နှစ်ရှည် စာချုပ် အနေနဲ့ ၃နှစ် အထိ တောင်းဆိုထားပေမယ့် ၊ ချယ်လ်ဆီး အသင်း ဖက်ကတော့ ၂နှစ် သာ ထပ်မံ ကမ်းလှမ်း လိုနေပါတယ် ။

လက်ရှိ အခြေအနေ အရ စာချုပ်သစ် ထပ်ချုပ်ဖို့ ချယ်လ်ဆီး နဲ့ ဝီလီယံ အကြား အတော်လေး အလားအလာ နည်းနေပြီး ၊ ဝီလီယံ အဖို့ ရာသီကုန်တာနဲ့ စတမ်းဖို့ဒ်ဘရစ်ချ် ကို စွန့်ခွာဖို့ များပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင် က Sky Sports နဲ့ ဆောင်းပါး တခုမှာ အခုလို သုံးသပ်ခဲ့ပါတယ် ။

ပေါလ်မာဆင် က ” ဝီလီယံ ဟာ အရမ်း ကံကောင်းသူ တယောက်ပါ ။ သူဟာ ကြီးကျယ်တဲ့ ကစားသမား တယောက်လည်း ဖြစ်ပါတယ် ။ အခု အချိန်အထိလည်း သူဟာ လက်ရှိ ချယ်လ်ဆီး အသင်း ရဲ့ အကောင်းဆုံးတွေထဲက တယောက်ပဲ လို့ ကျွန်တော် ယူဆထားဆဲပါ ။ ဒါနဲ့ ပတ်သက်ပြီး ဘယ်သူမှလည်း မေးခွန်း ထုတ်စရာ ရှိမှာ မဟုတ်သလို ၊ သံသယလည်း ဖြစ်မှာ မဟုတ်ပါဘူး ။ ”

” ဒါပေမယ့် ဒီ ရာသီ အတွင်း စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးတဲ့ နေရာမှာတော့ သူ့ရဲ့ လှုပ်ရှားပုံ တွေ အရမ်း ကံကောင်းနေတယ် လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ ဒီ ရာသီ အကုန်မှာပဲ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် ကို အပြီးဖြတ်လိုက်မယ် လို့ တွေးထားသူပါ ။ ဒါဆို သူ့ကို ဘယ်သူကမှလည်း မကောင်း မမြင်တော့ပါဘူး ။ ”

” သမိုင်းမှာလည်း အသင်း တချို့ က ကစားသမား တချို့ ဟာ သူတို့ ကစားနေတဲ့ ကလပ် တွေက ထွက်ခွာချင်ပြီ ဆိုရင် စာချုပ် သက်တမ်း ပြည့်အောင် ကစားလိုက်ပြီး ၊ နောက် အပြောင်းအရွှေ့ မှာ အလွတ် နဲ့ ပြောင်းသွားတာမျိုး ရှိခဲ့ဖူးပါတယ် ။ ပုံမှန် ဖြစ်စဉ် အရ လူတွေဟာ အဲ့လိုမျိုး အသင်း ပြောင်းသွားတဲ့ ကစားသမား တွေရဲ့ လုပ်ရပ် ကို သိပ်ပြီး သဘောမကျပါဘူး ။ ”

” ဒါပေမယ့် အခု ဝီလီယံ ရဲ့ အနေအထား မှာကျတော့ သူဟာ ချယ်လ်ဆီး အတွက် အကောင်းဆုံး ပေးဆပ်နေပြီး ၊ ခြေစွမ်း အလုံအလောက် ပြသနေတာကြောင့် လူတွေက သူ့ကို မျက်မုန်း မကျိုးကြပါဘူး ။ အနာဂတ် မှာ ဘယ်လိုပဲ ဖြစ်လာ ဖြစ်လာ ၊ ပရိသတ် တွေနဲ့ သူ့ အကြား မှာ ဘာ အညှိုးအတေး မှ ရှိလာမှာ မဟုတ်ပါဘူး ။ ”

” ခင်ဗျား တို့ အနေနဲ့ တော့တင်ဟမ် ကနေ ထွက်ခွာခဲ့တဲ့ ခရစ်တီယန် အဲရစ်ဆင် ရဲ့ အပြောင်းအရွှေ့ ကိုပဲ တချက် ကြည့်ပါ ။ သူဟာ ဒီ အခြေအနေ မှာ အနည်းငယ် ကံကောင်းခဲ့တယ် လို့ ဆိုရမှာပါ ။ ဒါပေမယ့် ဝီလီယံ ကတော့ ကမ္ဘာ့ အဆင့် တဦးပါ ။ လက်ရှိ ချယ်လ်ဆီး အသင်း မှာ သူ့လို ကမ္ဘာ့ အဆင့် ကစားသမားမျိုး များများစားစား ရှိမနေပါဘူး ။ ”

” ဝီလီယံ ဟာ အရမ်း ထူးချွန်တဲ့ ကစားသမား ဖြစ်တဲ့ အတွက် မနက်ဖြန်မှာ မန်စီးတီး အတွက် ကစားပေးရမယ် ဆိုရင်တောင် သူဟာ လျှောလျှောရှူရှူ ကစားပေးနိုင်မယ့်သူပါ ။ သူ ချယ်လ်ဆီး ကနေ အလွတ်နဲ့ ထွက်လာမယ် ဆိုရင် သူ့ကို ခေါ်ဖို့ စောင့်နေတဲ့ အသင်းတွေက တန်းစီပြီး ရှိနေမှာပါ ။ ”

” သူဟာ ထူးရှယ် ကစားသမား တယောက် ဖြစ်သလို ၊ ကျွန်တော့ အမြင် မှာတော့ ချယ်လ်ဆီး အသင်း ဟာ သူ့ကို စာချုပ် သက်တမ်းတိုးတဲ့ နေရာမှာ အမှားတခု ကျူးလွန်ခဲ့မိသလိုပါပဲ ။ အခုဆို သူဟာ ၃နှစ် သက်တမ်းတိုးပေးဖို့ တောင်းဆိုနေပါတယ် ။ နောက်ပြီး ချယ်လ်ဆီး ဖက်က သူ့ကို ၃နှစ် သက်တမ်း တိုးပေးခဲ့မယ် ဆိုရင်တောင် သူဟာ အရင်ကလောက် ကစားခွင့်တွေ ရတော့မယ် လို့ မထင်မိပါဘူး ။ ”

” ဖြစ်နိုင်ခြေ ရှိတာက ကလပ်ဖက်ကတော့ သူ့ကို ဒီလို ၃နှစ် သက်တမ်းတိုးပေးဖို့ အလားအလာ မရှိတော့ပါဘူး ။ အခု ထိုင်နေတဲ့ အချိန်အတွင်း မှာ အခြေအနေ တွေက ငြိမ်သက် နေပေမယ့် ၊ တအောင့် အကြာမှာ အခြေအနေ တွေက ကမောက်ကမ လည်း ဖြစ်သွားနိုင်ပါတယ် ။ ကပ်ဆိုက်နေတဲ့ ကာလ ကို မရောက်ခင် က ဥရောပ ထိပ်တန်း ကလပ် တွေဟာ နာမည်ကြီး ကစားသမား တယောက် ကို တပတ်လုပ်ခ ပေါင် ၃သိန်း နဲ့ စာချုပ် ချုပ်နိုင်ကြပါတယ် ။ ”

” ဒါပေမယ့် အခုအချိန် မှာတော့ ဘယ် အသင်းကမှ ဘယ်သူ့ အတွက် ကို ပေါင် ၃သိန်း နဲ့ စာချုပ်သစ် ချုပ်ချင်တယ် ဆိုတာမျိုး လုံးဝ မရှိတော့ပါဘူး ။ ဝီလီယံ ဟာ အခု အချိန်ထိ ကြီးကျယ်တဲ့ ကစားသမား တယောက်ပါ ။ နောက် ၂နှစ်လောက် အထိ သူ ဒီ ခြေစွမ်း အဆင့်အတန်း ကို ဆက်ထိန်းနိုင်ပါလိမ့်မယ် ။ ဒါပေမယ့် ၃နှစ်မြောက်မှာတော့ သူ အရင်လို လုပ်ပြနိုင်တော့မှာ မဟုတ်ပါဘူး ။ ”

” ပရီးမီးယားလိဂ် မှာ အသက် ၃၄ နှစ် ထဲက ဘယ်သူတွေများ ကြောက်ခမန်းလိလိ ခြေစွမ်းတွေ ပြသခဲ့ကြဖူးလဲ ? တယောက်မှ မရှိပါဘူး ။ ဒါကြောင့်မို့ ကျွန်တော် ကတော့ ကြိုတင် သဘောတူညီမှု မရှိထားပဲနဲ့ ဒီ ရာသီ အကုန်မှာ ဝီလီယံ အတွက် ချယ်လ်ဆီး မှာ အနာဂတ် မရှိတော့ဘူး လို့ပဲ ထင်ပါတယ် ။ ”

” အတည်ပေါက် ပြောကြရအောင် ။ ဒီလို လက်ရှိ ကလပ် နဲ့ အနာဂတ် မရှိတော့တဲ့ ကစားသမား တွေဟာ တဖက်မှာ တခြား ကလပ် အသင်း တသင်း ကို ပြောင်းရွှေ့ဖို့ နောက်ကွယ်မှာ ကြိတ်ပြီး လုပ်ဆောင် ကြိုးပမ်းနေတာတွေ ရှိတာကိုတော့ လက်ခံရပါမယ် ။ ဝီလီယံ ဟာ ဒီရာသီကုန်မှာ သူ့ကို ဘယ် အသင်း က လာခေါ်မလဲ ဆိုပြီး ထိုင်စောင့်နေမယ့် အထဲမှာ မပါဘူး လို့ ကျွန်တော် ယူဆမိပါတယ် ။ ”

” အခုအချိန် အထိ သူဟာ တခြား အသင်း တသင်း နဲ့ အပြောင်းအရွှေ့ ဆွေးနွေးမှု တွေ မလုပ်သေးရင်တော့ ကျွန်တော်ဖြင့် အတော်လေး အံ့သြမိမှာပါ ။ ဒီလို စာချုပ် ညှိနှိုင်းမှု အဆင်မပြေတာတွေ ရှိရင် များသောအားဖြင့် ကလပ် တာဝန်ရှိသူ တွေဟာ အဲ့ဒီ ကစားသမား တွေကို ဇန်နဝါရီ အတွင်း ကတည်းက တခြား သူ ပြောင်းလိုတဲ့ ကလပ် အသင်း တွေနဲ့ ဆွေးနွေးခွင့် ပေးထားပြီးသားပါ ။ ”

” ဘောလုံးသမား ဘဝ ဆိုတာ အရမ်း တိုတောင်းပါတယ် ။ ကြီးမားတဲ့ ဒဏ်ရာဆိုးတွေပဲ ဖြစ်ဖြစ် ၊ ခြေစွမ်း ဆိုးဆိုးရွားရွား ကျဆင်းနေတဲ့ အချိန် တွေနဲ့ မကြုံရသေးခင် ဘောလုံးသမားတိုင်း ဟာ ရတဲ့ အခွင့်အရေး ကို အမိအရ ဆုပ်ကိုင်တတ်ကြတာပါပဲ ။ ”

” ဒါကြောင့်မို့ ဝီလီယံ ဟာ အခုအချိန် မှာ တခြား အသင်း တသင်း နဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးပြီးသား ၊ ဒါမှမဟုတ် စာချုပ်ချုပ်ပြီးသား အခြေအနေ ကို ရောက်နေပြီ လို့ ထင်ပါတယ် ။ ဒီလိုမှ မဟုတ်ရင်တော့ သူဟာ ချောင်ပိတ်မိနေပြီ လို့ပဲ ကျွန်တော် ယူဆပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR