ကစားသမားဘဝရဲ့ အကြီးမားဆုံးနောင်တ နဲ့ သူ့ရဲ့ အကောင်းဆုံး ဂိုး ၃ ဂိုး ကို ပြောပြလိုက်တဲ့ ပီတာခရောက်ချ်

ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း ဖြစ်သူ ပီတာခရောက်ချ် က သူ့ ကစားသမား ဘ၀ ရဲ့ အကြီးမားဆုံး နောင်တ ကတော့ လီဗာပူး အသင်း ကနေ ထွက်ခွာ ခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။ အင်္ဂလန် တိုက်စစ်မှုးဟောင်းဟာ အန်ဖီးမှာ အထိုက်အလျောက် အောင်မြင်ခဲ့တဲ့ ၃ ရာသီ ကာလကို ဖြတ်သန်း ခဲ့ပြီး ၎င်းကို လီဗာပူး နည်းပြဟောင်း ရာဖေး ဘင်နီတက်ဇ် က ၂၀၀၅ ခုနှစ်မှာ ဆောက်သမ်တန် အသင်း ကနေ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ်။

ခရောက်ချ်ဟာ လီဗာပူး ပရိတ်သတ်တွေ နှစ်သက်တဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့သလို ၂၀၀၇ ခုနှစ်မှာ မာဆေးဆိုက် ကလပ်နဲ့ အတူ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့ ပေမယ့်လည်း ဖိုင်နယ်မှာ အေစီမီလန် အသင်းကို ရှုံးကာ ဒုတိယ ရခဲ့ပါတယ်။ အဲဒီနောက် ခရောက်ချ်ဟာ ၂၀၀၈ ခုနှစ် မှာ ပို့စ်မောက် အသင်းကို ပြောင်းရွေ့ သွားခဲ့ ပါတယ်။

လက်ရှိ အချိန်မှာ ကစားသမား ဘ၀ ကနေ အနားယူ ခဲ့ပြီး ဖြစ်တဲ့ ပီတာခရောက်ချ်က သူ့အနေနဲ့ မာဆေးဆိုက်မှာ ဒီထက် နည်းနည်း ကြာအောင် နေခဲ့သင့်တယ်လို့ ဆိုခဲ့ပါတယ်။ ခရောက်ချ်ဟာ လီဗာပူး မှာ ၈၅ ပွဲကစား ၂၂ ဂိုး သွင်းယူ ပေးခဲ့သူ ဖြစ်ပါတယ်။

ခရောက်ချ်က “အရာရာမှာ သူ့အကြောင်းနဲ့သူ ရှိပါတယ်။ ကျွန်တော်ဟာ ကစားသမား ဘဝမှာ ကြုံတွေ့ ခဲ့ရတဲ့ အရာ တော်တော်များများကို လက်ခံ ပါတယ်။ ၂၀၀၇ ခုနှစ်က ချန်ပီယံလိဂ် ဖိုင်နယ် မှာ အေစီမီလန် အသင်းကို ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် အပါအဝင်ပေါ့။ ကျွန်တော့်ကို စိတ်ကသိ ကအောက် ဖြစ်စေတာ ကတော့ ၂၀၀၈ ခုနှစ်က လီဗာပူး အသင်း ကနေ ထွက်ခွာ ခဲ့တာကို ပါပဲ။ ရာဖာဘင်နီတက်ဇ် ဟာ ကျွန်တော့်ကို ပျော်ပျော်ကြီး လက်လွှတ် ခဲ့တာပါ။ ကျွန်တော်ဟာ သူ့အတွက် အမြဲတမ်း Plan B အဖြစ် ရှိနေ ခဲ့ပါတယ်။

ကျွန်တော် ပို့စ်မောက်ကို ပြောင်းရွေ့ ခဲ့တဲ့ အကြောင်းရင်းတွေ ထဲက တစ်ခု ကတော့ စတီဗင်ဂျာရတ် နဲ့ ဖာနန်ဒို တောရက်စ် တို့ဟာ တအားကို အတွဲအဖက် ညီလှတဲ့ တိုက်စစ် အတွဲ ဖြစ်နေ ခဲ့လို့ပါ။ ဒါပေမယ့် နောက်ထပ် ၁၈ လ အကြာမှာတော့ အန်ဒရီ ဗိုရိုနင် နဲ့ ဒေးဗစ် အန်ဂေါ့ တို့ဟာ အခွင့်အရေးတွေ ရလာ ခဲ့တာကို ကျွန်တော် မြင်တွေ့ ခဲ့ရ ပါတယ်။ ဒါကို မြင်ခဲ့ရ ပြီးနောက် ငါသာ ဆက်ရှိ နေခဲ့မယ် ဆိုရင် ဆိုတဲ့ အတွေး ဝင်မိ ခဲ့ပါတယ်။ လီဗာပူး လို အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ် ရတာ မလွယ်ကူ လှပါဘူး။” လို့ ဆိုသွား ပါတယ်။

အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ၄၂ ပွဲမှာ ၂၂ ဂိုး သွင်းယူ ထားခဲ့တဲ့ ခရောက်ချ်က သူ သွင်းယူ ခဲ့တဲ့ သွင်းဂိုး တွေထဲက အကောင်းဆုံး သွင်းဂိုး ကိုလည်း ရွေးချယ် ပေးသွား ခဲ့ပါတယ်။

အင်္ဂလန် ကြယ်ပွင့်ဟောင်း က “အကောင်းဆုံး ဂိုးတစ်ဂိုးကို ရွေးချယ်ရတာ ခက်ခဲပါတယ်။ ဒါ့ကြောင့် ကျွန်တော် ၃ ဂိုး ရွေးချင် ပါတယ်။ အစဉ်လိုက်တော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ကတော့ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က အာဆင်နယ် နဲ့ ပွဲစဉ် မှာ လီဗာပူး အတွက် ကျွန်တော့်ရဲ့ ဟက်ထရစ်မြောက် ဂိုးဖြစ်ပါတယ်။ နည်းစနစ်ပိုင်း ၊ သွင်းဂိုး အတွက် ရွေ့လျားမှု နဲ့ အန်ဖီး ပရိတ်သတ်တွေ ရှေ့မှောက်မှာ သွင်းယူ ရတာ တကယ့်ကို စပယ်ရှယ် ပါပဲ။

စိတ်ခံစားမှုပိုင်း နဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု အတွက် ဆိုရင်တော့ တော့တင်ဟမ် ကို ချန်ပီယံလိဂ် ဝင်ခွင့် ရသွားစေခဲ့တဲ့ မန်ချက်စတာစီးတီး နဲ့ပွဲက သွင်းဂိုး ဖြစ်ပါတယ်။ ကျွန်တော် ဒီဂိုးကို တွေးမိလိုက်တိုင်း အဝေးကွင်း ပရိတ်သတ်တွေဟာ ရူးသွပ် သွားခဲ့ကြတာကို မြင်နေဆဲပါ။ နောက်တစ်ဂိုး ကတော့ အင်္ဂလန် အတွက် ကျွန်တော် သွင်းယူ ခဲ့တဲ့ ပထမဦးဆုံး ဂိုးပါ။ အန်ဖီးမှာ ဖြစ်ပြီး ၂၀၀၆ ခုနှစ် မတ်လ က ဥရုဂွေး နဲ့ ပွဲမှာ သွင်းခဲ့တာပါ။” လို့ ဆိုသွား ပါတယ်။

 

SM