အင်တာမီလန် မှာ သူ့ရဲ့ ဘဝကို ပျက်ဆီးစေခဲ့တဲ့ နည်းပြကို ဝေဖန်လိုက်တဲ့ ရော်ဘတ်တိုကားလိုစ့်

ဘရာဇီး အသင်း ရဲ့ ဂန္ထဝင် ဘယ် နောက်ခံလူ ရော်ဘတ်တို ကားလိုစ့် က အင်္ဂလန် သား နည်းပြ ရွိုင်း ဟော့ဆန် ဟာ သူ့ရဲ့ အင်တာ မီလန် ကစား သမား ဘဝ ကို ပျက်ဆီး စေခဲ့တဲ့ အဓိက လူ ဖြစ်တယ်လို့ ပြောဆို ဝေဖန် သွားခဲ့ ပါတယ် ။ ရီးရဲ မက်ဒရစ် မှာ ကျော်ကြား ခဲ့တဲ့ ကားလိုစ့် ဟာ အင်တာ မီလန် မှာ ကစား ခဲ့တာ ကို သိမီသူ နည်းပါး ခဲ့ ပါတယ် ။ တကယ်တမ်း မှာလည်း ကားလိုစ့် ဟာ အင်တာ မီလန် မှာ ၁ ရာသီသာ ကစားခဲ့ရပြီး ရီးရဲ မက်ဒရစ် ကို ရောက်ခဲ့တာ ဟာ ကံအလွန် ကောင်းခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ကားလိုစ့် ဟာ ပရို ဘောလုံး သမား ဘဝ ကို ဒေသခံ ကလပ် ဆာအိုဂျာအို မှာ စတင်ခဲ့ ပေမယ့် ၁၉၉၁ ကနေ ၉၃ အတွင်း စီနီယာပွဲ တစ်ပွဲမှ မကစားရဘဲ အက်သလက်တီကို မင်နဲရိုး အသင်းကို ၁ ရာသီ အငှားထွက် ကစားခဲ့ရ ပါတယ် ။

၁၉၉၃ ကနေ ၉၅ အတွင်းမှာ ပါမေးရပ်စ် အသင်းမှာ ကစားပြီး ခြေစွမ်းပြသ လာနိုင် ခဲ့တဲ့ ကားလိုစ့် ကို အင်တာမီလန် က အရ ခေါ်ယူ ခဲ့တာပဲဖြစ်ပါတယ် ။ အင်တာမှာ ၁ ရာသီ ကစားအပြီးမှာတော့ စပိန် ကလပ် ကို ပြောင်းရွှေ့ ခဲ့ ပါတယ် ။

ကားလိုစ့် ဟာ ရီးရဲ မက်ဒရစ် မှာ ၁၉၉၆ ကနေ 2007 ခုနှစ် အထိ ကစား သွားခဲ့ပြီး လာလီဂါ ၊ ချန်ပီယံ လိဂ် တို့ အပါ အဝင် ဆုဖလား ပေါင်း ၁၃ ခုကို ရရှိခဲ့ကာ ကမ္ဘာ့ အကောင်းဆုံး ဘယ်နောက်ခံလူ တစ်ဦး အဖြစ် ကိုလည်း ရောက်ရှိ လာခဲ့ ပါတယ် ။ အဲ့ဒီ နောက်မျာတော့ ဖီနာဘာချီ ၊ ကိုရင်သီဟန် ၊ အန်ဇီ နဲ့ ဒေလီ ဒိုင်နမို အသင်းတွေ မှာ ကျဉ်လည် ကစားရင်း ၂၀၁၅ ခုနှစ် မှာ ဘောလုံး ကစားခြင်း ကနေ အနားယူ ခဲ့သူ ဖြစ်ပါတယ်

အီတလီ ကို ကားလိုစ့် ရောက်လာခဲ့တဲ့ ၁၉၉၅-၉၆ ဘောလုံး ရာသီ မှာ အင်တာ မီလန် ဟာ လူကောင်းတွေ ကို ဖြည့်တင်းဖို့ ကြိုးစားနေပြီး နောက် ၂ နှစ် အကြာမှာ ရိုနယ်ဒို လို ကစား သမား ကို ပင် ခေါ်ယူ ခဲ့ ပါတယ် ။ ကားလိုစ့် ၊ ပေါလ် အင့်စ် နဲ့ ဂျာဗီယာ ဇနက်တီ တို့ ၃ ဦးဟာ အင်တာ ကို တစ်နှစ်တည်း ရောက်လာခဲ့ ကြပြီး ကားလိုစ့် နဲ့ အင်စ့် တို့ ရာသီအကုန်မှာ အသီးသီး အသင်းပြောင်းရွှေ့ ခဲ့ကြပါတယ် ။

ကားလိုစ့် ဟာ အင်တာ ရဲ့ ဂန္ထဝင် တစ်ဦး အထိ ဖြစ်လာဖို့ ရည်မှန်းခဲ့ ပေမယ့် ထိုစဉ် က အင်တာ မီလန် ကို နည်းပြ နေတဲ့ ရွိုင်းဟော့ဆန် လက်အောက်မှာ ဆက်ကစားပါက သူ့ဘဝ အညွှန့်တုန်းသွား နိုင်တာကြောင့် အသင်း ပြောင်းခဲ့ရတာ ဖြစ်ကြောင်း စပိန် သတင်းစာ မာကာ ကို ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

“ရွိုင်းဟော့ဆန် ကျွန်တော့ ကို ဖျက်ဆီး ခဲ့တာပါ ။ ကျွန်တော့ကို ကွင်းလယ် မှာ ဗဟိုလူ အဖြစ် ကစားခိုင်းခဲ့ ပါတယ် ။ ဒါက တော်တော်လေးကို အဆင်မပြေ ခဲ့တာပါ ။ အဲ့ဒါရဲ့ အကျိုးဆက် ကတော့ လက်ရွေးစင် အသင်း နဲ့ ဝေးလာခဲ့တာပါပဲ ။ 1997 မှာ ကိုပါအမေရိက ပြိုင်ပွဲ ရှိပါတယ် ။ ဒါကို ဘရာဇီးနဲ့ ကျွန်တော် ဝင်ကစားချင် ပါတယ်”

“ဒါပေမယ့် သူ့လက်အောက်မှာ သာ ဒီအတိုင်းဆက် ကစားနေရင် ဘရာဇီးမှာ ရွေးခံ ရမှာ မဟုတ်သလို ကျွန်တော်လည်း ဘာမှ သုံးမရတဲ့ ကောင် ဖြစ်သွားတော့ မှာပါ ။ ဒါကြောင့် အသင်း ဥက္ကဌ မိုရက်တီ နဲ့ သွားတွေ့ပြီး အသင်းပြောင်းချင် တယ် လို့ ပြောခဲ့ရပါတယ်” လို့ ကားလိုစ့် က ပြောဆို ခဲ့ ပါတယ် ။

အဆိုပါ အချိန်တုန်းက အီတလီ နည်းပြကြီး ဖေဘီယို ကာပယ်လို ဟာ ရီးရဲ မက်ဒရစ် ကို နည်းပြ နေပြီး ကာပယ်လို ပါဝင်လာမှု ဟာ သူ့ကို စပိန်ကလပ် ဆီ ရောက်ရှိ စေခဲ့တယ်လို့ ကားလိုစ့် က ပြောဆို ခဲ့ ပါတယ် ။ ဒါ့အပြင် ကာပယ်လို ဟာ သူ့ရဲ့ ဘဝမှာ အလွန် အရေးပါသူ ဖြစ်ခဲ့တယ်လို့လည်း ဘရာဇီးသားကြီး က ပြောဆို ခဲ့ ပါတယ် ။

အင်တာမီလန် ဟာ ကားလိုစ့် ရှိခဲ့တဲ့ ၁၉၉၅-၉၆ ရာသီမှာ အဆင့် 7 နဲ့ ရာသီ ပိတ်သိမ်း နိုင်ခဲ့ ပေမယ့် ယူဗင်တပ် ရဲ့ ချန်ပီယံလိဂ် ရရှိမှု ကြောင့် လာမယ့် ရာသီ ယူရိုပါလိဂ် ဝင်ခွင့် ကို ရရှိခဲ့ ပါတယ် ။ ရွိုင်းဟော့ဆန် ဟာ နောက်ရာသီမှာ စီးရီးအေ အဆင့် ၃ ၊ ကိုပါ အီတလီယာ ဖလား ဆီမီး ဖိုင်နယ် နဲ့ ယူရိုပါလိဂ် ( UEFA Cup ) ဖိုင်နယ် အထိ တက်နိုင်ခဲ့ ပေမယ့် ရှော်ကေး ကို ပင်နယ်တီ မှာ အရေးနိမ့် ပြီး ဒုတိယ နဲ့သာ ကျေနပ် ခဲ့ရ သလို ရာသီ အကုန်မှာတော့ နည်းပြ ရာထူးကနေ ထွက်ခွာ ခဲ့ရ ပါတယ် ။

SPORTS MYANMAR