ဒီရာသီကို ဘယ်လို အဆုံးသတ်သင့်သလဲ ဆိုတာ ပြောပြလိုက်တဲ့ မန်စီးတီး စတား ဆာနေး

မန်ချက်စတာစီးတီး တောင်ပံ ကစားသမား ဖြစ်သူ လီရွိုင်းဆာနေး က သူ့အနေနဲ့ ၂၀၁၉-၂၀ ဘောလုံး ရာသီ ရဲ့ လက်ကျန် ပွဲစဉ် တွေကို တံခါးပိတ် ကစား သွားမယ် ဆိုရင်လည်း အဆင်ပြေတယ်လို့ ဆိုလိုက်ပြီး လက်ရှိ ဘောလုံးရာသီကို ပြီးဆုံးအောင် ကစား သွားခြင်း ကသာ အမျှတဆုံး ရွေးချယ်မှု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လက်ရှိမှာ ရပ်နား ထားခဲ့ရပြီး တာဝန်ရှိသူတွေဟာ ပြိုင်ပွဲကို အကန့်အသတ် မရှိ ရပ်နား ထားခဲ့ကာ အန္တရာယ် ကင်းတဲ့ အချိန် ကျမှသာ ပြန်လည် ကစား သွားဖို့ ရည်ရွယ် ထားပါတယ်။

ဒီရာသီ နဲ့ ပက်သက်ပြီး လူတွေဟာ သူတို့ရဲ့ အမြင်တွေကို အမျိုးမျိုး ပြောဆို နေကြကာ ရာသီဖျက်သိမ်းရန် ပြောဆိုမှုတွေ ရှိနေသလို ၊ ဘယ်ဂျီယံလိဂ် လိုမျိုး လက်ရှိ အမှတ်ပေးဇယား ရဲ့ ရပ်တည်မှုကို final result အဖြစ် သတ်မှတ်ကာ ရာသီသိမ်း လိုက်ဖို့ အကြံပေးမှု တွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆာနေး ရဲ့ အသင်းဖော် ဖြစ်သူ ကယ်ဗင်ဒီဘရိုင်းက အကယ်၍ လာမည့် ဘောလုံး ရာသီကို အနှောက်အယှက် ဖြစ်သွား စေနိုင်တယ် ဆိုရင် ဒီရာသီကို စောစီးစွာပဲ အဆုံးသတ် လိုက်ရန် အကြံပြု ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆာနေး က “ကျွန်တော်တို့ နေ့တိုင်း အမျိုးမျိုး ဖတ်နေရ ပါတယ်။ ကျွမ်းကျင်သူတွေတောင် ဒါကို သဘောမတူကြ ပါဘူး။ ဒါ့ကြောင့် ကျွန်တော့် အတွက် အကဲဖြတ်ဖို့ ခက်ခဲ ပါတယ်။ ကျွန်တော် ပြောနိုင်တာ ကတော့ ကျွန်တော် ဘောလုံးပွဲ တွေကို တကယ် လွမ်းနေပြီး တက်နိုင်သမျှ အမြန်ဆုံး ကွင်းထဲမှာ ကစား သွားချင် ပါတယ်။

ကျွန်တော်တို့မှာ ဘာမှ ရွေးချယ်စရာ မရှိ ဖြစ်နေ ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေ ပြောတာကို ယုံကြည်ဖို့နဲ့ ပြိုင်ပွဲတွေ ပြန်လည် စတင်တော့မယ်လို့ ပြောတဲ့ အခါ ကိုယ့်ဘက်က အဆင်သင့် ဖြစ်နေ ဖို့ပါ။ အကယ်၍ ပြိုင်ပွဲတွေ ဆက်လက် ကစား သွားမယ် ဆိုရင်လည်း ဒါဟာ တံခါးပိတ် ကစားတာပဲ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဒါကလည်း အဆင်ပြေ ပါတယ်။ ကျွန်တော်တို့ လူတွေရဲ့ ကျန်းမာရေးကို ပေါ့ပေါ့ မတွေးဘဲ ဖြေရှင်းချက်တွေ ရှာဖွေ သွားနိုင်ဖို့ အရေးကြီး ပါတယ်။ အားကစား အမြင်အရ ကြည့်မယ် ဆိုရင် ဘောလုံး ရာသီကို ဘယ်လိုပဲ ဖြစ်ဖြစ် ပြီးဆုံးအောင် ကစား သွားခြင်း ကသာ အမျှတဆုံး နည်းလမ်း ဖြစ်မှာပါ။” လို့ ဆိုလိုက်ပါတယ်။

ဆာနေး ဟာ ပြီးခဲ့တဲ့ သြဂုတ်လက လီဗာပူး နဲ့ ကစား ခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ ပြင်းထန်တဲ့ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာ ရရှိ ခဲ့ပြီး ပြိုင်ပွဲတွေ ရပ်နားလိုက်တဲ့ အချိန်ထိ စီးတီး အတွက် ကစားပေးထားခြင်း မရှိသေး ပါဘူး။ ဒါပေမယ့် ဂျာမန် စတားဟာ ဖေဖော်ဝါရီလက အာဆင်နယ် နဲ့ ကစားခဲ့တဲ့ ယူ ၂၃ ပွဲစဉ် မှာတော့ ပါဝင် ကစား ထားခဲ့ပါတယ်။

ဆာနေး က “ကာလရှည် ဒဏ်ရာ ရရှိ ထားခဲ့ပြီးနောက် ကျွန်တော့် အနေနဲ့ ပွဲတွေ ချက်ချင်း ပြန်မကစား သွားချင်ပါဘူး။ ကျွန်တော်ရဲ့ ခန္တာကိုယ်ကို အချိန် ပေးသွားချင် ပါတယ်။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ ပွဲရဲ့ အရှိန်ကို တဆင့်ပြီး တဆင့် ပြန်လည် ရရှိ စေဖို့ အတွက် ယူ ၂၃ ပွဲတွေမှာ အရင် ကစားခိုင်းဖိုက အကြံပြု ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော် အရင်က ဒီလို အကြာကြီး ဒဏ်ရာ မရ ခဲ့ဖူး ပါဘူး။ ကျွန်တော့် အတွက် လွယ်ကူတဲ့ အချိန်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် အများကြီး လေ့လာ သင်ယူ နိုင်ခဲ့ ပါတယ်။ အထူးသဖြင့် စိတ်ရှည်မှုကိုပေါ့။ ဒီလို ဒဏ်ရာမျိုး ရပြီးတဲ့ အခါမှာ ခန္တာကိုယ်ဟာ အချိန်ယူဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုကိုယ့် ဖိအားတွေ အများကြီး ပေးလို့ မရပါဘူး။ ကျွန်တော် ကတော့ အရာအားလုံးကို အကောင်းမြင်ဖို့ပဲ ကြိုးစား ခဲ့ပါတယ်။

ဒါဟာ ကျွန်တော့်ကို မိသားစုနဲ့ အချိန် များများ နေခွင့် ရခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကျွန်တော် ပြန်လည် နလန်ထဖို့ လုပ်ဆောင် နေတဲ့ ကာလအတွင်း ဘေးမှာ စောင့်ရှောက် ကူညီ ခဲ့ကြပါတယ်။ ပြီးတော့ ကျွန်တော် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ကျွန်တော့် ခန္တာကိုယ်ကို ကောင်းကောင်း အလုပ်လုပ် နိုင်ဖို့ အတွက် ဒီကာလကို ကောင်းကောင်း အသုံးချ ခဲ့ပါတယ်။” လို့ ပြောလိုက်ပါတယ်။