ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်ဆီ ပြောင်းရွှေ့မလား ၊ ရီးယဲမက်ဒရစ်ဆီ ပြောင်းရွှေ့မလား ဆိုတာ အကြောင်းပြချက်ပေး ရှင်းပြလိုက်တဲ့ ဆဂ်နာ

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း ဒဏ်ရာ ပြသနာ တွေရဲ့ ဖိနှိပ်မှု ဒဏ်တွေ ကို အချိန် အတော်ကြာ ခံစား နေခဲ့ ရတာကြောင့် အသင်း အတွက် ပြိုင်ပွဲစုံ 8 ပွဲ မျှသာ ကစား ပေးခွင့် ပိုင်ဆိုင် ထားခဲ့ရ ပါတယ် ။

ဒါ့အပြင် ဒဏ်ရာ ပြသနာ ရရှိ နေစဉ် အတွင်း အနေ အထိုင် မဆင်ခြင် ခဲ့မှု ၊ တစ်နိုင်ငံ တည်းသား ဖြစ်သူ ဇီဒန်း နဲ့ တွေ့ဆုံ ခဲ့မှု တွေကြောင့် ရီးယဲ မက်ဒရစ် အသင်း ဆီကို ပြောင်းရွှေ့ ဖြစ်မယ် ဆိုတဲ့ သတင်း တွေ ဟာလည်း တစ်ဖန် ပြန်လည် ကျယ်လောင် လာခဲ့ ပါ သေးတယ် ။

ဒါ့အပြင် ဒီကြား ကာလ အတွင်း အီတလီ မြေဟာ ပေါ့ဂ်ဘာ အတွက် အိမ်လို ဖြစ်နေပြီ ဖြစ်ကြောင်း အေးဂျင့် ဖြစ်သူ မီနို ရိုင်အိုလာ က ထုတ်ဖော် ပြောကြား ခဲ့တဲ့ အတွက် ပေါ့ဂ်ဘာ ဟာ ဂျူဗင်တပ် အသင်း နဲ့ ပြန်လည် ပူးပေါင်း လိမ့်မယ် ဆိုတဲ့ အသံတွေ ထွက်ပေါ် ခဲ့ပါ သေးတယ် ။

အခြား တစ်ဖက် မှာတော့ ကစားသမား ကိုယ်တိုင် က မကြာ သေးခင် တုန်းက သူဟာ ယူနိုက်တက် အသင်း နဲ့ အတူ ဆု ဖလားတွေ ဆွတ်ခူး လိုကြောင်း ပြောကြား ခဲ့တဲ့ အတွက် ပုံစံ ကောင်းတွေ ပြန်လည် ရရှိ လာတဲ့ ယူနိုက်တက် နဲ့ အတူ သူဟာ ရှေ့ဆက် နိုင်ဖွယ် ရှိကြောင်း သတင်း တွေ တစ်မျိုး ထွက်ခဲ့ ရပါ သေးတယ် ။

အခုတော့ ပေါ့ဂ်ဘာ နဲ့ အတူ ပြင်သစ် လက်ရွေးစင် အသင်း မှာ အတူ တွဲဖက် ကစားခဲ့ ဖူးတဲ့ အာဆင်နယ် နဲ့ မန်စီးတီး အသင်း တို့ရဲ့ နောက်ခံ ကစားသမား ဟောင်း ဆဂ်နာ က သူ့ရဲ့ ဘော်ဒါ ဖြစ်သူ ဟာ ရီးယဲ မက်ဒရစ် အသင်း ထက် ဂျူဗင်တပ် အသင်း ကိုသာ ပိုမို ပြောင်းရွှေ့ နိုင်ဖွယ် ရှိလိမ့်မယ် လို့ ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ပေါ့လ် ရဲ့ ဆန္ဒ က ဘာလဲ ဆိုတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ သာမက အသင်း ရဲ့ တာဝန် ရှိသူ တွေပါ သိရှိ ထားကြ ပါတယ် ။ ပေါ့ဂ်ဘာ ဟာ အသင်း ပြောင်းရွှေ့ လိုနေဆယ် ဆိုတာ လူတိုင်း သိရှိ ကြသလို သူ့ရဲ့ ခံစားချက် ဘယ်လို ရှိနေ သလဲ ဆိုတာပါ အားလုံး သိကြ ပါတယ် ”

” ကျွန်တော် ကတော့ ပေါ့ဂ်ဘာ ဟာ ဂျူဗင်တပ် အသင်း ဆီကို ပဲ ပြန်လာ လိမ့်မယ် လို့ ထင်နေမိ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီ အသင်း မှာ စီ ရော်နယ်ဒို ရှိနေ သလို ဂျူဗင်တပ် ဆိုတာ သူ့ကို တောက်ပ စေနိုင် ခဲ့တဲ့ အသင်း ဖြစ်လို့ ပါပဲ ။ သူက ဒီ အသင်း ကို ချစ်မြတ်နိုး ပါတယ် ။ သူဟာ အဲ့တာ ကို ကိုယ်တိုင် လည်း သိရှိ ထား ပါတယ် ” လို့ ဆဂ်နာ က ပြောကြား ခဲ့လိုက် ပါတယ် ။

ပေါ့ဂ်ဘာ ဟာ 2012 ခုနှစ် တုန်းက ယူနိုက်တက် အသင်း ကနေ ဂျူဗင်တပ် ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိ ခဲ့ပြီး လေး ရာသီ အထိ ဘောလုံး ကစား ခဲ့ကာ ဆု ဖလား အောင်မြင်မှု တွေကို ရယူ နိုင်ခဲ့ သလို တူရင် အခြေစိုက် ပရိသတ် တွေရဲ့ ချစ်ခင် မြတ်နိုးမှု တွေကို လည်း ရယူ ထားနိုင် ခဲ့ ပါတယ် ။

အဲ့ဒီနောက် သူဟာ 2016 ခုနှစ်မှာ ယူနိုက်တက် အသင်း ဆီကို ပေါင် 89 သန်းနဲ့ ပြန်လည် ပြောင်းရွှေ့ လာခဲ့ကာ ယူရို ပါလိဂ် ဖလား နဲ့ လိဂ် ဖလား တို့ကို ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် အသင်း နဲ့ အတူ အမှတ်ပေး ဖလား ကို ဆွတ်ခူး နိုင်ခွင့် မပိုင်ဆိုင် နိုင်ခဲ့ ပါဘူး ။

ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း မှာ သူ လိုချင် နေတဲ့ အနေအထား ကောင်းတွေ မရှိ ခဲ့တာ ကြောင့် ပေါ့ဂ်ဘာ ဟာ အိုးလ် ထရပ်ဖို့ဒ် မှ ထွက်ခွာ လိုနေ ခဲ့တာ ပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် သူ ပြောင်းရွှေ့ လိုတဲ့ ရီးယဲ မက်ဒရစ် အသင်း မှာ လူငယ် ကစားသမား ဖြစ်တဲ့ ဗယ်လ်ဗာဒီ ဟာ ခြေစွမ်း ပြနေခဲ့တာ ကြောင့် ရောက်ရှိ နိုင်ခြေ နည်းပါး နေခဲ့ ပါတယ် ။

” လက်ရှိ အချိန် မှာ ပေါ့ဂ်ဘာ သာ ရီးယဲ မက်ဒရစ် အသင်းကို ပြောင်းရွှေ့ ဖြစ်မယ် ဆိုရင် မျက်လှည့် ဆန်တယ် လို့တောင် ပြောရ ပါ လိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိ အချိန် ရီးယဲ ရဲ့ အနေအထား တွေက သိပ် မကောင်း သေးလို့ ပါပဲ ။ ဒါ့ကြောင့် သူသာ အသင်း ပြောင်းမယ် ဆိုရင် မျှော်လင့်ချက်တွေ အများ ကြီး ထားခံ ရမှာ ပါပဲ ။ နောက်ပြီးတော့ ရီးယဲ မက်ဒရစ် အသင်း ရဲ့ ကစားသမား တွေ ကလည်း အိုနေ ကြပြီ လေ ”

” ဂျူဗင်တပ် အသင်း ကတော့ ခရစ္စတီယာနို နဲ့ ရမ်ဆေး တို့လို ကစားသမား တွေကို ခေါ်ယူ ထားခဲ့ ပါတယ် ။ Ok ခရစ္စတီယာနို ဟာ အသက် မငယ်တော့ ပါဘူး ။ ဒါပေမယ့် သူ ကိုယ်တိုင် က လူငယ် တစ်ယောက် လို ကစား ပြနိုင် သလို သူတို့ တွေက ငယ်ရွယ် သေးတဲ့ အသင်း တစ်သင်း ကိုလည်း ပိုင်ဆိုင် ထားနိုင် ကြ ပါတယ် ”

” ဒါ့ကြောင့် လာမယ့် နှစ်နှစ် ၊ သုံးနှစ် လောက်ကို တွက်ဆကြည့် လိုက်မယ် ဆိုရင် ဂျူဗင်တပ် အသင်း ဟာ ရီးယဲ မက်ဒရစ် အသင်းထက် ပိုပြီး အောင်မြင် နိုင်မယ့် အလားအလာ ကောင်းမွန် နိုင်ခြေ တွေ ရှိနေ တယ်လို့ ဆိုရ ပါ လိမ့်မယ် ” လို့ ဆဂ်နာ က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar