ဖာဒီနန် အပါအ၀င် ဒီရာသီကို ပယ်ဖျက်ရန် အကြံပြုသူတွေရဲ့ စကားကို ပယ်ချလိုက်ကာ ဘာကြောင့် ရာသီပြီးဆုံးအောင် ကန်သွားရမှာလဲဆိုတာ ပြောပြလိုက်တဲ့ QPR နည်းပြ

ကျူပီအာ အသင်းရဲ့ နည်းပြ ဖြစ်သူ မက်ဝါဘာတန် က လာမည့် ဘောလုံးရာသီကို တိုတောင်း သွားစေခဲ့မယ် ဆိုရင်တောင် ဘောလုံးရဲ့ တရားမျှတမှု ၊ ဖြောင့်မတ်မှုကို ကာကွယ် သွားရန် လက်ရှိ ဘောလုံးရာသီကို မဖြစ်မနေ ပြီးဆုံးအောင် ကန်သွား ရမှာ ဖြစ်တယ်လို့ အခိုင်အမာ ပြောလိုက် ပါတယ်။

ကိုရိုနာဗိုင်းစ်ရပ် ကူးစက်မြန် ရောဂါကြောင့် ဘောလုံးအဖွဲ့ချုပ်ဟာ ပရီးမီးယားလိဂ် ၊ EFL နဲ့ Women’s super league တို့ကို လာမည့် ဧပြီလ ၃၀ ရက်နေ့ အထိ ရွေ့ဆိုင်း ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီဗိုင်းရပ်စ်ဟာ ဥရောပမှာ အရှိန်အဟုန် ကောင်းနေဆဲ ဖြစ်တာကြောင့် ပြိုင်ပွဲ ကျင်းပမယ့် ရက်ကို တတိယ အကြိမ်မြောက် ထပ်မံ ရွေ့ဆိုင်း ရဖို့ များနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အင်္ဂလန် ရဲ့ အောက်တန်းလိဂ် တွေကိုတော့ ပယ်ဖျက်လိုက်ပြီး ဒီအတွက်ကြောင့် တန်းတက်မှုတွေ ၊ တန်းဆင်းမှုတွေ မရှိတော့ ပါဘူး။ ဒါ့ကြောင့် အသင်း တစ်ချို့ ကတော့ နစ်နာမှု ရှိခဲ့ပြီး ဥပဒေကြောင်း အရ တရားရင်ဆိုင် သွားဖို့ ပြင်ဆင် နေကြပါတယ်။

၀က်ဟမ်း ဥက္ကဋ္ဌ ဘရာဒီ ၊ လီဗာပူး မုန်းတီးသူတွေ ဖြစ်ကြတဲ့ ဖာဒီနန် နဲ့ ဂျာနယ်လစ် အချို့ ကတော့ ဒီရာသီ ပြိုင်ပွဲကို ပယ်ဖျက် သွားရန် အကြိမ်ကြိမ် တောင်းဆိုမှုတွေ ရှိနေ ပေမယ့်လည်း ဝါဘာတန် ကတော့ ရာသီ ပြီးခါနီး ကျမှသာ ပြိုင်ပွဲကို ပယ်ဖျက်လိုက်မယ် ဆိုရင် ဘောလုံး အားကစားနည်းဟာ တရားမျှတမှု မရှိဘူးလို့ ပြောခံ ရလိမ့်မယ်လို့ သုံးသပ် သွားပါတယ်။

ဝါဘာတန် က “ကျွန်တော်တို့ ရာသီကို ပြီးဆုံးအောင် ကစား သွားရမှာ ဖြစ်ပါတယ်။ ဘောလုံး ပြိုင်ပွဲရဲ့ တရားမျှတမှု အတွက် ဒီလို လုပ်သွား ရမယ်လို့ ကျွန်တော် အထူး ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ ရာသီ ရဲ့ ၈၀% ကို ရောက်ရှိ လာခဲ့ပါပြီ။ ကျွန်တော်တို့ ဒီရာသီကို လုံး၀ ပြီးဆုံးအောင် ကန်သွား ရပါမယ်။ ပရိတ်သတ်တွေ ကလည်း ဒါကိုပဲ ကြားချင် နေကြတာပါ။ သူတို့ဟာ အဖြူအမဲ သဲကွဲတာကို လိုချင်ကြ ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

၎င်းရဲ့ ကျူပီအာ အသင်းဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ပြိုင်ပွဲကို ရပ်နားလိုက်ချိန်မှာ ချန်ပီယံရှစ်ရဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်လျက် ရှိနေပြီး တန်းဆင်းရဖို့ အန္တရာယ် မရှိတဲ့ အပြင် play-off ကစားခွင့် ရမယ့် အဆင့် ၆ နေရာနဲ့လည်း အလှမ်းဝေးတဲ့ အနေအထား ဖြစ်တာကြောင့် ဝါဘာတန်ရဲ့ အမြင်ဟာ တရားမျှတတဲ့ ဘက်မှာ ရှိနေပြီး သူ့အကျိုး အတွက် ဘာမှ မပါဘူး ဆိုတာ ရှင်းပါတယ်။

နော့တင်ဟမ်ဖောရက် မန်နေဂျာဟောင်း က ဒီရာသီ ပြိုင်ပွဲ ပြီးဆုံးတာ နောက်ကျ နိုင်တဲ့ အတွက် ၂၀၂၁-၂၁ ဘောလုံး ရာသီကို ယူရို ၂၀၂၁ အမှီ ပြီးဆုံးအောင် ကန်သွားဖို့ အတွက် စည်းမျဉ်း အချို့ ပြောင်းလဲကာ ကျင်းပ သွားရမှာ ဖြစ်တယ်လို့ အကြံပြု သွားခဲ့ ပါတယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ် ကတော့ ယူရို ၂၀၂၁ ပြိုင်ပွဲကို လာမည့်နှစ် ဇွန်လ ၁၁ ရက်နေ့မှာ စတင် ကျင်းပ သွားမှာ ဖြစ်တယ်လို့ ကြေငြာ ထားခဲ့ ပါတယ်။

ဝုိင်ဘာတန် က “လာမည့် ရာသီနဲ့ ပက်သက်ပြီး အကြံပြုမှု တွေကို ကျွန်တော် ကြားနေရ ပါတယ်။ တစ်ချို့ နေရာတွေမှာ နည်းနည်းပါးပါးတော့ အနာခံ သွားရမှာပါ။ အပြောင်းအလဲ တစ်ချို့လည်း လုပ်သွား ရပါမယ်။ ပြိုင်ပွဲကို ပုံမှန် အတိုင်း ကျင်းပ သွားလို့ မရပါဘူး။ ဆိုလိုတာ ကတော့ လာမည့် ဘောလုံး ရာသီကို နည်းနည်း ချုံ့ပြီး ကျင်းပ သွားရပါမယ်။ ဒီအတိုင်း လုပ်သွား ရမှာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ play-off အဆင့်တွေ ၊ ရှုံးထွက် အဆင့် တွေကို တစ်ကျော့တည်း ကစားပြီး ချုံ့လိုက်ပါ။ ကျွန်တော်တို့ ဒီအခြေအနေ အပေါ် လိုက်လျောညီထွေ လုပ်သွား ရပါမယ်။ ခန့်မှန်းရ ခက်ခဲတဲ့ အခြေအနေမှာ ဘာမှ အတိအကျ လုပ်လို့ မရပါဘူး။ ကျွန်တော်တို့ ကတော့ ဘာမှ အပြောင်းအလဲ မရှိဖို့ မျှော်လင့်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

ဒီရာသီ ပြိုင်ပွဲကို ဖျက်သိမ်းမယ် ဆိုရင် လီဗာပူး တစ်သင်းသာ နစ်နာမှာ မဟုတ်ဘဲ ဥရောပ ၀င်ခွင့်ကို တိုက်ပွဲ၀င်နေကြတဲ့ အသင်းတွေ ၊ ငွေကြေးများစွာ အကျိုးအမြတ် ရနိုင်မယ့် ပရီးမီးယားလိဂ် ကို တန်းတက်လာဖို့ မျှော်လင့် နေတဲ့ အသင်းတွေ အတွက် နစ်နာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲကို ပယ်ဖျက်မယ် ဆိုရင် နစ်နာတဲ့ အသင်းတွေရဲ့ တရားစွဲဆိုမှုတွေ ရှိလာမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် အနေနဲ့လည်း ရုပ်သံဋ္ဌာနတွေကို စာချုပ် ဖောက်ဖျက်မှု အတွက် ပေါင်သန်း ၇၅၀ ကျော် လျော်ရမယ့် အရေး နဲ့ ကလပ်တွေ ဘက်ကလည်း စပွန်ဆာကြေးတွေ ပြန်လျော် ရမယ့် အရေးလည်း ရှိနေတာကြောင့် ဘဏ္ဍာရေးပိုင်း အရ ထိခိုက်မှု ကြီးမားနိုင်ပြီး ဒီရာသီကို ပယ်ဖျက်ဖို့ဟာ တကယ့်ကို လက်တွေ့ မကျတဲ့ အကြံပြုမှုပဲ ဖြစ်ပါတယ်။

SM