ချယ်လ်ဆီး ပစ်မှတ် တိုက်စစ်မှူး ကို ပရီးမီးယားလိဂ် သို့ ပြောင်းရွှေ့လာဖို့ ဖိတ်ခေါ်လိုက်တဲ့ #ဘာဘာတော့ဗ်

လက်ရှိ မှာ ကမ္ဘာ တဝှမ်း ကို ပြန့်နှံ့ ခြိမ်းခြောက်လျက် ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဥရောပ တလွှား မှ ထိပ်တန်း ဘောလုံး ပြိုင်ပွဲ ၊ အားကစား ပြိုင်ပွဲ တွေ ယာယီ ( သို့မဟုတ် ) အကန့်အသတ် မရှိ ရပ်နားထားပြီး ဖြစ်ပါတယ် ။ ဒီ အတောအတွင်း မှာ သက်ဆိုင်ရာ ကလပ် အသီးသီး မှာ ဘောလုံးသမား တွေ ၊ နည်းပြ အဖွဲ့ဝင် တွေ အားလုံး လည်း မိမိ ရဲ့ နေအိမ် အတွင်း ကနေ အပြင်သို့ ထွက်ခွာခွင့် မရှိနေပါဘူး ။

ဒီလို ကန့်သတ် တားမြစ်မှု တွေ ရှိနေတဲ့ ကြားကနေ ၊ ဗိုင်းရပ်စ် ပြန့်ပွားမှု အရမ်း များပြားနေတဲ့ စပိန် လာလီဂါ ကလပ် ရီးရဲလ် မက်ဒရစ် အသင်း မှာ ကစားနေတဲ့ ဆားဘီယား တိုက်စစ်မှူး လူကာ ဂျိုဗစ် ဟာ ကမောက်ကမ ဖြစ်နေတဲ့ အခြေအနေ တွေ အကြား နေအိမ် အတွင်း ကနေ အပြင် ကို ထွက်ခဲ့တာကြောင့် ရီးရဲလ် မက်ဒရစ် အသင်း တာဝန်ရှိသူ တွေဟာ ၎င်း အပေါ် သတိပေးမှု တွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ် ။

 

ဂျိုဗစ် ဟာ ဒီ အပြုအမူ ကြောင့် နောင်တရနေပြီး ၊ လာမယ့် ဘောလုံး ရာသီ မှာ ရီးရဲလ် မက်ဒရစ် ကနေ တခြား အသင်း တသင်း ကို ပြောင်းရွှေ့နိုင်တယ် လို့ မကြာသေးခင် ရက် အတွင်း ကပဲ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ပါတယ် ။ အထူးသဖြင့် ပရီးမီးယားလိဂ် ကလပ် ၂သင်း ဖြစ်တဲ့ ချယ်လ်ဆီး ၊ တော့တင်ဟမ် အသင်း တွေက ၎င်းကို အငှား နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် လို့ သိရပါတယ် ။

၂သင်းလုံး ကလည်း အထောင် တိုက်စစ် အတွက် လာမယ့် အပြောင်းအရွှေ့ အတွင်း တိုက်စစ်မှူး ရှာပုံတော် ထွက်ကြမယ့် အသင်း တွေ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ဒီရာသီ အကုန် အသင်း နဲ့ စာချုပ် သက်တမ်း ပြည့်တော့မယ့် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ရဲ့ နေရာ မှာ အစားထိုး ဖြည့်တင်းဖို့ ၊ တော့တင်ဟမ် ကလည်း ကာလရှည် ဒဏ်ရာ ကြောင့် အနားယူနေရတဲ့ ဟယ်ရီကိန်း ရဲ့ နေရာ မှာ ရေရှည် အသုံးပြုဖို့ တိုက်စစ်မှူး ရှာဖွေ နေရပါတယ် ။

တော့တင်ဟမ် ၊ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီမစ်တာ ဘာဘာတော့ဗ် ကတော့ ဂျိုဗစ် အနေနဲ့ ဒီရာသီ အတွင်း ရီးရဲလ် မက်ဒရစ် အသင်း မှာ ဘန်ဇီမာ ကို ကျော်ပြီး နေရာ မရနိုင်တော့မယ့် အတူတူ ပရီးမီးယားလိဂ် မှာ ပုံမှန် ကစားခွင့် ရနိုင်မယ့် အသင်း တသင်း ဆီသို့ ပြောင်းရွှေ့ ကစားသင့်ကြောင်း BetFair ရဲ့ ဆောင်းပါး တခု ကနေ တိုက်တွန်း ပြောဆိုခဲ့ပါတယ် ။

ဘာဘာတော့ဗ် က ” လူကာ ဂျိုဗစ် ဟာ အသက် ငယ်ရွယ်သေးတဲ့ ကစားသမား တယောက် အဖြစ် ရှိနေဆဲ ဖြစ်သလို ၊ သူဟာ မနှစ် က ဘောလုံး ရာသီ မှာ ဖရန့်ဖတ် အသင်း နဲ့ အတူ တကယ် ကြီးကျယ်တဲ့ အခိုက်အတန့် တွေကို ပိုင်ဆိုင်ခဲ့ပါတယ် ။ ဒါကြောင့်လည်း ဒီရာသီ မှာ ရီးရဲလ် မက်ဒရစ် အသင်း ကို ထိုက်ထိုက်တန်တန် ပြောင်းရွှေ့ခွင့် ရခဲ့တာပါ ။ လောလောဆယ် မက်ဒရစ် မှာတော့ သူ့ အတွက် အခြေအနေ တွေက ထင်သလောက် ဖြစ်မလာပါဘူး ။ ”

” ဒါပေမယ့် သူ့ရှေ့မှာ ကာရင် ဘန်ဇီမာ ရှိနေတယ် ဆိုတာကို ကျွန်တော် တို့ မေ့ထားလို့ မရပါဘူး ။ ကျွန်တော့ အတွက်တော့ ဘန်ဇီမာ ဟာ လူတွေရဲ့ ချီးမြှောက်ခြင်း ကို သိပ်မခံရတဲ့ ကစားသမား ဖြစ်တယ် လို့ ခံစားရပါတယ် ။ သူဟာ ရီးရဲလ် မက်ဒရစ် အသင်း အတွက် ဂိုးတွေ အများကြီး သွင်းထားပေးပေမယ် ၊ လူတွေရဲ့ အသိအမှတ်ပြုခြင်း ကို များများစားစား မရထားပါဘူး ။ ”

” ဘန်ဇီမာ ရှိနေတဲ့ အတွက် ဂျိုဗစ် အဖို့ကတော့ ရီးရဲလ် မက်ဒရစ် မှာ နေရာ ရဖို့ ခက်ခဲမှာပါ ။ အကယ်၍ ဇီဒန်း က သူ့ကို အခွင့်အရေး တကြိမ် ထပ်မံ ကမ်းလှမ်းလာရင် သူ ဒါကို အပြည့်အဝ အသုံးချနိုင်ဖို့ ၊ ဂိုးတွေ သွင်းပြနိုင်ဖို့ ၊ ဂျာမနီ မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည် တွေကို ထုတ်ပြနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ”

” ဒီလိုမှ မလုပ်နိုင်ခဲ့ရင် သူ့မှာ ရွေးချယ်စရာ ၂ခု ရှိပါတယ် ။ စိတ်ရှည်ရှည် နဲ့ နောက်ထပ် အခွင့်အရေး ကို စောင့်ရင်း နဲ့ ကြိုးစား ၊ ဒါမှမဟုတ် ၊ အင်္ဂလန် ( သို့မဟုတ် ) ပွဲကစားခွင့် ပုံမှန် ရနိုင်တဲ့ တခြား ကလပ် တသင်းသင်း ဆီကို ပြောင်းရွှေ့သင့်ပါတယ် ။ ကျွန်တော့ လိုပဲ သူဟာ ဘော်လ်ကန် ဒေသသား တဦး ဖြစ်ပြီး ၊ ဘောလုံးသမား ဘဝ ဖြတ်သန်းပုံ ကလည်း သူနဲ့ ကျွန်တော့ အကြားမှာ တူညီမှု တွေ ရှိနေတာကြောင့် သူ့ကို အောင်မြင်တဲ့ ဘောလုံးသမား ဘဝ ကို ပိုင်ဆိုင်စေချင်တာ ဖြစ်ပါတယ် ။ ”

” ရီးရဲလ် မက်ဒရစ် ကို ပြောင်းရွှေ့သွားတာ က သူ့ကိုယ်သူ မာန်တက်စေဖို့ မဟုတ်တာ ကို ကောင်းကောင်း နားလည်သင့်ပါတယ် ။ ဒါက သူ့ရဲ့ ကစားသမား ဘဝ တိုးတက်ဖို့ အတွက် အန္တရာယ် ရှိပြီး ၊ သူ့ အနေနဲ့ အခုထက် ပိုပြီး စနစ်ကျကျ ကြိုးစားသင့်ပါတယ် ။ လေဗာကူဆင် မှာ ကျွန်တော် ကစားခဲ့တုန်း က အခု သူ ရီးရဲလ် မက်ဒရစ် မှာ ဖြစ်နေတဲ့ ပုံနဲ့ တပုံစံတည်းပါပဲ ။ ”

” အဲ့ဒီတုန်း က လေဗာကူဆင် အသင်း မှာ အဓိက ဦးစားပေး တိုက်စစ်မှူး က အုလ်ဖ် ကာစတန်ပါ ။ သူဟာ အဲ့ဒီခေတ်တုန်းကတော့ လေဗာကူဆင် မှာ တိုက်စစ် နတ်ဘုရား သဖွယ်ပါပဲ ။ အဲ့ဒီတော့ ကျွန်တော် ကတော့ ငါ ဘာလို့ ကစားခွင့် တွေ မရနေတာလဲ ၊ ငါ ကစားခွင့် တွေ ရသင့်တယ် ဆိုပြီး စဉ်းစားခဲ့မိပါတယ် ။ ခင်ဗျား ဟာ အသက် ငယ်သေးတဲ့ အတွက် နုံအတဲ့ အတွေးတွေ အမြဲ တွေးတောတတ်ပြီး ၊ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ဆိုပြီး ထင်ခဲ့မိတဲ့ အခိုက်အတန့် တွေ ရှိပါတယ် ။ ”

” အမှန်တကယ်တော့ စိတ်ရှည်မှု အနည်းငယ် ၊ တကယ် အတွေ့အကြုံရှိ စီနီယာ တွေရဲ့ အကြံပြုမှု တချို့ နဲ့ လုပ်အား တွေကို ပေါင်းစပ်ပြီး ကြိုးစားရတာပါ ။ ဒါက ရွေးချယ်မှု တခုပါ ။ နောက်ထပ် ရွေးချယ်မှု တခု က အငှားထွက် ကစားဖို့ ၊ ဒါမှမဟုတ် ၊ ကိုယ့်ကို အခွင့်အရေး ပိုပေးပြီး ၊ တကယ် လိုလားတဲ့ အသင်း တသင်း ရဲ့ ကမ်းလှမ်းချက် ကို လက်ခံဖို့ပါ ။ အခု လက်ရှိ ဂျိုဗစ် ရဲ့ အနေအထား အရ သူ့ကို ပရီးမီးယားလိဂ် ကလပ် တော်တော်များများ က တကယ် စိတ်ဝင်စား နေကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR