အာဆင်နယ် အသင်းမှာ ကစားခဲ့တဲ့ သုံးနှစ်တာကာလ အတွေ့အကြုံကို ပြန်ပြောင်း ပြောကြားလိုက်တဲ့ ကာလိုစ့်ဗီလာ

မက္ကဆီကို လက်ရွေးစင် တိုက်စစ်မှူးဟောင်း ကာလိုစ့်ဗီလာ ဟာ အမေရိကန် မေဂျာလိဂ်မှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူ နေတဲ့ ထိပ်တန်း ဂိုးသွင်းရှင် တစ်ဦးလည်း ဖြစ်ပါတယ် ။ ကာလိုစ့် ဗီလာ က အာဆင်နယ် အသင်းမှာ ကစားခဲ့ရတဲ့ သုံးနှစ်တာ ကာလအတွင်း ပျော်ရွှင်မှု မရခဲ့ကြောင်း ဝန်ခံ ပြောကြား လိုက်ပါတယ် ။

ကာလိုစ့် ဗီလာ က အာဆင်နယ် အသင်းမှာ ကစားခဲ့ရတဲ့ သုံးနှစ်တာ ကာလဟာ သူ့အတွက် ဆိုးရွားတဲ့ ကာလ ဖြစ်ခဲ့ကြောင်း ဝန်ခံ လိုက်ပြီး လန်ဒန် ကနေ ထွက်ခွာဖို့ မစောင့်ဆိုင်းနိုင်တော့လောက်အောင် ဖြစ်ခဲ့ရကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

ကာလိုစ့်ဗီလာ ဟာ ၂၀၀၅ ခုနှစ် ၊ အသက် ၁၆ နှစ် အရွယ်ကတည်းက အာဆင်နယ် အသင်းကို ပြောင်းရွှေ့ ရောက်ရှိ လာသူ ဖြစ်ပြီး အချိန် အများစုကို စပိန် ကလပ် အသင်း တော်တော်များများမှာ အငှား သွားရောက် ကစားပြီးသာ အချိန် ကုန်ဆုံး ခဲ့ရပါတယ် ။

ကာလိုစ့်ဗီလာ ဟာ အာဆင်နယ်မှာ သုံးရာသီနီးပါးလောက်သာ ကောင်းကောင်း ကစားခဲ့ရပြီး ပွဲပေါင်း ၆၄ ပွဲ ကစားကာ ၁၁ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ် ။ ၂၀၁၂ ခုနှစ်မှာတော့ ကာလိုစ့်ဗီလာ ဟာ ဆိုစီဒက် အသင်းကို အပြီးသတ် ပြောင်းရွှေ့ သွားခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ပြသနိုင်ခဲ့ပါတယ် ။

ကာလိုစ့် ဗီလာ ဟာ ရီးရဲလ် ဆိုစီဒက် အသင်းမှာ ငါးနှစ်တာ ကာလ အတွင်း ပွဲပေါင်း ၂၅၀ ကစား ခဲ့ပြီး သွင်းဂိုး ၇၃ ဂိုး အထိ ရယူ နိုင်ခဲ့ပါတယ် ။ အဲ့နောက်မှာတော့ ကာလိုစ့်ဗီလာ ဟာ လက်ရှိ ကစားနေတဲ့ အမေရိကန် မေဂျာလိဂ် ကလပ် လောစ့်အိန်ဂျလစ် ကို ပြောင်းရွေ့ သွားခဲ့ပါတယ် ။

အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကာလိုစ့်ဗီလာ က အာဆင်နယ် အသင်းနဲ့ ပတ်သက်တဲ့ အမှတ်တရကောင်းတွေ သူ့မှာ မရှိကြောင်း ဝန်ခံလိုက်ပြီး သူ့ဘဝ အလှည့်အပြောင်းဟာ ဆိုစီဒက် ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ကာလိုစ့်ဗီလာ က GQ နဲ့ အင်တာဗျူးမှာ ” ကျွန်တော့် ဘဝရဲ့ အရေးပါတဲ့ အဓိက အခန်းကဏ္ဍက ဆန်စီဘက်စတီယန် မှာပါ ၊ အဲ့မှာ ကျွန်တော့်ရဲ့ မိသားစုဝင် အသစ်တွေကို ရရှိ ခဲ့ပါတယ် ၊ကျွန်တော်နဲ့ လုံးဝ အသားမကျတဲ့ လန်ဒန်မှာ သုံးနှစ်ကြာ ကစားပြီးတဲ့ နောက်မှာ အဲ့ဒီကို ပြောင်းခဲ့တာပါ ။ ”

” ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို ကျနော် ကောင်းကောင်း မရှင်းပြ တတ်ပေမယ့် အမှတ်တရကောင်းတွေတော့ မရှိခဲ့ပါဘူး ၊ ကျွန်တော် အဲ့ဒီကနေ ထွက်ခွာဖို့ပဲ ဆန္ဒ ရှိခဲ့တာပါ ၊ အင်္ဂလန်မှာ ဆိုးရွားတဲ့ သုံးနှစ်တာကာလကို ဖြတ်သန်းအပြီးမှာတော့ ဘောလုံး ကစားရတာကို ပြန်လည် နှစ်သက် လာခဲ့ပါတယ် ။ ”

” ဘက်စ်ကွေး နိုင်ငံ (ဆိုစီဒက် အသင်း အခြေစိုက်ရာ နေရာ ) အကြောင်း ဘာမှတော့ မသိပါဘူး ၊ ကျနော် အာဆင်နယ်က ထွက်ခွာချင်ခဲ့တာပဲ သိတာပါ ၊ ဒါကြောင့် ကမ်းလှမ်းမှုကောင်း တစ်ခု လက်ခံ ရရှိထားတဲ့ အချိန်မှာ အင်္ဂလန်ကနေ ထွက်ခွာဖို့ ဆုံးဖြတ် ခဲ့တာပါပဲ ၊ ကျနော် ကိုယ်တိုင် လိုလိုချင်ချင်နဲ့ ပြောင်းရွှေ့ခဲ့တာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ကာလိုစ့်ဗီလာ ဟာ လော့စ်အိမ်ဂျလစ် အသင်းအတွက် ပြိုင်ပွဲစုံ ၇၁ ပွဲ ကစားပေးထားပြီး ၅၇ ဂိုး အထိ သွင်းယူ ပေးထားပါတယ် ။ ကာလိုစ့်ဗီလာ ဟာ မက္ကဆီကို လက်ရွေးစင် အသင်းအတွက် ၇၂ ပွဲ ကစားပေးခဲ့ပြီး ၁၉ ဂိုး သွင်းယူပေးခဲ့ပါတယ် ။

SPORTS MYANMAR