အာဆင်နယ် အသင်းဖော်ဟောင်းတွေကို ဝေဖန်ခဲ့တဲ့ ဖာဘရီဂက်စ် ကို တုန့်ပြန် ပြောကြား လိုက်တဲ့ ဆက်ဂ်နာ

အာဆင်နယ် အသင်း ညာနောက်ခံလူဟောင်း ဆက်ဂ်နာ က အသင်းဖော်ဟောင်းတွေရဲ့စိတ်ဓတ် ခံယူချက် နဲ့ အရည်အသွေးပိုင်းကို မေးခွန်းထုတ် ဝေဖန် ခဲ့တဲ့ ဖာဘရီဂက်စ် ရဲ့ လုပ်ရပ် အပေါ် အံ့အား သင့်မိကြောင်း တုန့်ပြန် ပြောကြား လိုက်ပါတယ် ။

လက်ရှိ ပြင်သစ် လီဂူး ကလပ် မိုနာကို အသင်းမှာ ကစားနေတဲ့ ဖာဘရီဂက်စ် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းပ သူ အမ်းမရိတ်မှာ နောက်ဆုံးမှာ ကစားခဲ့တဲ့ နှစ်တွေမှာ နာဆရီ နဲ့ ဗန်ပါစီ ကလွဲလို့ ကျန်အသင်းဖော်တွေဟာ အရည်အသွေးပိုင်းမှာ သူတို့နဲ့ တန်းတူ အနေအထားမှာ ရှိမနေခဲ့ကြောင်း ပြောကြား ခဲ့တာပါ ။

ဖာဘရီဂက်စ် က Arseblog မှာ ” ကျွန်တော်က အသင်း ခေါင်းဆောင် ဆိုတော့ ဖိအားတွေ အားလုံး ကျနော့်အပေါ် စုပြုံ ကျလာတာပါပဲ ၊ ဒီအသင်းကို အောင်မြင်မှုတွေ ရယူ ပေးနိုင်ဖို့ အတွက် အစွမ်းကုန် ပေးဆပ် ကစားခဲ့တာပါ ၊ တစ်ခါတစ်လေ အသင်းရှုံးတဲ့ အခါတိုင်းမှာ အိမ်ပြန်ရင် ငိုမိတဲ့ အထိ ခံစားရပါတယ် ၊ အိပ်မပျော်တဲ့ အထိကို ခံစားရတာပါ ။ ”

” ပွဲတစ်ပွဲ ရှုံးသွားတဲ့ အခါမှာ ဘက်စ်ကားပေါ်မှာ အတော်လေး ထိခိုက် ခံစား ခဲ့ရတာပါ ၊ ဒါပေမယ့် တစ်ချို့ ကစားသမားတွေရဲ့ ရယ်သံ ကြားရတဲ့ အခါမှာ သူတို့ ဒါပြီးရင် ဘယ်နေရာ သွားကြမလဲ ဆိုတာ တွေးမိပြီး စိတ်ပျက် ခဲ့ရပါတယ် ။ ”

” ကျွန်တော်တို့ ကစားပုံ အတော်လေး လှခဲ့ပါတယ် ၊ ဒါပေမယ့်ဗျာ အသင်းကို ဦးဆောင်ရမယ် ဆိုတဲ့ ဖိအားက ကျနော့်မှာ ရှိနေခဲ့ပြီး တစ်ခါတစ်လေဆို အထီးကျန်ဆန် တယ်လို့တောင် ခံစား ခဲ့ရပါတယ် ၊ အထူးသဖြင့် ကျနော် အာဆင်နယ် အသင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ နှစ် ၊ သုံးနှစ် အတွင်းမှာပေါ့ဗျာ ။ ”

” ရော်ဘင် ဗန်ပါစီ နဲ့ ဆမ်မီ နာဆရီ တို့လောက်ပဲ ကျနော်နဲ့ တန်းတူ စိတ်ပိုင်းဆိုင်ရာ ၊ နည်းစနစ်ပိုင်းဆိုင်ရာ အရည်အချင်း ပြည့်မှီတယ်လို့ ခံစား ရပါတယ် ၊ ကျနော် ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်ပြီး ပြောတာ မဟုတ်ပါဘူး ၊ တကယ် အဲ့လို ခံစားခဲ့ရလို့ ပြောတာပါ ။ ” လို့ ဝေဖန် ခဲ့တာလည်း ဖြစ်ပါတယ် ။

ဖာဘရီဂက်စ် ရဲ့ ပြောစကားကို ဆက်ဂ်နာ က Goal မှာ ” သူပြောတာကို ဖတ်လိုက်ရတဲ့ အချိန်မှာ အံ့အား သင့်ခဲ့ရပါတယ် ၊ ဘာကြောင့်လဲ ဆိုတော့ သူက အသင်း ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သလို စစ်မှန်တဲ့ ခေါင်းဆောင် တစ်ဦးပါ ၊ အသင်းအကြောင်းကို အခုလိုတော့ မပြောသင့်ဘူး ထင်ပါတယ် ။ ”

” ဒါကြောင့် ကျနော် အံ့အား သင့်ခဲ့တာပါ ၊ သူက လူကောင်း တစ်ဦးပါ ၊ ဒီလို ပြောလိုက်လိုက်လို့ သူ့အပေါ် အမြင် ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး ၊ ကျနော် အံ့ဩ သင့်ခဲ့ရတာတော့ အမှန်ပါပဲ ။ တစ်ချို့ ကစားသမားတွေက သူနဲ့ တန်းတူ အနေအထားမှာ မရှိဘူးလို့ ပြောတာက နည်းနည်းတော့ ပြင်းထန်လွန်းပါတယ် ။ ”

“သူ အသင်းမှာ ကစားခဲ့တဲ့ ကာလ အတွင်းမှာ အသင်းရဲ့ စံပြ ကစားသမား ဖြစ်ခဲ့ပါတယ် ၊ အသင်းမှာ အဲ့ချိန်တုန်းက တစ်ယောက်နဲ့ တစ်ယောက် အားသာချက် ကိုယ်စီ ရှိကြတာပါပဲ ၊ တစ်ယောက်က ကြံ့ခိုင်မှု အားသာနိုင်သလို နောက်တစ်ယောက်က နည်းစနစ်ပိုင်း အားသာနိုင်ပါတယ် ၊ တခြားကစားသမားတွေကို အဲ့ဒီလိုတော့ မပြောသင့်ပါဘူး ။ ”

” သူပြောတဲ့ စကားကို ကျနော်တော့ လုံးဝ သဘောမတူပါဘူး ၊ ဒါသူ့အမြင်ပါ ၊ သူ့အမြင်ကို သူပြောခွင့် ရှိပါတယ် ၊ ကျနော်တို့ အားလုံး ကစားသမားဘဝမှာ ကောင်းတဲ့ အခိုက်အတန့်တွေ ၊ ဆိုးရွားတဲ့ အခိုက်အတန့်တွေ ရှိစမြဲပါ ၊ သူ အာဆင်နယ် အသင်းနဲ့ ကောင်းမွန်တဲ့ အခိုက်အတန့် ရှိခဲ့သလားဆိုတာ သေချာပေါက် မပြောတတ်ပါဘူး ။ “လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR