ဘောလုံးပွဲတွေ ပြန်ကစား နိုင်တဲ့အခါ လုပ်ဆောင် သွားရမယ့် အဆင့် ၅ ဆင့်ကို ချပြလိုက်တဲ့ ယူနိုက်တက် ဂန္တဝင် ဂယ်ရီနဗီး

မန်ချက်စတာယူနိုက်တက် ဂန္တဝင် ဂယ်ရီနဗီး က ကိုရိုဗိုင်းရပ်စ် အန္တရာယ် ကနေ ကင်းလွတ်ကာ ဘောလုံးပွဲတွေ ပြန်လည် ကစား နိုင်တဲ့ အချိန်ကို ရောက်တဲ့အခါ အပြောင်းအရွေ့ စျေးကွက်ကို ၁၂ လုံးလ ဖွင့်ပေးထားရန် မျှော်လင့် နေပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အားကစား ပြိုင်ပွဲ တွေကိုတော့ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ရွေ့ဆိုင်းမှုတွေ လုပ်ထားကြ ပါတယ်။

ပရီးမီးယားလိဂ် တာဝန်ရှိသူတွေနဲ့ ကလပ် အသင်းတွေ ကလည်း ၂၀၁၉-၂၀ ရာသီကို ပြီးဆုံးအောင် ကစား သွားဖို့ဟာ သူတို့ရဲ့ ဦးစားပေး ရည်ရွယ်ချက်လို့ ထုတ်ဖော် ထားခဲ့ပြီး ဘောလုံးပွဲတွေ ဘယ်အချိန် ပြန်ကစား နိုင်မလဲ ဆိုတာ အတိအကျ မသိရသေးတာကြောင့် ရာသီ ပြီးဆုံးအောင် ဘယ်လို ကစားရမလဲ ၊ ဘယ်အချိန် အပြီးသတ် ရမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း အစီအစဉ် မဆွဲနိုင်သေးပါဘူး။

နဗီးကတော့ ဒီရာသီ ပြီးဆုံးအောင် ကစား သွားဖို့ ဆန္ဒရှိသူ တစ်ဦး ဖြစ်ပြီး ကွင်းပိတ် ကစားဖို့ အကြံပြုမှု တွေကိုတော့ ဆန့်ကျင် ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ဖလားကို ၈ ကြိမ် ဆွတ်ခူး ထားခဲ့တဲ့ ယူနိုက်တက် ဂန္တဝင်က ဘောလုံးပွဲတွေ ပြန်လည် ကစား နိုင်တဲ့ အခြေအနေကို ရောက်လာတဲ့ အခါမှာ ဘယ်လိုတွေ လုပ်သွား ရမလဲ ဆိုတာကို အကြံပြု သွားခဲ့ပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲကို တစ်နှစ် နောက်ဆုတ် ပေးထား ခဲ့ပေမယ့်လည်း လာမည့် ရာသီ ပြိုင်ပွဲဟာ နောက်ဆုတ် ကျင်းပ သွားရဖို့ များနေတာကြောင့် ပွဲစဉ်ဇယား ရေးဆွဲမှုတွေ အခက်အခဲ ရှိနေမှာ သေချာပါတယ်။ နဗီးကတော့ အပြောင်းအလဲ လုပ်ဆောင်တဲ့ နေရာမှာ level တိုင်းက ကလပ်တွေ အကျိုးရှိဖို့ အကောင်အထည် ဖော်သွားရမှာ ဖြစ်တယ်လို့ ယုံကြည်နေပြီး ဒီထဲမှာ တစ်နှစ်လုံးကို ကစားသမား အပြောင်းအရွေ့တွေ လုပ်ဆောင်ခွင့် ပေးဖို့လည်း လိုအပ်တယ်လို့ ယူဆနေပါတယ်။ ဒါပေမယ့် အပြောင်းအရွေ့ စျေးကွက်ကို တစ်ရာသီလုံး ဖွင့်ခိုင်းတဲ့ နဗီးရဲ့ ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ယူနိုက်တက် နောက်ခံလူဟောင်းက “အန္တရာယ် ကင်းသွားတဲ့ အခါ ဒီရာသီကို အမြန်ဆုံး နည်းနဲ့ အဆုံးသတ် နိုင်အောင် လုပ်ရပါမယ်။ လိုအပ်ရင် လာမည့် ရာသီကိုလည်း ချုံ့ပြီး ကျင်းပ သင့်ပါတယ်။ ကလပ်တွေ အတွက် အပြောင်းအရွေ့ စျေးကွက်ကို မေလ ကနေ ၂၀၂၀-၂၁ တစ်ရာသီလုံး ဖွင့်ပေး ထားလိုက်ပါ။ စာချုပ် ကုန်တော့မယ့် သူတွေကို ၂၀၁၉-၂၀ ရာသီကုန်တဲ့ အထိ သက်တမ်းတိုး လိုက်ပါ။ ပြီးရင် non-league တွေ အပါအဝင် ငွေကြေး လိုအပ်နေတဲ့ ကလပ်တွေ အတွက် ဘဏ္ဍာရေး ထောက်ပံ့မှုတွေ လုပ်ပေးလိုက်ပါ။” လို့ အကြံပြု လိုက်ပါတယ်။

ဆက်လက်ပြီး နဗီးက ကလပ်တွေနဲ့ ကစားသမားတွေဟာ ဘောလုံးပွဲတွေ ပြန်လည် ကစား နိုင်တဲ့ အချိန်ရောက်တဲ့ အခါ ပွဲတွေ အများကြီး ဆက်တိုက် ကန်သွားဖို့ အရေးကို လက်ခံ ကြဖို့ အလို ရှိနေပါတယ်။ လူတစ်ချို့ ကတော့ ခရစ်စမတ် ပွဲကျပ် ကာလတုန်းကလိုမျိုး ပွဲတွေ ဆက်တိုက် ကစားခြင်းဟာ စွမ်းအင် ကုန်ဆုံးမှုကို ဖြစ်စေတာကြောင့် ဒီအဆိုကို ဆန့်ကျင်နေကြ ပါတယ်။

ဒါပေမယ့် နဗီးက “ဘောလုံးပွဲတွေ ပြန်လည် ကစား နိုင်တဲ့ အခါ ကျွန်တော်တို့ ဒီလို ပြောဆိုမှုတွေကို မကြားရမှာ သေချာပါတယ်။ ဘောလုံး ပြန်ကစား နိုင်တဲ့ အခါ အရမ်းကို ပွဲစဉ်တွေ ကျပ်တည်းစွာ ကစားရမယ့် အရေးကို ထောက်ခံမှု များလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ လိုအပ်ရင် စာချုပ်တွေကိုတော့ ယာယီ သက်တမ်းတိုး ထားရပါမယ်။ PFA အနေနဲ့ လိုအပ်ချက် အရ ဒါကို လက်ခံ သွားရမှာပါ။” လို့ ပြောသွား ပါတယ်။

ဆက်လက်ပြီး နဗီးက ဒီရာသီ ပယ်ဖျက်လိုက်တာထက် စာရင် ရာသီ ပြီးဆုံးအောင် ကန်သွားဖို့ လိုအပ်ကြောင်း ထပ်မံ ဖြည့်စွက် သွားခဲ့ ပါတယ်။

နဗီး က “ပွဲတွေ ကျပ်တည်းစွာ ကစားခိုင်းတာဟာ Sports science အတွက် လက်တွေ့ မကျပါဘူး။ ဘောလုံးကို အန္တရာယ် ကင်းကင်း ကစား နိုင်တဲ့ အခါ ဒီလို လုပ်ရလိမ့်မယ် ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ စီးပွားရေး အရ ပေါင် သန်း ၇၅၀ ဆိုတာ အရမ်းကို များပြား လှတဲ့ ငွေကြေး ပမာဏ ဖြစ်ပါတယ်။ တစ်ချို့ ကလပ်တွေဟာ ဒီငွေကြေး ခွဲတမ်းကို သုံးစွဲပြီးပြီ ဖြစ်တာကြောင့် ရာသီ ဖျက်သိမ်း လိုက်မယ် ဆိုရင် အတော် ဒုက္ခရောက်သွား မှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM