ချဲလ်ဆီး အသင်းရဲ့ပစ်မှတ်ကို လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ အာဆင်နယ် ကို တိုက်တွန်းလိုက်တဲ့ ပေါလ်မာဆင်

ဂန်းနား ကွင်းလယ်လူဟောင်း ပေါလ်မာဆင် က အာဆင်နယ် အသင်း အနေနဲ့ ချဲလ်ဆီး အသင်း ပစ်မှတ် ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ် ကို အရ ခေါ်ယူ သင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးလိုက်ပါတယ် ။

ပေါလ်မာဆင် က ဒီကလန်ရိုက်စ် ဟာ အာဆင်နယ် အသင်း လိုအပ်နေတဲ့ ကွင်းလယ် ခံစစ် ကစားသမားကောင်း တစ်ဦး ဖြစ်ကြောင်း ထောက်ခံလိုက်ပြီး အာဆင်နယ် အသင်း ခေါ်ယူဖို့ ကြိုးစားခြင်း မရှိတဲ့ အပေါ် အံ့ဩမိကြောင်း ဆိုပါတယ် ။

ပေါလ်မာဆင် က Goal မှာ ” ချဲလ်ဆီး အသင်းက သူ့ကို ခေါ်ယူဖို့ ကြိုးစား နေတယ်လို့ သတင်းတွေ ထွက်နေပါတယ် ၊ ဒါပေမယ့် အာဆင်နယ် က ဒီကလန်ရိုက်စ် ကို ဘာကြောင့် ခေါ်ယူဖို့ မကြိုးစားတာလဲ ဆိုတာ နားမလည် နိုင်ပါဘူး ။ ”

” အာဆင်နယ် က holding midfielder တစ်ဦးကို လုံးဝ လိုအပ် နေတာပါ ၊ ပြိုင်ဘက် ခံစစ်ခြမ်းမှာ နေရာယူ ကစားမယ့် ကွင်းလယ်လူမျိုး သူတို့ လိုအပ်နေတာ မဟုတ်ပါဘူး ၊ နောက်တန်း လေးယောက် ရှေ့မှာ မားမားမတ်မတ် ကစားပေးမယ့် ခံစစ် ကွင်းလယ်လူ လိုအပ်နေတာပါ ။ ”

” ဘောလုံး ရတဲ့ အခါမှာ ၁၀ ကိုက် ပတ်လည် သာမန် ဘောလုံး ပေးပို့မှုတွေ လုပ်နိုင်မယ့်သူ လိုအပ်နေတာပါ ၊ ဒီလို ပေးနိုင်ဖို့ ဆိုတာက ခက်ခဲပါတယ် ၊ ဒါကြောင့် အာဆင်နယ် အသင်း ဒီကလန်ရိုက်စ် ကို မခေါ်ယူတဲ့ အပေါ် မယုံကြည်နိုင်အောင်ကို ဖြစ်နေတာပါ ။ ”

” ရိုက်စ်က တိုက်စစ် ကစားသမားတွေ တိုက်စစ် စိတ်ကြိုက် ကစားနိုင်ဖို့ ဗဟို ခံစစ် ကစားသမားတွေ ပိုကောင်းအောင် ကစားနိုင်အောင် ပံ့ပိုး ပေးနိုင်သူပါ ။ခင်ဗျားက မာဒီနီ ၊ ဘာရီဆီ ၊ အလက်ဆန်ဒရို ကွန်စတာကာတာ ၊ ဗန်ဒိုက် ဖြစ်နေခဲ့ရင်တောင် ကိုယ့်ကို ဘယ်၊ညာ၊အလယ်ကနေ မိနစ်တိုင်း ဖိအားပေး ပြေးလွှားကစားနေရင် တစ်ချိန်ချိန်မှာတော့ လွတ်ထွက်သွားမှာပါပဲ ။ ”

” အာဆင်နယ် အသင်းက ဂီလ်ဘာတို ဆေးလ်ဗား နောက်ပိုင်းကတည်းက ကွင်းလယ်ခံစစ် ကစားသမား ကောင်းကောင်း မထွက်ပေါ်တော့ပါ ၊ လူတိုင်းက ဗီအဲရာ နေရာ အစားမထိုးနိုင်ခဲ့တဲ့ အပေါ် ဘာမှ မပြောကြပါဘူး ၊ဂီလ်ဘာတို ဆေးလ်ဗား နေရာကိုလည်း အစားမထိုးနိုင်ခဲ့ပါဘူး ။ “လို့ ပြောကြား လိုက်ပါတယ် ။

အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် ကွင်းလယ်လူ ဒီကလန်ရိုက်စ် ဟာ ဒီရာသီမှာ ဝက်စ်ဟမ်း အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၃၀ ကစားပေးထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ် ပေးထားပါတယ် ။

SPORTS MYANMAR