အာဆင်နယ် နဲ့ ရိုးမား ဘယ်အသင်းမှာ ကစားရတာ ပိုပျော်သလဲ ဆိုတာ ထုတ်ဖော် ပြောကြားလိုက်တဲ့ မီခီတာရန်း

အာဆင်နယ် အသင်း နဲ့ မန်ယူနိုက်တက် အသင်းတို့ဟာ ပြီးခဲ့တဲ့နှစ်၊၂၀၁၈ခုနှစ်၊ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ဆန်းချက်ဇ် နဲ့ မီခီတာရန်းကို ကစားသမားချင်း တိုက်ရိုက် အလဲအထပ် ပြုလုပ်ခဲ့ပြီး နှစ်ဦးစလုံးဟာ သက်ဆိုင်ရာ ကလပ် အသင်းတွေမှာ ခြေစွမ်းပြဖို့ ရုန်းကန် ခဲ့ရပါတယ်။

မီခီတာရန်း ဟာ အာဆင်နယ် အသင်း နဲ့ ပွဲဦးထွက်မှာ ဂိုးဖန်တီးမှု သုံးကြိမ် ပြုလုပ်ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စွမ်းဆောင်ရည်ပိုင်း ကျဆင်းလာကာ မနှစ်ကဆို ပုံမှန် ပွဲထွက်ခွင့်တောင် ရရှိခဲ့ခြင်း မရှိဘဲ ရုန်းကန် ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာတော့ မီခီတာရန်း ဟာ စီရီးအေ ကလပ် ရိုးမား အသင်းကို အငှား ပြောင်းရွှေ့ သွားခဲ့ပါတယ် ။ မီခီတာရန်း က နည်းပြဟောင်း အမ်မရီ လက်အောက်မှာ ကစားရတာထက် ရိုးမား အသင်းမှာ ကစားရတာ ပိုပျော်ရွှင်ကြောင်း ပြောကြား လိုက်ပါတယ် ။

အီတလီမှာ ကိုရိုနာ ဗိုင်းရပ်စ် ဆိုးရွာစွာ ကူးစက် ပျံ့ပွားနေမှုကြောင့် စီရီးအေ ပွဲစဉ်တွေ မရပ်နားရမှီမှာ မီခီတာရန်း ဟာ ရိုးမား အသင်း အတွက် ခြေစွမ်းပြ ကစားနေခဲ့ပြီး နောက်ဆုံးလေးပွဲမှာ သွင်းဂိုး သုံးဂိုး ၊ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။

မီခီတာရန်း က The Times နဲ့ အင်တာဗျူးမှာ ” ကျနော် အာဆင်နယ်မှာ ကစားစဉ်တုန်းက နည်းပြကြီးက ကစားနေကျ မဟုတ်တဲ့ နေရာမှာ ကစားခိုင်းပါတယ် ၊ အမ်မရီ ရဲ့ အတွေးအခေါ် နည်းစနစ် က ဖွန်ဆီကာ နဲ့ မတူ ကွဲပြား ပါတယ် ။ ”

” ဒါပေမယ့် ကျနော် ဒီမှာ ကစားရတာကို ပိုသဘောကျပါတယ် ၊ ကျနော်တို့ ကစားပုံ ကောင်းအောင် ကစားထားနိုင်သလို ကျနော်နဲ့ အံ့ကိုက် ဖြစ်တယ်လို့ ခံစားရပါတယ် ၊ ကျနော်ကတော့ ဖွန်ဆီကာ ရဲ့ နည်းဗျူဟာ ကို ပိုပြီး အကြိုက် တွေ့မိပါတယ် ။ ”

” ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ အသင်းရဲ့ နည်စနစ်က တိုက်စစ် ပိုမို အားသန်သလို အချိန်တိုင်း ဘောလုံး ကိုင်ကစားနိုင်ဖို့ကို ကြိုးစား နေတာပါ ၊ ဒီလို ကစားရတာကို ကျနော်တော့သဘောကျပါတယ် ။ ”

မီခီတာရန်း ရဲ့ အငှား စာချုပ် သက်တမ်းဟာ လာမယ့် ဇွန်လမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ရိုးမား အသင်းဘက်ကတော့ အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးပမ်း နေတယ်လို့ သိရပါတယ် ။ မီခီတာရန်းကတော့ သူ့ရဲ့ အနာဂတ် အတွက် တပ်အပ် ပြောလို့ မရသေးဘူးလို့ ဆိုပါတယ် ။

” ဘောလုံးရာသီက ရပ်နားထားတော့ လက်ရှိ အချိန်မှာ ကျနော် ဘာမှ ပြောလို့ မရသေးပါဘူး ၊ဘယ်အချိန်မှ ဘောလုံး ပြန်ကစားနိုင်မလဲ ဆိုတာ မပြောတတ်ပါဘူး ၊ နွေရာသီမှာ ဘာတွေ ဖြစ်ပျက်မလဲ ဆိုတာ မသိပါဘူး ။ ”

” ဘောလုံးလောက က အပြောင်းအလဲ မြန်ပါတယ် ၊ ဒီနေ့ ဒီနေရာမှာ ရှိနေ​ပေမယ့် တခြားရက်တွေမှာဆို တခြား နေရာကို ရောက်ချင်ရင် ရောက်နေမှာပါ ၊ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR