လမ်းပတ် ၊ ပေါလ်စခိုး နဲ့ ဂျာရတ် တို့ ၃ ဦးမှာ ဘယ်သူ ပိုကောင်းသလဲ ဆိုတာ ရွေးချယ်လိုက်တဲ့ ဝက်ဟမ်းအသင်းခေါင်းဆောင် နိုဘယ်

ဝက်ဟမ်း ကွင်းလယ်လူ မက်နိုဘယ်က ဖရန့်လမ်းပတ် ၊ ပေါလ်စခိုး နဲ့ စတီဗင်ဂျာရတ် တို့ ၃ ဦး ထဲက အကောင်းဆုံး ကွင်းလယ်လူကို ရွေးချယ် ရမယ် ဆိုရင် လီဗာပူး အသင်းခေါင်းဆောင်ဟောင်းဟာ ကျန် ၂ ဦးထက် ပိုကောင်းတယ်လို့ ယုံကြည်ကြောင်း ပြောလိုက် ပါတယ်။ အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း ၃ ဦးဟာ ချဲလ်ဆီး ၊ မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူး အသင်းတို့နဲ့ အတူ ပရီးမီးယားလိဂ် ကို ၁၀ စုနှစ် တစ်ခုကျော်ကြာ လွှမ်းမိုး နိုင်ခဲ့သူတွေလည်း ဖြစ်ကြ ပါတယ်။

သက်ဆိုင်ရာ အသင်း အသီးသီး အပေါ် အကောင်းဆုံး အကျိုးပြု ထားခဲ့တဲ့ ဒီကစားသမား ၃ ဦးရဲ့ ကွင်းထဲက အရည်အသွေးကို ခွဲခြားဖို့ ခက်ခဲ ပေမယ့်လည်း ဒီကစားသမား ၃ ဦး နဲ့ ကွင်းထဲမှာ ပြိုင်ဘက် အဖြစ် အကြိမ်ကြိမ် ရင်ဆိုင် ခဲ့ဖူးတဲ့ နိုဘယ် ကတော့ သူ့အတွက် လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ကသာ အကောင်းဆုံး လို့ ယူဆ နေပါတယ်။

နိုဘယ်က “ခင်ဗျားတို့ သူတို့နဲ့ ရင်ဆိုင် ကစားရတဲ့ အခါ ကျမှသာ ဒီကစားသမား တစ်ဦးချင်း ဆီဟာ ဘယ်လောက်တောင် ကောင်းသလဲ ဆိုတာကို သဘောပေါက် လိမ့်မယ်လို့ ကျွန်တော် ပြောချင် ပါတယ်။ သူတို့ ၃ ဦးဟာ ကိုယ့်ပုံစံနဲ့ကိုယ် တကယ့်ကို ထိပ်တန်း ကစားသမားတွေ ဖြစ်ကြ ပါတယ်။ ဒါပေမယ့် all-round player ဖြစ်တဲ့ စတီဗင်ဂျာရတ် ကတော့ ပြီးပြည့်စုံတဲ့ ကစားသမားပါ။” လို့ ဆိုသွား ပါတယ်။

နိုဘယ်က စတီဗင်ဂျာရတ်ဟာ သူရင်ဆိုင် ခဲ့ဖူးတဲ့ အကောင်းဆုံး ကစားသမား လို့ ဆိုလိုက်ပြီး ကာလို့စ်တီဗက် နဲ့ ဒီမီထရီ ပါရက် တို့ကတော့ သူတွဲဖက် ကစား ခဲ့ဖူး သူတွေထဲမှာ အကောင်းဆုံး ဖြစ်တယ်လို့ ပြောပြ သွားပါတယ်။

ဘရာဇီး ဂန္တဝင် ကစားသမား ဖြစ်သူ ကာကာ ကလည်း ယခုနှစ် အစောပိုင်း တုန်းက ဖရန့်လမ်းပတ် ၊ ပေါလ်စခိုး နဲ့ စတီဗင်ဂျာရတ် တို့ ၃ ဦး ထဲမှာ ဂျာရတ်ဟာ အကောင်းဆုံး ဆိုပြီး ရွေးချယ် ခဲ့ပါသေးတယ်။

ကာကာ က “ကျွန်တေ်ာ ဂျာရတ် ကို ကြိုက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ ၂၀၀၅ နဲ့ ၂၀၀၇ ခုနှစ် ကြားမှာ ဒီလို စိန်ခေါ်မှုမျိုး ရှိခဲ့ ကြပါတယ်။ ကျွန်တော် သူ့ကို တကယ် နှစ်သက် လေးစားပါတယ်။ အမှန်ပါပဲ။ လမ်းပတ် ကလည်း တကယ့်ကို amazing ပါ။ စခိုး ကလည်း ဂန္တဝင်မြောက် ပါတယ်။ ဒါပေမယ့် ကျွန်တော် ဂျာရတ် ကိုပဲ ရွေးချယ် ချင်ပါတယ်။” လို့ ဆိုသွား ပါတယ်။

ပေါ်တူဂီ လက်ရွေးစင်ဟောင်း ဖြစ်သူ ဒေကို ကတော့ စခိုး အနေနဲ့ သူ့ရဲ့ ထူးခြားတဲ့ ကစားဟန် နဲ့ ဘယ်အသင်းမှာ မဆို အံဝင်အောင် ကစား နိုင်စွမ်း ရှိတဲ့ အရည်အသွေးကြောင့် ဒီထက် ပိုမို အသိအမှတ်ပြုမှုတွေ ခံရသင့်တယ်လို့ ဆိုခဲ့ ပါတယ်။

ဒေကို က “ကျွန်တော်ဟာ ဂျာရတ် လိုမျိုး အရမ်းကို ကောင်းတဲ့ ကစားသမား တွေနဲ့ ကွင်းလယ်မှာ ယှဉ်ကစား ခဲ့ဖူး ပါတယ်။ ကျွန်တေ်ာ ချဲလ်ဆီး မှာလည်း လမ်းပတ် နဲ့ အတူ တွဲဖက် ကစား ခဲ့ဖူးပါတယ်။ ပေါလ်စခိုး ကတော့ အခြား အင်္ဂလန် ကွင်းလယ်လူ တွေနဲ့ ခြားနားတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူဟာ ကျွန်တော် မြင်ခဲ့ဖူးသမျှ အင်္ဂလန် ကွင်းလယ်လူ တွေထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်ပြီး ကမ္ဘာ့ အကောင်းဆုံး တွေထဲက တစ်ဦးပါ။

သူ့လိုမျိုး ကစားနိုင်တဲ့ ကစားသမားမျိုး သိပ်များများစားစား မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ကစားသမား အများစုဟာ box-to-box သာ ကစား ကြပြီး ပွဲကို ထိန်းချုပ် ကစား နိုင်တဲ့သူ ၊ အသင်းရဲ့ ဟန်ချက်ကို ထိန်းကျောင်း ကစားတဲ့သူ သိပ်ပြီး မရှိပါဘူး။ မျိူးဆက် အပြောင်းအလဲကြောင့် ဖြစ်နိုင် ပေမယ့် ကျွန်တော် ကတော့ ဒီလို ကစားသမားမျိုးဟာ အမြဲတမ်း ရှိနေမယ်လို့ ထင်ပါတယ်။ ပေါလ်စခိုးရဲ့ ကစားဟန် အရ ကတော့ သူဟာ ဘယ်ကလပ်မှာ မဆို ကစား နိုင်စွမ်း ရှိပါတယ်။” လို့ ပြောခဲ့ ပါတယ်။

SPORTS MYANMAR