ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝ ပထမဆုံး ဘောလုံး ရာသီ နဲ့ ပတ်သက်ပြီး ဝန်ခံမှု တခု ပြုလုပ်သွားတဲ့ #ဟာဇတ်

ဘယ်လ်ဂျီယမ် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား အီဒင် ဟာဇတ် ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ မှာ ချယ်လ်ဆီး အသင်း ကနေ ရီးရဲလ် မက်ဒရစ် အသင်း သို့ ပေါင်သန်း ၉၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ် ။

ချယ်လ်ဆီး မှာ ကစားခဲ့တဲ့ ၇နှစ်လုံး မှာ ခြေစွမ်း ဆိုးဆိုးရွားရွား ထိုးကျခဲ့ခြင်း မရှိခဲ့တဲ့ ဟာဇတ် ဟာ ရီးရဲလ် မက်ဒရစ် ကို စရောက်ရောက်ချင်း မှာပဲ ဒဏ်ရာ ပြဿနာ နဲ့ ၂ကြိမ် ကြုံတွေ့ ခဲ့သလို ၊ အသင်း နဲ့ ချက်ချင်း အံဝင်နိုင်ဖို့ လည်း ရုန်းကန် နေရပါတယ် ။

ရာသီကြို ခြေစမ်း ပွဲစဉ် တွေ ကစားဖို့ ရီးရဲလ် မက်ဒရစ် နဲ့ စတင် ပူးပေါင်းတဲ့ အခါမှာလည်း ဟာဇတ် ဟာ ကိုယ် အလေးချိန် တက်လာလို့ ဝေဖန် ခံခဲ့ရပါတယ် ။ ရာသီ တဝက် ကျိုးလာတဲ့ အချိန် အထိ အသင်းသစ် အတွက် ဘာမှ ထူးထူးခြားခြား မစွမ်းဆောင် ပြနိုင်တဲ့ ဟာဇတ် အပေါ် မက်ဒရစ် ပရိသတ် တချို့ ကလည်း အားမလို အားမရ ဖြစ်နေကြပါတယ် ။

ပြီးခဲ့တဲ့ El Classico ပွဲ ၊ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် ပွဲတွေကိုလည်း ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ဟာဇတ် အတွက်ကတော့ မက်ဒရစ် ကို စတင် အခြေချတဲ့ နှစ်မှာပဲ ကံဆိုးခြင်း များစွာ နဲ့ ရင်ဆိုင်နေရတယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။

အသက် ၂၉ နှစ် အရွယ် အီဒင် ဟာဇတ် ကတော့ သူ့ရဲ့ ရီးရဲလ် မက်ဒရစ် က ပထမဆုံး ရာသီ ဟာ ခက်ခဲခြင်း များစွာနဲ့ ပြည့်နှက်နေပြီး ၊ ခြေစွမ်းပြဖို့ ရုန်းကန်ရခြင်းနဲ့ ပတ်သက်ပြီးလည်း ဝန်ခံတဲ့ အကြောင်း ၊ နောက်နှစ် ဘောလုံးရာသီ မှာ ပိုကောင်းတဲ့ ခြေစွမ်း နဲ့ သက်သေပြဖို့ပဲ ရှိတော့ကြောင်း စပိန် သတင်း ဌာန RTBF နဲ့ အင်တာဗျူး မှာ ဖွင့်ဟလာပါတယ် ။

ဟာဇတ် က ” ကျွန်တော့ ရဲ့ ရီးရဲလ် မက်ဒရစ် ကစားသမား ဘဝ ပထမဆုံး ဘောလုံး ရာသီ က ဆိုးရွားလွန်းတယ် လို့ ဆိုရမှာပါ ။ ဒါပေမယ့် အရာရာ ဆိုးရွားခဲ့တယ် လို့ ကျွန်တော် မသတ်မှတ်ချင်ပါဘူး ။ ဒါဟာ အသင်းသစ် ၊ နေရာသစ် နဲ့ အသားကျဖို့ ကြိုးစားရတဲ့ ဘောလုံး ရာသီ ဖြစ်ပါတယ် ။ ဒုတိယ ရာသီ မှ ကျွန်တော့ ရဲ့ ခြေစွမ်း အမှန် ကို အဆုံးအဖြတ် ပေးမှာပါ ။ ”

” လာမယ့်နှစ် မှာ ပိုကောင်းတဲ့ ခြေစွမ်း ရရှိဖို့ အတွက် ကျွန်တော့ အပေါ်မှာပဲ မူတည်ပါတယ် ။ လက်ရှိ ရီးရဲလ်မက်ဒရစ် ရဲ့ အစုအဖွဲ့ က အရမ်း ကောင်းပါတယ် ။ ကျွန်တော် ဟာ အသင်းဖော် အသစ် တွေနဲ့လည်း တွေ့ဆုံပြီးပါပြီ ။ ကျွန်တော့ အတွက် အတွေ့အကြုံသစ် တခု ဖြစ်ပါတယ် ။ နောက်ပြီး အသင်း နဲ့လည်း ၄နှစ် စာချုပ် သက်တမ်း ကျန်ပါသေးတယ် ။ မကြာခင် မှာ ပိုကောင်းတဲ့ ပုံစံ နဲ့ ပြန်လာဖို့ ကျွန်တော် မျှော်လင့် ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အခု လက်ရှိမှာတော့ ဥရောပ တလွှား ကို အလျင်အမြန် ပြန့်နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ထိပ်တန်း ဘောလုံး ပြိုင်ပွဲ အားလုံးနီးပါး အကန့်အသတ် မရှိ ရပ်နားထားပြီး ဖြစ်ပါတယ် ။ ဟာဇတ် ကစားနေတဲ့ စပိန် နိုင်ငံမှာလည်း ဥရောပ အဆင့် မှာ ဒုတိယမြောက် ထို ဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံး ဖြစ်နေပြီး ၊ စပိန် နိုင်ငံသား အားလုံး ကိုယ့်ရဲ့ နေအိမ်ကနေ အပြင်သို့ လုံးဝ ထွက်ခွင့်မရှိတာကို တွေ့ရပါတယ် ။

ယင်းနှင့် ပတ်သက်ပြီးလည်း ဟာဇတ် က ” လက်ရှိ အချိန်ထိတော့ ကျွန်တော် ဟာ ရောဂါ ကူးစက် မခံထားရပါဘူး ။ လုံးဝ မကူးစက်နိုင်ဘူး လို့ ပြောလို့ မရပေမယ့် ၊ ကျွန်တော် ဟာ နေအိမ် အတွင်းမှာပဲ ဆက်လက် နေထိုင် နေရပါတယ် ။ ဘယ်သူမှလည်း ကျွန်တော့ အိမ်မလာကြသလို ၊ ဘယ်သူ့ကိုမှလည်း လက်ခံ တွေ့လို့မရပါဘူး ။ ”

” ကျွန်တော် ဟာလည်း တခြားလူတွေ နည်းတူ ဒီ အခြေအနေ နဲ့ ပတ်သက်ပြီး နည်းနည်းတော့ စိုးထိတ်မိပါတယ် ။ အထူးသဖြင့်တော့ ကျွန်တော် သာ ဒီ ရောဂါ ကူးစက် ခံခဲ့ရမယ် ဆိုရင် တခြားသူ တွေကို မကူးမိစေဖို့ အထူး ဂရုစိုက်ရပါမယ် ။ နောက်ပြီး ကျွန်တော် တို့ဟာ ကိုယ့်ကိုယ်ကို ဂရုစိုက်ရပါမယ် ။ ဟုတ်ပါတယ် ။ ကိုယ့်ထက် ကိုယ်ခံအား နည်းတဲ့သူတွေ အတွက်တော့ ဒီ ရောဂါ နဲ့ ပတ်သက်ပြီး ပိုပြီး စိတ်ပူမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဇွန်လ အတွင်း ကျင်းပမယ့် ယူရို ၂၀၂၀ ကိုလည်း လာမယ့် ၂၀၂၁ ခုနှစ် သို့ ရွှေ့ဆိုင်း ကျင်းပတော့မှာ ဖြစ်ပါတယ် ။ ဒါကလည်း ပရို ဘောလုံးပွဲ တွေကို ရာသီ အပြီးသတ် စေချင်တဲ့ သဘောနဲ့ ဥရောပ ဘောလုံး အဖွဲ့ချုပ် က စီစဉ် ပေးလိုက်တဲ့ သဘော ဖြစ်ပါတယ် ။

ထို အခြင်းအရာ နဲ့ ပတ်သက်ပြီးလည်း ဟာဇတ် က ” အစ ကတော့ ဒီ တခေါက် ယူရို ကို ၂၀၂၀ အတွင်းမှာပဲ ကစားရမယ် လို့ တွေးထင်ခဲ့မိပါတယ် ။ ဒါပေမယ့် အခုအခါ မှာတော့ ကျွန်တော် တို့ဟာ ၂၀၂၁ ခုနှစ် မှ ယူရို ကစားရတော့မှာပါ ။ ဒီလို ရွှေ့ဆိုင်း ကာလ အတွင်းမှာ ကျွန်တော့ ရဲ့ ခြေကျင်းဝတ် ဒဏ်ရာ ကို နဂို ပုံမှန် အတိုင်း ပြန်ဖြစ်စေဖို့ အခြေအနေ ပေးတယ် လို့ပဲ ယူဆပါတယ် ။ ”

” ဘောလုံး ပရိသတ် တွေ အတွက်လည်း ဒီလို နိုင်ငံတကာ ပွဲတွေကို နွေရာသီ အတွင်း ကြည့်ရှုခွင့် မရှိတော့တာ အတော်လေး စိတ်မကောင်းစရာပါပဲ ။ ဒါပေမယ့် ဒီလို ပြိုင်ပွဲ တွေထက် ပိုပြီး အရေးပါတဲ့ လူ့အသက် ကို ရှေ့တန်းတင်ထားတယ် လို့ပဲ သတ်မှတ်ထားပါတယ် ။ နောက်တနှစ် မှာမှ ကစားရဖို့ စောင့်ရမယ် ဆိုရင်လည်း ကျွန်တော် ကတော့ စောင့်သွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR