ရီးရဲယ်ကို ပြောင်းရွေ့ခဲ့တာ မှားယွင်းတယ် ဆိုတဲ့ ဝေဖန်မှုတွေကို တုန့်ပြန်လိုက်တဲ့ အီဒင်ဟာဇက်

အီဒင်ဟာဇက် က သူဟာ ရီးရဲယ်မက်ဒရစ် ကစားသမား ဘ၀ ပထမဦးဆုံး ရာသီမှာ ရုန်းကန် နေခဲ့တယ် ဆိုတာ သိပေမယ့် မက်ဒရစ်မှာ သူ အောင်မြင်မှု ရမရ ဆိုတာကို လာမည့် ရာသီမှာ အကဲဖြတ် သွားဖို့ လိုတယ်လို့ ပြောလိုက် ပါတယ်။ ဘယ်ဂျီယံစတားဟာ ပြီးခဲ့တဲ့ နွေရာသီက ချဲလ်ဆီး မှ ရီးရဲယ်မက်ဒရစ်ကို ယူရို သန်း ၁၀၀ နဲ့ ပြောင်းရွေ့ခဲ့တာ ဖြစ်ပြီး ဒဏ်ရာ ပြသနာတွေ တောက်လျှောက် ရနေတာကြောင့် ဘာနေဗျူးမှာ သူ့ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် တွေကို ချပြ နိုင်ခဲ့ခြင်း မရှိ ထားပါဘူး။

ဟာဇက်ဟာ ပြိုင်ပွဲစုံမှာ ၁၅ ပွဲသာ ကစား ခဲ့ရပြီး သွင်းဂိုး ၁ ဂိုးတည်းသာ ရှိထား ခဲ့ကာ ဂိုးဖန်တီးမှု ၅ ကြိမ် လုပ်ထား နိုင်ခဲ့ ပါတယ်။ ဟာဇက် က သူ့အနေနဲ့ အကောင်းဆုံး လုပ်ပြ ထားနိုင် ခဲ့ခြင်း မရှိဘူး ဆိုတာကို ကောင်းကောင်း သိတယ်လို့ ဝန်ခံ ခဲ့ပါတယ်။

 

ဒါပေမယ့် အသက် ၂၉ နှစ် အရွယ် ကစားသမားက သူ့ရဲ့ ဒုတိယ ရာသီမှာတော့ ရီးရဲယ် ကို အကောင်းဆုံး အကျိုးပြုဖို့ အဆင်သင့် ဖြစ်နေမယ်လို့ ယုံကြည် နေပြီး သူ့ရဲ့ အောင်မြင်မှုကို ဒုတိယမြောက် ရာသီ ပြီးမှသာ ဆုံးဖြတ် သွားရန် တိုက်တွန်း သွားပါတယ်။

ဟာဇက် က “ဒါဟာ အထိုင်ကျဖို့ လုပ်ဆောင် ရတဲ့ ဘောလုံး ရာသီ ဖြစ်ပါတယ်။ ကျွန်တော့်ကို ဒုတိယ ရာသီ ကျမှ အကဲဖြတ်ကြပါ။ လာမည့် ရာသီမှာ ပုံစံကောင်း ရှိနေဖို့ဟာ ကျွန်တော့် အပေါ်မှာပဲ မူတည် နေပါတယ်။ ဒီ ကစားသမား အစုအဖွဲ့ဟာ ကောင်းပါတယ်။ ကျွန်တော် လူသစ်တွေနဲ့ ဆုံခဲ့ ရပါတယ်။ ကျွန်တော့် အတွက် ကတော့ ဒါဟာ ကြီးမားတဲ့ အတွေ့အကြုံပါ။ ကျွန်တော် ဒီမှာ နောက်ထပ် ၄ နှစ် စာချုပ် သက်တမ်း ကျန်နေပါသေးတယ်။ ကျွန်တော် လာမည့်ရာသီ ပုံစံကောင်းမှာ ရှိနေဖို့ မျှော်လင့် နေပါတယ်။” လို့ ပြောခဲ့ ပါတယ်။

ဟာဇက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စပိန် တစ်နိုင်ငံလုံး လိုပဲ မက်ဒရစ်မှာ သီးခြား နေနေ ရပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လက်ရှိ စပိန်မှာ ကူးစက်မှုနှုန်း မြင့်မား နေဆဲ ဖြစ်ပြီး လူ ထောင်နဲ့ချီ သေဆုံး ခဲ့ပြီး ဖြစ်ပါတယ်။ ဟာဇက် က သူ့အနေနဲ့ လူတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ် ပူပန်မိကြောင်း ဝန်ခံလိုက်ပြီး အားလုံး ဂရုစိုက်ရန် ပြောကြား ခဲ့ပါတယ်။

ရီးရဲယ် တိုက်စစ်မှုးက “ကျွန်တော်လည်း ဒီဗိုင်းရပ်စ် မကူးစက် နိုင်ဘူးလို့ မပြော နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် အိမ်ထဲမှာပဲ နေပါတယ်။ ဘယ်သူမှလည်း မလာပါဘူး။ လမ်းပေါ်မှာ လူတွေလည်း မမြင် ရပါဘူး။ ဒါဟာ စိုးရိမ်စရာပါ။ အားလုံးလည်း ဒီလို ဖြစ်နေ မှာပါ။ ဒါပေမယ့် ကျွန်တော် ဒီဗိုင်းရပ်စ် ကူးစက် ခဲ့တယ် ဆိုရင်တောင် အခြား သူတွေကို ထပ်မံ မကူးစက် စေဖို့ ဂရုစိုက် သွားမှာပါ။ ဒါဟာ အရေးကြီးဆုံး အရာ ပါပဲ။

ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ဂရုစိုက် သွားရ ပါမယ်။ ကျွန်တော် ကတော့ အားနည်းတဲ့ သူတွေ အတွက် ပိုပြီး စိတ်ပူမိ ပါတယ်။ သူတို့မှာ ပိုပြီး ပြသနာ များမှာပါ။” လို့ ဆိုလိုက် ပါတယ်။

ဒီဗိုင်းရပ်စ်ကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲ ကို လာမည့် ၂၀၂၁ ဇွန်လ အထိ ရွေ့ဆိုင်း လိုက်ရပြီး တစ်ချို့ လိဂ်ပြိုင်ပွဲတွေ ကိုလည်း အကန့်အသတ်မရှိ ရပ်နား ထားခဲ့ပါတယ်။ ဟာဇက်ဟာ လက်ရှိ အချိန်မှာ ခြေကျင်းဝတ် ဒဏ်ရာ ကုသမှု ခံယူ နေရဆဲ ဖြစ်ပြီး အကယ်၍ ပြိုင်ပွဲကို ယခုနှစ် ဇွန်လမှာ စခဲ့ရင်လည်း ကြံ့ခိုင်မှု ပြည့်နေမှာ ဖြစ်တယ်လို့ ယုံကြည် နေပါတယ်။

ပရိတ်သတ်တွေ အနေနဲ့ ပြိုင်ပွဲကို ရွေ့ဆိုင်း ခဲ့ရတဲ့ အတွက် စိတ်ပျက် နေကြမှာ ဖြစ်ပေမယ့် ဒါဟာ မဖြစ်မနေ လုပ်ဖို့ လိုအပ်တဲ့ အရာ ဖြစ်တယ်လို့ ဟာဇက် က ဆိုခဲ့ ပါတယ်။

ဟာဇက်က “ကျွန်တော် ယူရို ၂၀၂၀ မှာ ကစားနိုင်ဖို့ အခြေအနေ ရှိခဲ့ပါတယ်။ အခု ကျွန်တော်တို့ ဒီပြိုင်ပွဲကို လာမည့် ၂၀၂၁ ခုနှစ်ထိ ရွေ့ဆိုင်း လိုက်ရပါတယ်။ ဒါဟာ စိတ်ပျက်စရာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ခြေကျင်းဝတ် ကို အကောင်းဆုံး အနေအထား ပြန်ရဖို့ အချိန်တော့ ရသွား ခဲ့ပါတယ်။

ပရိတ်သတ်တွေ အတွက် ကတော့ ခက်ခဲပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ဒီလို နိုင်ငံတကာ ပွဲစဉ်တွေကို နွေရာသီတိုင်း ကြည့်ချင် နေကြလို့ပါ။ သူတို့ အတွက် ကတော့ ဒါဟာ စိတ်ပျက်စရာ ဖြစ်မှာပါ။ ဒါပေမယ့် လူ့အသက်က ဦးစားပေး ဖြစ်တာကြောင့် ဒီလိုမျိုး မဖြစ်မနေ လုပ်ခဲ့ ရတာပါ။ ကျွန်တော်တို့ ကလည်း အခြား သူတွေနဲ့ တူတူပါပဲ။ ကျွန်တော် လာမည့်နှစ်ကို စောင့်ဆိုင်း သွားမှာပါ။” လို့ ဆိုလိုက် ပါတယ်။

SPORTS MYANMAR