ပါဘလိုမာရီ အပြင် အခြား ဆော်ပိုလို ကစားသမား တစ်ဦးကိုပါ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ပါဘလို မာရီ ကို မခေါ်ယူခင် တခြား နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဝေါစ့် ကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ဖူးကြောင်း ဆော်ပိုလို အသင်းဘက်က အတည်ပြု ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် နည်း​ပြ မီခေးလ် အာတီတာ ဟာ အဓိက နောက်ခံလူ ကလန် ချိန်ဘာ ဒဏ်ရာကြောင့် ကာလ ရှည်ကြာ အနားယူ နေရတဲ့ အချိန်မှာ ခံစစ်ပိုင်း အင်အား ဖြည့်တင်းဖို့ အတွက် ပါဘလို မာရီ ကို အငှားနဲ့ ခေါ်ယူ ခဲ့တာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ စပိန် နောက်ခံလူ ပါဘလို မာရီ ကို ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူ ခဲ့တာ ဖြစ်ပြီး စာချုပ်သက်တမ်း ပြည့်ပါက အပြီးသတ် ဝယ်ယူခွင့်ကိုပါ ထည့်သွင်း ချုပ်ဆို ထားတယ်လို့ သိရပါတယ် ။

ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက် ပျံ့ပွားမှုကြောင့် ဘောလုံးပွဲတွေ မရပ်နား ရခင်မှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပါဘလို မာရီ ဟာ ပိုစ့်မောက် အသင်းနဲ့ အက်ဖ်အေ ဖလားပွဲမှာ အာဆင်နယ် အသင်း အတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရခဲ့ပြီး ၊ မူစတာဖီ ဒဏ်ရာ ရနေတဲ့ အချိန်မှာတော့ ပရီးမီးယားလိဂ် ပထမဆုံး ပွဲထွက် ကစားခွင့်ကိုပါ ရရှိ လာခဲ့တာပါ ။

မာရီ ပါဝင် ကစားတဲ့ နှစ်ပွဲစလုံးဟာ အာဆင်နယ် အသင်းဟာ ဂိုးပေး ခဲ့ရခြင်း မရှိဘဲ Clean-Sheet ရယူနိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်း နည်းစနစ် ဒါရိုက်တာ အီဒူးဟာ ပါဘလို မာရီ ကို ခေါ်ယူ နိုင်ဖို့ အတွက် မွေးရပ်မြေ ဘရာဇီး ကို ပြန်ပြီး လူကိုယ်တိုင် သွားရောက် ဆွေးနွေး ညှိနှိုင်း ခဲ့တာလည်း ဖြစ်ပါတယ် ။

အီဒူး ဟာ ပါဘလို မာရီ ကို မခေါ်ယူခင် ဆော်ပိုလို ရဲ့ နောက်ထပ် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဝေါစ့် ကို ခေါ်ယူဖို့ ဆွေးနွေး ညှိနှိုင်း ခဲ့သေးကြောင်း ဆော်ပိုလို အသင်းရဲ့ အုပ်ချုပ်ရေး မန်နေဂျာ ပါဆာရို က ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

” ဝေါစ့် အတွက် ရက်ဘူးလ် ဘရာဂန်တီနို အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံ ရရှိပေမယ့် ငြင်းပယ် ခဲ့ပါတယ် ၊ ကျနော်တို့ ဝေါစ့် အတွက် အာဆင်နယ် နဲ့တောင် ဆွေးနွေး ညှိနှိုင်း စကား ပြောဖြစ် ခဲ့ပါတယ် ၊ နောက်တော့ ပါဘလို မာရီ ပဲ ပြောင်းရွေ့ ဖြစ်သွားပါတယ် ၊ ကျနော်တို့ အီဒူး နဲ့ စကား ပြောဖြစ်ခဲ့ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ်

ပါဘလို မာရီဟာ မန်စီးတီးယူ- ၂၃ အသင်းသားဟောင်း တဦးဖြစ်ပြီး ၂၀၁၉ ဇူလိုင်မှာ အီတတ်ဟတ်မြေကို စွန့်ခွာ လာခဲ့တာ ဖြစ်ပါတယ် ။ မာရီဟာ၂၀၁၆ ခုနှစ်မှာ ဂျင်နက်စ်တစ် အသင်းကနေ မန်စီးတီးကို ပြောင်းလာခဲ့ပေမယ့် ဂျီရိုနာ၊ဒီပို့တီပို့ အသင်းတွေကို အငှား သွားရောက် ကစားရင်း အချိန်ဖြုန်း ခဲ့ရပါတယ် ။

ဖလာမင်ဂို အသင်းကို ပေါင် ၁သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့ အပြီးမှာတော့ အဓိက ကစားသမားတဦးဖြစ်လာခဲ့ပြီး ၂၀၁၉ ရာသီမှာ စုစုပေါင်း ပွဲ၃၀အထိ ပါဝင်ကစားပေးထားနိုင်ခဲ့ပါတယ်။ သူဟာ လီဗာပူးအသင်းကို ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ ကလပ် ကမ္ဘာ့ဖလား ဖိုင်နယ် ပွဲစဉ်မှာလည်း ပါဝင်ခွင့်ရခဲ့ပါသေးတယ် ။

SPORTS MYANMAR