ဒီနှစ် ရာသီကုန်မှာ ချယ်လ်ဆီး ကနေ ထွက်ခွာမှာ ဖြစ်ပေမယ့် ၊ ထိုထက် အရေးကြီးတဲ့ ကိစ္စ တခု ရှိကြောင်း ပြောပြလာတဲ့ #ပတ်ဒရို

ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် တောင်ပံ တိုက်စစ် ကစားသမား ပတ်ဒရို ဟာ ဒီနှစ် ဘောလုံး ရာသီ အကုန် မှာ အသင်း နဲ့ စာချုပ် သက်တမ်း ပြည့်မြောက်တော့မှာ ဖြစ်ပြီး ၊ စာချုပ် သက်တမ်း တိုးဖို့ အစီအစဉ် လည်း မရှိတော့တာကြောင့် ၊ ဒီနှစ် ရာသီ ကုန်တာနဲ့ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့ရှိတဲ့ ကစားသမား ဖြစ်လာတော့မှာ ဖြစ်ပါတယ် ။

ပတ်ဒရို ဟာ ၂၀၁၅ နှစ် နွေရာသီ အပြောင်းအရွှေ့ မှာ ဘာစီလိုနာ အသင်း ကနေ ချယ်လ်ဆီး အသင်း သို့ ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ၊ ဘောလုံး ရာသီ ၅ခု အထိ လန်ဒန် ကလပ် နဲ့ အတူ ကျော်ဖြတ်ထားပြီး ဖြစ်ပါတယ် ။ ဒီ အတောအတွင်း မှာ ပတ်ဒရို ဟာ ပရီးမီးယားလိဂ် ဖလား တကြိမ် ၊ အက်ဖ်အေ ဖလား တကြိမ် ၊ ယူရိုပါလိဂ် ဖလား တကြိမ် တို့ကို ဆွတ်ခူး နိုင်ခဲ့ပါတယ် ။

လောလောဆယ် မှာတော့ ဥရောပ တလွှား ကို ပြန့်နှံ့လျက် ရှိနေပြီး ၊ လူတွေရဲ့ အသက် အန္တရာယ် ကို ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဘောလုံး ပြိုင်ပွဲ အားလုံးနီးပါး ကိုလည်း ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်းထားပြီး ဖြစ်ပါတယ် ။ သက်ဆိုင်ရာ ဥရောပ နိုင်ငံသား တွေ အပါအဝင် ဘောလုံးသမား တွေဟာလည်း မိမိရဲ့ နေအိမ် အတွင်းကနေ အပြင်ထွက်ခွင့် မရှိနေပါဘူး ။

ဒီ ဗိုင်းရပ်စ်ကြောင့်လည်း မိမိ ရဲ့ နေရပ် နဲ့ ဝေးကွာနေရတဲ့ ကစားသမား တွေ အဖို့လည်း အိမ်ပြန်ခွင့် မရှိနေပါဘူး ။ ထိုအထဲမှာ ပတ်ဒရို လည်း တယောက် အပါအဝင် ဖြစ်ပြီး ၊ စပိန် မှာ ရှိနေတဲ့ ၎င်းရဲ့ မိသားစု ဆီသို့ ပြန်သွားခွင့် မရှိထားပါဘူး ။ ယင်းနှင့် ပတ်သက်ပြီး ပတ်ဒရို က စပိန် သတင်း ဌာန Cadena Ser နဲ့ အင်တာဗျူး မှာ အခုလိုပဲ ဖြေရှင်း ပြောဆိုခဲ့ပါတယ် ။

ပတ်ဒရို က ” ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် ထပ်ချုပ်တော့မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဒါဟာ အခုအချိန် မှာ အရေးကြီးတဲ့ အရာ မဟုတ်သလို ၊ ဒီ အကြောင်း ကိုလည်း အဆက်မပြတ် ကျွန်တော် စဉ်းစားနေတာမျိုး မရှိပါဘူး ။ အခု အချိန်မှာ လူတိုင်း အတွက် အရေးကြီးဆုံး အရာ က အားလုံး တစုတစည်း နဲ့ ဒီ ဗိုင်းရပ်စ် ကို ကြံ့ကြံ့ခံ တိုက်ထုတ်ဖို့ ဖြစ်ပါတယ် ။ ”

” လက်ရှိ ဘောလုံးသမား ဘဝ အခြေအနေ က အနာဂတ် မှာ ဆက်ပြီး ဖြစ်နေဦးမှာပါ ။ ဒါကြောင့်မို့ စာချုပ် ထပ်ချုပ်ဖြစ် ၊ မချုပ်ဖြစ် က အခုအချိန် မှာ ကျွန်တော် တို့ ဘယ်တော့ လေ့ကျင့်မှု တွေ ပြန်စရမှာလဲ ဆိုတဲ့ မေးခွန်းလောက် အရေးမကြီးနေပါဘူး ။ အသင်း အတွင်း မှာ ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာ ဖြစ်လို့ ကျွန်တော် တို့ဟာ သီးခြားခွဲ စောင့်ကြည့်ခြင်း ခံခဲ့ရပါတယ် ။ ”

” အခုတော့ သူ ကိုယ်တိုင်လည်း ဒီ ရောဂါ ကနေ ပြန်ကောင်းလာပြီ ဖြစ်လို့ ကျွန်တော် တို့ သူ့ အတွက် ဝမ်းသာ ရပါတယ် ။ အခုအချိန် မှာ ဆေးပစ္စည်း အထောက်အပံ့ တွေက အရမ်း တန်ဖိုး ရှိပါတယ် ။ ဘယ်သူ တဦးတယောက် ရဲ့ အကူအညီ မဆို အားလုံး ကို ကျွန်တော် တို့က ကြိုဆို လက်ခံ နေကြပါတယ် ။ ”

” အခု အချိန် ဒီ ဗိုင်းရပ်စ် ဟာ ဥရောပ တဝှမ်းလုံး ကို ပြန်နှံ့နေပြီ ဆိုတဲ့ သတင်းတွေ ကြားရတဲ့ အခါမှာလည်း အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ် ။ အထူးသဖြင့် ကျွန်တော့ ရဲ့ နေရပ် စပိန် နိုင်ငံ မှာ အခြေအနေ အတော် ဆိုးရွားနေတဲ့ အကြောင်း တွေကို ကြားနေရပါတယ် ။ စပိန် နိုင်ငံ အတွင်း ရောဂါ ကူးစက်ခံထားရတဲ့ သူတွေကို အပြည့်အဝ စောင့်ရှောက်မှု ပေးနေတဲ့ ဆေးဝန်ထမ်း တွေကို ဒီနေရာ ကပဲ ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ။ ”

” ရဲတပ်ဖွဲ့တွေရော ၊ စူပါမားကတ် တွေမှာ ပစ္စည်းတွေ မပြတ်လပ်သွားအောင် ကူညီ ရောင်းချပေးနေတဲ့ ဝန်ထမ်းတွေ ၊ ဒီ ဗိုင်းရပ်စ် ပပျောက်အောင် အဖက်ဖက် က ကူညီပေးနေသူ အားလုံး ကျွန်တော် ကျေးဇူးတင်ချင်ပါတယ် ။ ကျွန်တော် တို့ အားလုံး ဒီ ဗိုင်းရပ်စ် ပြန့်ပွားမှု ကို အတူတကွ ရပ်တန့်နိုင်မယ် လို့ မျှော်လင့်ပါတယ် ။ ”

” ကျွန်တော် ဟာ စပိန် မှာ ရှိနေတဲ့ ဘာကာ အသင်းဖော်ဟောင်း တွေ ဖြစ်ကြတဲ့ ဂျော်ဒီ အယ်ဘာ ၊ ဂျရတ် ပီကေး အစရှိတဲ့သူတွေကိုလည်း သတင်းတွေ မေးဖြစ်ပါတယ် ။ သူတို့ တွေလည်း ကျွန်တော် တို့နဲ့ အတူတူပါပဲ ။ မသေချာ မရေရာမှုတွေနဲ့ တနေ့တနေ့ ကို အခက်အခဲ များစွာ နဲ့ ဖြတ်သန်းနေရပါတယ် ။ ”

” ကျွန်တော် ဆိုရင်လည်း ဘယ်ကိုမှ ခရီးထွက်လို့ မရသလို ၊ ကျွန်တော့ ရဲ့ ကလေး တွေကိုလည်း သွားတွေ့ခွင့်မရှိပါဘူး ။ အရင် က ကျွန်တော် သူတို့နဲ့ အတူ နေဖို့ အခွင့်အရေး တွေ ရှိခဲ့ပေမယ့် ၊ အခုအချိန် မှာတော့ ကျွန်တော် သူတို့ဆီ လာခွင့် မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR