ချယ်လ်ဆီး မှာ ကစားခဲ့စဉ် နောင်တ အရဆုံး ဆုံးဖြတ်ချက် တခု ကို ပြန်ပြောင်း ပြောပြလာတဲ့ #ဘောလက်

ဂျာမန် ကွင်းလယ် ဗိုလ်ချုပ်ဟောင်း ဖြစ်သူ မိုက်ကယ် ဘောလက် ဟာ ၂၀၀၆ ခုနှစ် မှာ ဘိုင်ယန်မြူးနစ် ကနေ ချယ်လ်ဆီး အသင်း သို့ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့ လာခဲ့ကာ ၊ လန်ဒန် မှာ ဘောလုံး ရာသီ ၄ခု အထိ ကျော်ဖြတ်ခဲ့ပါတယ် ။

၂၀၀၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကို ချယ်လ်ဆီး အသင်း နဲ့ အတူ ပါဝင် ဆင်နွှဲခဲ့ဖူးတဲ့ ဘောလက် ဟာ ချယ်လ်ဆီး အသင်း ကို သံယောဇဉ် အတော်ကြီးသူ ဖြစ်သလို ၊ ၄နှစ် အတွင်း ပြိုင်ပွဲစုံ စုစုပေါင်း ၁၆၇ ပွဲ ကစားပေးခဲ့ကာ ၊ သွင်းဂိုး ၂၅ ဂိုး နဲ့ ဂိုးဖန်တီးမှု ၂၄ ကြိမ် ပြုလုပ်ခဲ့ပါတယ် ။

 

၂၀၁၀ နွေရာသီ အပြောင်းအရွှေ့ မှာတော့ ချယ်လ်ဆီး နဲ့ စာချုပ် သက်တမ်း ထပ်မတိုး ဖြစ်ခဲ့တဲ့ ဘောလက် ဟာ ၎င်းရဲ့ ကလပ်ဟောင်း တသင်း ဖြစ်တဲ့ လေဗာကူဆင် အသင်း သို့ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ပြန်လည် ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

ဘောလက် ဟာ ၂၀၁၀ ခုနှစ် ၊ နည်းပြ ကာလို အန်ဆယ်လော့တီ လက်ထက် မှာ ချယ်လ်ဆီး အသင်း နဲ့ အတူ ဆက်လက် ကစား ပေးလိုခဲ့ပေမယ့် ၊ အဆုံးမှာ ချယ်လ်ဆီး အသင်း က အသက် ၃၀ နဲ့ အထက် ကစားသမား တွေကို တနှစ်ထက် ပိုပြီး စာချုပ်သစ် မကမ်းလှမ်းတဲ့ အတွက် နောက်ဆုံးမှာ လေဗာကူဆင် ကို ပြန်ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

သို့ပေမယ့် လည်း ဘောလက် ဟာ ၂၀၁၀ က သူ့ရဲ့ ဒီ ဆုံးဖြတ်ချက် အပေါ် နောင်တရမိတဲ့ အကြောင်း ဖွင့်ဟ လာခဲ့ပြီး ၊ သူဟာ လေဗာကူဆင် မှာ ကစားသမား ဘဝ အနားယူဖို့ မစဉ်းစားခဲ့သလို ၊ ချယ်လ်ဆီး အသင်း မှာပဲ ကစားသမား ဘဝ ကုန်ဆုံးချင်ခဲ့တာ ဖြစ်တယ် လို့ Sky Sports ရဲ့ Transfer Talk Podcast အစီအစဉ် မှာ အခုလိုပဲ ဖွင့်ဟ ပြောဆိုခဲ့ပါတယ် ။

ဘောလက် က ” ကာလို ဟာ ကျွန်တော့ ကို ချယ်လ်ဆီး မှာပဲ ဆက်နေစေချင်ခဲ့ပါတယ် ။ ဒါပေမယ့် ကလပ် ဖက်ကတော့ အသက် ၃၀ နဲ့ အထက် ကစားသမား တွေကို တနှစ်ထက် ပိုပြီး သက်တမ်း မတိုးဖို့ ဆုံးဖြတ်ချက် ချထားပြီး ဖြစ်တာကြောင့် ကျွန်တော့ အတွက် တခြား ရွေးချယ်စရာ မရှိခဲ့ပါဘူး ။ ကျွန်တော် က ၂နှစ် သက်တမ်းတိုး စာချုပ် ကို လိုချင်ခဲ့တာပါ ။ “

” အခုလို နေ့ရက် တွေမှာတော့ ကျွန်တော် ဟာ အဲ့ဒီတုန်း က ဆုံးဖြတ်ချက် က မှားယွင်းတယ် လို့ သတ်မှတ် ပြောချင်နိုင်ပါတယ် ။ ကျွန်တော် ဟာ ချယ်လ်ဆီး မှာ တနှစ်ပဲ ရခဲ့ရင်တောင် ဆက်နေခဲ့သင့်ပါတယ် ။ ကျွန်တော် ဟာ လေဗာကူဆင် ဆီကို ပြန်ပြီး ကစားသမား ဘဝ အနားယူဖို့ တခါမှ မစဉ်းစားခဲ့မိပါဘူး ။ “

” ချယ်လ်ဆီး ကနေ ထွက်ခွာရမယ့် နောက်ဆုံးနေ့ မတိုင်ခင် အထိကို ကျွန်တော် ဟာ ချယ်လ်ဆီး နဲ့ တနည်းမဟုတ် တနည်းတော့ စာချုပ်သစ် ချုပ်ဖြစ်ခဲ့မယ် လို့ ယုံကြည်ခဲ့တာပါ ။ ချယ်လ်ဆီး မှာပဲ ကစားသမား ဘဝ ဆုံးခန်းတိုင်အောင် ကစားဖို့ မျှော်လင့်ခဲ့မိတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တချိန် က ဘောလက် ကြုံခဲ့တဲ့ အဖြစ်မျိုး အခုအခါ ချယ်လ်ဆီး အသင်း ဘုတ်အဖွဲ့ က ပြန်လည် စဉ်းစားနေပြီး ၊ ဝါရင့် ကစားသမား တွေကို တနှစ် ထက် ပိုပြီး သက်တမ်းတိုးပေးဖို့ကို လည်း သေချာ ချင့်ချိန် ညှိနှိုင်း ပေးနေပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ဝါရင့် ခံစစ်မှူး ဒေးဗစ် လူးဝဇ် ကို ၂နှစ် သက်တမ်း တိုးပေးခဲ့သလို ၊ အခုအခါ တောင်ပံ ကစားသမား ဝီလီယံ ကိုလည်း ၂နှစ် စာချုပ် ကမ်းလှမ်းထားပါတယ် ။

သို့ပေမယ့် ဝီလီယံ ဖက်ကတော့ ၃နှစ် အထိ သက်တမ်း တိုးချင်နေတာကြောင့် ချယ်လ်ဆီး ဖက်က ၎င်းရဲ့ ဆန္ဒ ကို လိုက်လျောပေးဖို့ အတော်လေး စဉ်းစား နေရပါတယ် ။ လောလောဆယ် မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု အရမ်း များပြားနေတဲ့ ဥရောပမြေ ကနေ မွေးရပ် ဘရာဇီး သို့ ဝီလီယံ ပြန်လည် ရောက်ရှိနေပါတယ် ။

တဖက်မှာ ဝီလီယံ အပြင် ချယ်လ်ဆီး မှာ ဝါရင့် ကစားသမား တချို့ ဖြစ်တဲ့ တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ၊ တောင်ပံ ကစားသမား ပတ်ဒရို ၊ ဂိုးသမား ဝီလီ ကာဘယ်လာရို တို့လည်း ဇွန်လ အကုန်မှာ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် သက်တမ်း ပြည့်တော့မှာ ဖြစ်ပြီး ၊ နည်းပြ ဖြစ်သူ လမ်းပတ် ကတော့ ၎င်းတို့ကို ဆက်လက် ထိန်းသိမ်းဖို့ ကလပ် ဖက်က ကြိုးစားနေတယ် လို့ အရင် အင်တာဗျူး တွေမှာ ဖြေခဲ့ဖူးပါတယ် ။

SPORTS MYANMAR