ပီလီ ဟာ တကယ်ပဲ ရိုနယ်ဒို ၊ မက်ဆီ တို့လို ရွှေဘောလုံးဆု မရခဲ့ဖူးဘူးလား ?

မက်ဆီ နဲ့ ရိုနယ်ဒိုတို့ အကြား ဘယ်သူက ပိုကောင်း သလဲ ဆိုတဲ့ ပီလီ ရဲ့ ပြောစကား သတင်း ကို ယမန်နေ့ က ဖော်ပြ ခဲ့ ပါတယ် ။ အဲ့ဒီ အခါ မှာ ပီလီ နဲ့ မော်ဒန် ဘောလုံး လောက ရဲ့ စူပါ ကစား သမား ၂ ဦး ကို နှိုင်းယှဉ်မှု တွေ ရှိလာ ခဲ့ ပါတယ် ။ အဲ့ဒီ အထဲမှာ စိတ်ဝင်စား စရာ တစ်ခု ကတော့ ပီလီ ဟာ မက်ဆီ ၊ ရိုနယ်ဒို တို့လို ရွှေဘောလုံးဆု ရဖူး သလား ဆိုတဲ့ မေးခွန်း တစ်ခု ပါပဲ ။

ရွှေဘောလုံး ( Ballon D’or ) ဆု ဟာ ဘောလုံး သမား တစ်ယောက် ရဲ့ ဘဝ မှာ ရယူနိုင်တဲ့ တစ်ကိုယ်တော် ဆုတွေ ထဲ မှာ ဂုဏ်သိက္ခာ ပိုင်း အရ အမြင့်ဆုံး လို့ လက်ခံ သတ်မှတ် ထားတဲ့ ဆု ဖြစ်ပါတယ် ။ ဒီဆု ကို ပြင်သစ် ဘောလုံး မဂ္ဂဇင်း ( France Football ) က ရွေးချယ် ပေးအပ်တာ ဖြစ်ပြီး မက်ဆီ က ၆ ကြိမ် ၊ ရိုနယ်ဒို က ၅ ကြိမ် ရရှိ ထားကြ ပါတယ် ။

ပီလီ ဟာ မက်ဆီ နဲ့ ရိုနယ်ဒို တို့ မရဖူးတဲ့ ကမ္ဘာ့ ဖလား ကို ၃ ကြိမ် ရခဲ့ ဖူး သလို တောင်အမေရိက ရဲ့ ချန်ပီယံ လိဂ် လို့ ခေါ်တဲ့ ကိုပါ လေဘာဒီတိုးစ် ဖလား ကိုလည်း ၂ ကြိမ် ရယူ နိုင်ခဲ့ ပါတယ် ။ ကစား သမား ဘဝ မှာ ဂိုး ၁၀၀၀ ကျော် သွင်းနိုင် ခဲ့သူလည်း ဖြစ် ပါတယ် ( တရားဝင် သွင်းဂိုး ကတော့ ၁၀၀၀ မပြည့်ဘူးလို့ သိရ ပါတယ် )

ဒါပေမယ့် မက်ဆီ ၊ ရိုနယ်ဒို တို့ နဲ့ နှိုင်းယှဉ် ရာမှာတော့ ပီလီ ရယူ ခဲ့တဲ့ ဆုတွေက နည်းနေခဲ့ ပါတယ် ။ အထူး သဖြင့် တောင်အမေရိက သားချင်း ဖြစ်တဲ့ မက်ဆီ နဲ့ နှိုင်းယှဉ် ရာမှာ ပီလီ ဟာ ရွှေဘောလုံးဆု တွေ ၊ ကမ္ဘာ့ အကောင်းဆုံး ကစား သမားဆု တွေ ကို မရရှိခဲ့ ဖူးတာက အာဂျင်တိုင်းသား ထက် တစ်ဆင့် နိမ့်သလို ဖြစ်နေ ခဲ့ ပါတယ် ။

တကယ်ပဲ ပီလီ ဟာ မက်ဆီ ၊ ရိုနယ်ဒို တို့လို ရွှေဘောလုံးဆု ကို မရခဲ့ဘူးလား . . . . .

ဒီကိစ္စ က ဟုတ်တယ် လို့လည်း ပြောလို့ ရသလို မဟုတ်ဘူး လို့လည်း ပြောလို့ ရနိုင်နေ ပါတယ် ။ ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းအရင်း ကတော့ ပီလီ ဟာ ဥရောပမှာ တစ်ခါမှ မကစားခဲ့လို့ ပါပဲ ။

ပီလီ ဟာ ပရော်ဖက်ရှင်နယ် ဘောလုံး သမား ဘဝ ကို ဘရာဇီး ကလပ် ဆန်းတိုစ့် မှာ အသက် ၁၆ နှစ် အရွယ်နဲ့ စတင် ခဲ့ပြီး ၁၉၅၆ ကနေ 1974 အထိ နှစ်ပေါင်း ၂၀ နီးပါး ကစားပေး ခဲ့ ပါတယ် ။ အဲ့ဒီ နောက်မှာတော့ အမေရိက ကလပ် နယူးယောက် ကော့စမို အသင်း ကို ပြောင်းရွှေ့ ခဲ့ပြီး ၂ နှစ်ကြာ ကစားကာ 37 နှစ် အရွယ်မှာ အနားယူ ခဲ့ ပါတယ် ။

ရွှေဘောလုံး ဆု ဟာ ၁၉၅၆ ခုနှစ် ကနေ စတင် ပေးအပ် ခဲ့တာ ဖြစ်ပေမယ့် ဥရောပသား တွေ အထဲ ကသာ ရွေးချယ် ပေးအပ်တဲ့ ဆု ဖြစ်ခဲ့ ပါတယ် ။ ၁၉၉၅ ခုနှစ် က စတင်ပြီး ဥရောပ မှာ ကစား နေတဲ့ ဘယ် နိုင်ငံသား မဆို ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး လိုက်ဘေးရီးယား ကစား သမား ဂျော့ဝီယာ က ပထမဆုံး ဆွတ်ခူးသူ ဖြစ်လာခဲ့ ပါတယ် ။

ပီလီ ကတော့ ဥရောပ မှာ တစ်ကြိမ်မှ မကစားခဲ့ ဖူးတာကြောင့် ရွှေဘောလုံး ဆုပေးပွဲ စင်မြင့် နဲ့ ကင်းကွာခဲ့ ရ ပါတယ် ။ ဒါ့အပြင် ဖီဖာ က တစ်နှစ်တာ ကမ္ဘာ့ အကောင်းဆုံး ကစား သမားဆု ကို စတင် ပေးအပ် ခဲ့တဲ့ ၁၉၉၁ ခုနှစ် မှာလည်း ပီလီ ဟာ အနားယူသွား ခဲ့ပြီ ဖြစ်တာကြောင့် ဒီဆုတွေ ကို ရယူနိုင်ခြင်း မရှိခဲ့ ပါဘူး ။

ဒါပေမယ့် ၁၉၉၉ ခုနှစ် မှာ ပီလီ ဟာ ရာစုနှစ် ရဲ့ အကောင်းဆုံး ဘောလုံး သမား အဖြစ် ရွေးချယ် ခံခဲ့ ရပါတယ် ။ အဲ့ဒီ နောက်ပိုင်း မှာတော့ ဥရောပ ပြင်ပ ကနေ ရွှေဘောလုံး ဆု ကို ရရှိသင့်တယ်လို့ ယူဆ သူတွေ ကို နှစ် အလိုက် ရွေးချယ် ဆုံးဖြတ်ခဲ့ကြ ပါတယ် ။

ဒီလို ဆုံးဖြတ်မှုမှာတော့ ပီလီ ၊ မာရာဒိုနာ ၊ ဂါရင်ချာ ၊ မာရီယို ကမ်းပတ်စ် ၊ ရိုမာရီယို တို့လို အကျော် အမော် ကစား သမားတွေ ပါဝင် လာခဲ့ကြ ပါတယ် ။ ဒီအထဲ မှာတော့ ပီလီ ဟာ အရေ အတွက် အများဆုံး ဖြစ်ပြီး ၁၉၅၈ ၊ ၁၉၅၉ ၊ ၁၉၆၀ ၊ ၁၉၆၁ ၊ ၁၉၆၃ ၊ ၁၉၆၄ နဲ့ 1970 ခုနှစ် တွေ ရဲ့ ရွှေဘောလုံး ဆုရှင် အဖြစ် ရွှေးချယ် ခံခဲ့ရပါတယ် ။

ဒါကြောင့် အဆိုပါ အချိန် ကသာ ရွှေဘောလုံး ဆု စည်းမျဉ်းတွေ ကို တန်းတူညီမျှ ဖြစ်စေခဲ့မယ် ဆိုရင် ပီလီ ဟာ ရွှေဘောလုံး 7 ဆု နဲ့ မက်ဆီ ၊ ရိုနယ်ဒို တို့ ရဲ့ အထက် မှာ ရှိနေမှာ ဖြစ်သလို မက်ဆီ မတိုင်ခင် နှစ်ပေါင်းများစွာ ကတည်းက ရွှေဘောလုံး ဆု ကို ၄ နှစ် ဆက်တိုက် ရယူနိုင် တဲ့ ပထမဆုံး ကစား သမား အဖြစ် လည်း ရပ်တည် နေနိုင် မှာဖြစ် ပါတယ် ။

ဒါပေမယ့် ပီလီ ၊ မာရာဒိုနာ တို့ ရဲ့ ခေတ် နဲ့ ယခု ခေတ် တို့ရဲ့ အနေအထားတွေ ကွာခြားသွားပြီ ဖြစ်တာ ကြောင့် သူတို့ ၂ ဦး ကို မက်ဆီ ၊ ရိုနယ်ဒို တို့ နဲ့ တိုက်ရိုက် နှိုင်းယှဉ် ဖို့ဆိုတာ လွယ်ကူတဲ့ အရာ ဖြစ်မှာ မဟုတ်တာ ကတော့ သေချာ ပါတယ် ။

SPORTS MYANMAR