ဆရာဟောင်း အာဆင်ဝင်းဂါးအပေါ် ပြုမူမိခဲ့တဲ့ လုပ်ရပ်တစ်ခု အပေါ် အကြီးအကျယ် နောင်တရမိကြောင်း ဝန်ခံလိုက်တဲ့ ဖာဘရီဂက်စ်

အာဆင်နယ် အသင်း ခေါင်းဆောင်ဟောင်း ဖာဘရီဂက်စ် က ၂၀၁၁ ခုနှစ်တုန်းကဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ခွင့် ရဖို့ရာ ဆရာ ဖြစ်သူ အာဆင်ဝင်းဂါး ကို ဖိအားပေး တောင်းဆိုခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်ကို အကြီးအကျယ် နောင်တ ရမိကြောင်း ဝန်ခံ လိုက်ပါတယ် ။

ဖာဘရီဂက်စ် ဟာ ဘာစီလိုနာ အသင်းရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီမှာ ခြောက်နှစ်ကြာ ကစားပြီးနောက် ၂၀၀၃ ခုနှစ်မှာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ ရောက်ရှိ လာခဲ့ပါတယ်။ ဖာဘရီဂက်စ်ဟာ အသက် ၁၆ နှစ် အရွယ်မှာတင် အာဆင်နယ် အသင်းအတွက် ပွဲထွက် ကစားခွင့် ရခဲ့ပြီး အသင်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမား အဖြစ်လည်း စံချိန် မှတ်တမ်း စိုက်ထူနိုင်ခဲ့ပါတယ် ။

ဖာဘရီဂက်စ် ဟာ အာဆင်နယ် အသင်းမှာ ရှစ်နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ပွဲပေါင်း ၂၀၉ ပွဲ ကစားပေးခဲ့ပါတယ် ။ ၂၀၁၁ ခုနှစ်မှာတော့ ဖာဘရီဂက်စ် ဟာ အသင်းဟောင်း ဘာစီလိုနာ အသင်းထံ ပြန်လည် ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

အဲ့အချိန်တုန်းက အာဆင်ဝင်းဂါး ဟာ ဖာဘရီဂက်စ် ကို အသင်းမှာ ဆက်နေဖို့ ဖျောင်းဖျ ခဲ့ပေမယ့် စပိန်သားကတော့ လက်မခံခဲ့ဘဲ သူ့ရဲ့ အသင်းဟောင်းကို ပြန်လည် ပြောင်းရွှေ့ သွားခဲ့တာပါ ။ ” ကျနော် အခုထိ တွေးမိတိုင်း ယူကြုံးမရဖြစ်မိတာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ အာဆင်းကို ဖိအားပေး တိုက်တွန်း တောင်းဆိုခဲ့တာကိုပါပဲ ။ ”

“အာဆင်းက ကျနော့်ကို အရာအားလုံး ပေးအပ်ခဲ့သူ ၊ ၁၆ နှစ်သား တစ်ယောက်ကို ယုံယုံကြည်ကြည်နဲ့ ပွဲထွက် ကစားခွင့်​ ပေးခဲ့သူ ၊ ကျနော် အသက် ၁၇ နှစ်အရွယ်မှာတင် ပွဲကြီးတွေမှာ ပါဝင် ကစားခွင့် ပေးခဲ့သူ ၊ စပိန်လက်ရွေးစင် အသင်းကြီးမှာ ပွဲထွက် ကစားခွင့်ရအောင် ကူညီပေးခဲ့သူပါ ။ ”

” သူ့(အာဆင်း)ကြောင့်သာ မဟုတ်ရင် ကျနော့်လို ၁၉ နှစ် အရွယ် ကောင်လေးကို စပိန် နည်းပြ အာရာဂိုးနက်စ် က ကမ္ဘာ့ဖလား လူစာရင်းမှာ ရွေးချယ်မှာ မဟုတ်ပါဘူး ၊ သူ့ဆီမှာ ကျနော် ကျေးဇူးကြွေးတွေ အများကြီး တင်နေတာကို သိပါတယ် ။ ”

” သူ့ရဲ့ ယုံကြည်မှု နဲ့ ထိုက်တန်အောင်လည်း ကျနော် အပြင်းအထန် ကြိုးစား ခဲ့တယ်လို့ ကိုယ့်ကိုယ်ကို ထင်ပါတယ် ၊ ဒါပေမယ့် သူနဲ့ ပတ်သက်ပြီး ကျနော် စိတ်မကောင်း ဖြစ်မိတာက ၂၀၁၁ ခုနှစ်တုန်းက အသင်းကနေ ထွက်ခွာခွင့်ရဖို့ ဖိအားပေးခဲ့တာပါပဲ ၊ အဲ့ဒီလုပ်ရပ် အပေါ် ကျနော် ဘယ်တော့မှ ဂုဏ်မယူမိပါဘူး ။ ”

” အာဆင်းက အရမ်း အရမ်းကို ရိုးသားတဲ့ လူကြီးလူကောင်းပါ ၊ ထူးချွန်သလို ကျနော့်အပေါ် အရမ်းကောင်းခဲ့ပါတယ် ။ ကျနော် သူနဲ့ ဆုံခွင့်ရတာ ကံကောင်းတယ်ပဲ ဆိုရမှာပါ ၊ နည်းပြတိုင်းက တစ်ယောက်နဲ့ တစ်ယောက် ပုံစံ စရိုက်ချင်း မတူကြပါဘူး ။ ”

” အာဆင်းက ကျနော့် အရည်အသွေးတွေကို စိတ်ကြိုက် ထုတ်ဖော် ပြသနိုင်ဖို့ လွတ်လွတ်လပ်လပ် ကစားခွင့် ပြုခဲ့ပါတယ် ၊ ကျနော် လူငယ် ကစားသမား ဘဝ တုန်းကလည်း ဖိအား လုံးဝ မပေးခဲ့ပါဘူး ၊ ကျနော့်အပေါ် အကောင်းမြင်စိတ် ရှိသလို ကျနော် လုပ်နိုင်တာတွေကိုလည်း သူ ကောင်းကောင်း သိပါတယ် ။ ဘာတွေ လုပ်ပြဖို့ လိုတယ်လို့ မပြောသလို ကိုယ်ပိုင်ဟန် အတိုင်းပဲ ကစားစေခဲ့သူပါ ။ ”

” အာဆင်း ခေါ်ယူလိုက်တဲ့ ကစားသမား တိုင်းက ပွဲ အခြေအနေကို ကောင်းကောင်း နားလည် သဘောပေါက်ကြတဲ့သူတွေ ချည်းပါပဲ ၊ ကျနော် အမှားတွေ အများကြီး လုပ်ခဲ့တာလည်း ရှိပေမယ့် အဲ့တုန်းက အသင်းက အရမ်းကောင်းတော့ ကျနော့်အမှားက မသိသာခဲ့ပါဘူး ၊ ကျနော်သာဆိုးရွားတဲ့ အသင်းမှာ ကစားနေရရင် အမှားတွေက မြင်သာနေမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR