လီဗာပူး တစ်သင်းလုံးကို သဘောကျတယ် လို့ ဆိုလိုက်တဲ့ ဘက်စ်ကက်ဘော အကျော်အမော် လီဘရွန် ဂျိမ်း

လီဘရွန် ဂျိမ်း ဆိုတဲ့ နာမည်ကို ဘောလုံး ပရိသတ်တိုင်းက ရင်းနှီးမှု ရှိထားပြီးသား ဖြစ်မယ် ထင်ပါတယ်။ သူဟာ အားကစား လောက ရဲ့ ပြယုဂ် တစ်ခု ဖြစ်သလို ၊ NBA ချန်ပီယံ ဆုကိုလဲ 3 ကြိမ် အထိ ဆွတ်ခူးထားတဲ့ သူပါ။

ကမ္ဘာတစ်ဝန်းလုံး အားကစားပွဲတွေ ရပ်နားထားချိန်မှာတော့ ဂျိမ်းဟာလဲ အိမ်ထဲမှာ သီးသန့် အနားယူ နေရပါတယ်။ သို့သော် ကစားသမားတွေ ရဲ့ ထုံးစံအတိုင်း ပရိသတ်တွေ ကို အွန်လိုင်းကနေ Live လွင့် တွေ့ဆုံကာ သိလိုသမျှ မေးခွန်းတွေကို ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

 

အဲဒီ အထဲမှာ ဘောလုံး လောက နဲ့ ပတ်သက်လို့ သူအကြိုက်ဆုံး ကစားသမားတွေ ကို မေးမြန်းရာမှာတော့ အောက်ပါ အတိုင်း ပြန်လည် ဖြေကြားသွားခဲ့ ပါတယ်။

“ ကျနော်က ဘောလုံး ပွဲတွေ ကြိုက်တယ်ဗျ။ ဒီတော့ ကိုယ်ကြိုက်တဲ့ ကစားသမားတွေ ရှိတာပေါ့ဗျာ။
ပထမဆုံး အနေနဲ့ လီဗာပူး တစ်သင်းလုံး ကြိုက်တယ်ဗျာ ။ ဘာမှ စဉ်းစား စရာ မလိုလောက်အောင်ကို သဘောကျတာ ပါ။

ပြီးရင်တော့ ဘာပေ ၊ နေမာ ၊ ရိုနာဒို တို့ကို သဘောကျပါတယ်။ ဒီကစားသမားတွေ ဟာ ဂန္တဝင်တွေပါ။ အရမ်းလဲ ချစ်ပါတယ်။ ရိုနာဒို ကို ချစ်တယ် ၊ နေမာကိုလဲ ချစ်တယ် ။ ဘာပေ ကိုလဲ ချစ်တယ်ဗျာ။

နောက်ထပ်လဲ နည်းနည်း ကျန်သေးတယ်ဗျ။ မက်ဆီ။ မပါလို့ မဖြစ်ဘူးလေ။ ဇလာတန် လား။ ဒီကောင်ကြီးက နည်းနည်းတော့ ဆိုးတယ်ဗျာ…တကယ်ပါ ဒါပေမယ့် ကစားပုံကတော့ တော်တော်ကောင်းတယ်နော်” လို့ ပြန်လည် ဖြေကြားသွားခဲ့ ပါတယ်။

လီဘရွန် ဂျိမ်းဟာ ဘာဖြစ်လု့ိ လီဗာပူး တစ်သင်းလုံး ကို သဘောကျနေမိတာလဲ ဆိုတဲ့ နောက်ကွယ်မှာ အကြောင်းပြချက်က အကြီးကြီး ရှိနေပါတယ်။

အဲဒါ ကတော့ သူဟာ လီဗာပူး ရဲ့ ရှယ်ယာ အနည်းငယ် ကို ပိုင်ဆိုင်ထားတဲ့ သူ ဖြစ်နေခြင်း ပါပဲ။

FSG ဟာ 2010 ခုနှစ် က လီဗာပူး ကို ဝယ်ယူခဲ့တာ ဖြစ်ပြီး ၊ 2011 ခုနှစ် မှာတော့ လီဘရွန် ဂျိမ်း က အသင်းရဲ့ ရှယ်ယာ 2% ကို ဒေါ်လာ 6.5 သန်း နဲ့ ပြန်လည် ဝယ်ယူခဲ့ပါတယ်။

လက်ရှိ လီဗာပူး ရဲ့ တန်ဖိုးကို ဒေါ်လာ 1.6 ဘီလီယံ နှုန်းထားပြီး တွက်ကြည့်လိုက်မယ် ဆိုရင် ၊ ဂျိမ်း ရဲ့ ရှယ်ယာ တန်ဖိုး ဟာ ဒေါ်လာ 32 သန်း အထိတောင် မြင့်တက် သွားခဲ့ပါပြီ။ 9 နှစ် အတွင်း 5 နီးပါး အထိ မြင့်တက်လာခဲ့တဲ့ စီးပွားရေး ဆိုင်ရာ အမျှော်အမြင် ကြီးမားမှု ကတော့ တကယ်ကို ချီးကျူးချင်စရာပါ။

ဒါ့အပြင် လီဗာပူး ဟာ ပြီးခဲ့တဲ့ လပိုင်း အတွင်းကပဲ အားကစား ပစ္စည်း ထုတ်လုပ်သူ Nike နဲ့ စပွန်ဆာ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အဲဒီလို ချုပ်ဆိုနိုင်ဖို့ အတွက် နောက်ကွယ်ကနေ တွန်းအားပေးမှုတွေ ထဲမှာ လီဘရွန် ဂျိမ်း ရဲ့ အရှိန်အာဝါသတွေလဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ Nike ရဲ့ ပင်တိုင်စံ ကစားသမား တစ်ယောက် ဖြစ်ပြီး ၊ သူပိုင် လုပ်ငန်း တစ်ခုနဲ့ လက်တွဲ့ ဖို့ အတွက် တစ်ထောင့် တစ်နေရာကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီ စာချုပ်ဟာ တစ်နှစ် အတွက် ပေါင် သန်း 40 ဝန်းကျင်သာ ရရှိမှာ ဖြစ်ပြီး ၊ ဂျာစီ ရောင်းရငွေ ရဲ့ 20% ကိုလဲ ဆက်လက် ရရှိမှာ ဖြစ်ပါတယ်။ ပုံမှန် အားဖြင့်တော့ ကလပ်အသင်းတွေဟာ ဂျာစီ ရောင်းရငွေ ရဲ့ 7.5% သာ ရရှိကြတာပါ။

ဒါ့အပြင် ချန်ပီယံလိဂ် ဗိုလ်စွဲပါက ဘောနပ်ဆု 4 သန်း ၊ ချန်ပီယံလိဂ် ဒုတိယ ရရှိပါက 2 သန်း နဲ့ ပရီးမီးယားလိဂ် ဗိုလ်စွဲပါက 2 သန်း အသီးသီး ရရှိသွားဦးမှာ ဖြစ်ပါတယ်။

SM