ကလပ်အသင်းတွေ ရဲ့ အကျပ်အတည်းမှာ FFP စည်းမျဉ်း က ဘယ်လို ဖြေလျှော့မှုတွေ ပေးသွားမှာလဲ?

လက်ရှိ ဘောလုံး လောကရဲ့ အကျပ်အတည်းဟာ ဒုတိယ ကမ္ဘာစစ် အပြီးမှာ အဆိုးဝါးဆုံး အကျပ်အတည်း တစ်ခုလို့ မှတ်တမ်းတွေက ဖော်ပြထားပါတယ်။

လက်ရှိ အနေအထားမှာ ကလပ်အသင်းကြီးတွေ က တောင့်ခံနိုင်ဖို့ အလားအလာ ရှိပေမယ့် ၊ အသင်းငယ်လေးတွေ မှာတော့ အသက် ကယ်ပေါက် က ဘယ်မှန်းတောင် မသိသေးကြပါဘူး။ အထူးသဖြင့် ဥရောပ ထိပ်သီးလိဂ် 5 ခု အတွင်းမှာတော့ သူဌေးကြီးတွေ ပိုင်ဆိုင်တဲ့ ကလပ်တွေက ဆက်လက်ရင်ဆိုင်ဖို့ အင်အားတောင့်ပေမယ့် ၊ ကလပ်အသင်း ပရိသတ်တွေ အများစု ပိုင်ဆိုင်ထားတဲ့ ကလပ်တွေ ကတော့ စိန်ခေါ်မှုတွေ ရှိနေကြဆဲပါ။

ဒီမနက်မှာ ဘာစီလိုနာ လို အသင်းမျိုးတောင် ကစားသမားတွေကို လစာ လျှော့ယူခိုင်းဖို့ လုပ်နေတဲ့ သတင်းမျိုး ထွက်လာသလို ၊ အီတလီ ဘောလုံး အဖွဲ့ချုပ်ကလဲ သူတို့ နိုင်ငံ အတွင်းမှာ ရှိတဲ့ ဘောလုံးသမားတွေ အားလုံးကို အလားတူ ပုံစံမျိုး နဲ့ မေတ္တာရပ်ခံ သွားတော့မယ်လို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိ ဘဏ္ဍာရေး အကျပ်အတည်းဟာ UEFA က ချမှတ်ထား တဲ့ FFP စည်းမျဉ်း အပေါ် သေချာပေါက် ရိုတ်ခတ်လာတော့မှာ ဖြစ်ပါတယ်။

2011 ခုနှစ် က မိတ်ဆက် ခဲ့တဲ့ အဲဒီ FFP စည်းမျဉ်းမှာ ကလပ် အသင်း တစ်သင်းဟာ နောက်ဆုံး 3 နှစ် အတွင်း အသင်းရဲ့ ဘဏ္ဍာရေး လည်ပတ်မှုဟာ အရှုံးငွေ ယူရို သန်း 30 အထိ မပိုရဘူးလို့ ပြဌာန်း ထားတာ ဖြစ်ပါတယ်။ သို့သော် အဲဒီ အထဲမှာ ကလပ်အသင်း အကယ်ဒမီ တည်ဆောက်ရေး ၊ လူမှု အကျိုးပြု လုပ်ငန်း ၊ ကွင်းတည်ဆောက်မှု နဲ့ အမျိုး သမီးအသင်းတွေ မှာ သုံးစွဲခွင့်ကိုတော့ ပိုင်ရှင်တွေ စိတ်ကြိုက် လုပ်ဆောင်ခွင့် ပေးထားပြီး ၊ စီနီယာ အသင်းကြီး အတွက်ကိုပဲ သီးသန့် ကန့်သတ် ထားတာဖြစ်ပါတယ်။

ဒီနှစ် အတွက် ပေးဆောင်ရမယ့် ဘဏ္ဍာရေး ရှင်းတမ်းတွေ (အခွန်ပေးဆောင်မှု ၊ အပြောင်းအရွှေ့ အသုံးစာရိတ် ၊ ကစားသမား လစာပေးချေမှု) ကို မတ်လ 31 ရက်နေ့ နောက်ဆုံး သတ်မှတ်ထားခဲ့ပေမယ့် ၊ အဲဒီ ရက်ကို ဧပြီ လ 30 ရက်နေ့ အထိ UEFA က ရွှေ့ဆိုင်းပေးလိုက်ပါတယ်။

အဓိပ္ပါယ် ကတော့ ကလပ်အသင်းတွေ အနေနဲ့ လက်ရှိ ကစားသမားတွေ ရဲ့ လစာ လျှော့ယူမှုတွေ ကို ထည့်သွင်း တွက်ချက်လို့ ရအောင် အချိန်ဆွဲပေးလိုက်တာ ဖြစ်ပြီး ၊ FFP ကိစ္စ ကို ရှောင်းရှား နိုင်အောင် နည်းလမ်း တစ်မျိုး နဲ့ လမ်းဖွင့်ပေးလိုက်တာပါ။

ဒါ့အပြင် FFP စည်းမျဉ်း ပြဌာန်းချက်မှာလဲ သာမန် မဟုတ်တဲ့ အခြေအနေတွေ ၊ အကျပ်အတည်းတွေ နဲ့ ရင်ဆိုင်လာခဲ့ရင် ၊ ကလပ် အသင်းတွေ အနေနဲ့ သီးခြား ခွင့်ပြုချက် ရယူခွင့် ရှိတယ်လို့ ဖော်ပြထားပြီး ၊ အထူးစုံစမ်း စစ်ဆေးရေး ကော်မရှင် က ဝင်ရောက် စစ်ဆေးကာ ဆုံးဖြတ်ချက် ရယူခွင့် ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ အကြောင်းအရင်းကြောင့်ပဲ လက်ရှိ ကော်ရိုနာ ဗိုင်းရပ် ကိစ္စဟာ FFP ကို ဒီရာသီ အတွက် ပ လပ် စရာ မလိုဘူးလို့ အင်္ဂလန် က နာမည်ကြီး သတင်းထောက်တွေ က သုံးသပ်လိုက်ပြီး ၊ သီးသန့် Case တစ်ခု အနေနဲ့ တင်ပြကာ ဘဏ္ဍာရေး ရှင်းတမ်းကို ထည့်သွင်းခွင့် ရှိတယ်လို့ ဆိုပါတယ်။

အင်္ဂလန်မှာတော့ အစိုးရက ကလပ် အသင်းငယ်တွေ ကို အတိုးမဲ့ ချေးငွေတွေ ထုတ်ပေးဖို့ စီစဉ်ထားသလို ၊ EFL ကလဲ ပေါင် သန်း 50 အထိ မျှေ၀ ကူညီပေးဖို့ လုပ်ဆောင်နေတာကြောင့် ၊ အခြား နိုင်ငံတွေထက် စာရင် အထိနည်းမယ်လို့ ယူဆရပါတယ်။ သို့သော် ကလပ် အသင်းငယ်တွေ အားလုံးဟာ မျက်ဖြူဆိုက်ကိန်း က ရင်ဆိုင်နေရဆဲပါ။

အထူးသဖြင့် ကွင်းဝင်ကြေးကို မှီခို အားထားနေရတဲ့ ကလပ်အများစုဟာ ၊ ဘယ်အချိန်ရောက်မှ ပုံမှန် အခြေအနေ ပြန်ဖြစ်မလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို မသိရသေးခင် အချိန်ထိ စိုးရိမ်မှုတွေ နဲ့ ဖြတ်သန်းနေရဆဲ ဖြစ်ပါတယ်။

SPORTS MYANMAR